HomeCelebs Update NewsInternationalDrax ဇာတ်ရုပ်ကနေ အနားယူရလို့ စိတ်သက်သာရာရသွားပြီဆိုတဲ့ Dave Bautista

Drax ဇာတ်ရုပ်ကနေ အနားယူရလို့ စိတ်သက်သာရာရသွားပြီဆိုတဲ့ Dave Bautista

Dave Bautista ကတော့ ရုပ်ရှင်လောကမှာ တစ်နေ့တစ်ခြား အောင်မြင်မှုတွေ ပိုမိုရရှိလာနေပါပြီ။ မကြာသေးမီကမှ ထွက်ရှိထားတဲ့ Glass Onion ဇာတ်ကားနဲ့အတူ ၂၀၂၃ ခုနှစ်မှာတော့ နောက်ထပ် ပရောဂျက်အသစ်တွေ ရရှိထားပါသေးတယ်။ သို့သော်လည်း သူ့ကိုရုပ်ရှင်လောကမှာ နာမည်တစ်လုံး ရရှိစေခဲ့တဲ့ Guardians of the Galaxy ထဲက Drax ဇာတ်ရုပ်ကိုတော့ နှုတ်ဆက်ထွက်ခွာသွားတော့မှာ ဖြစ်ပါတယ်။

မကြာခင် ထွက်ရှိလာတော့မယ့် Guardians of the Galaxy Vol.3 ဟာ Bautista ရဲ့ Drax အဖြစ် သရုပ်ဆောင်ထားတဲ့ နောက်ဆုံးဇာတ်ကားဖြစ်ပြီး သူဟာ Marvel Cinematic Universe ကိုပါ နှုတ်ဆက်ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ Bautista ဟာ Drax ဇာတ်ကောင်အဖြစ် ဆယ်နှစ်ခန့် သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး MCU ပရောဂျက် (၇)ခုမှာ ပါဝင်ခဲ့ပေမယ့် နောက်ဆုံး နှုတ်ဆက်ထွက်ခွာရခြင်းဟာ သူ့အတွက်တော့ စိတ်သက်သာရာတစ်ခု ဖြစ်တယ်လို့ ဆိုထားပါတယ်။

Photo Credit: Marvel Studios/ Disney Studios

“Drax အဖြစ် သရုပ်ဆောင်ခဲ့ရလို့ သိပ်ကိုကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီဇာတ်ကောင်ကို ချစ်ပါတယ်။ ဒါပေမယ့် ပြီးသွားပြီဆိုတော့လည်း စိတ်ထဲမှာ ပေါ့ပါးသွားတာပေါ့ဗျာ။ ဒီဇာတ်ရုပ်ကို သရုပ်ဆောင်ရတာ ပျော်စရာချည်းပဲတော့ မဟုတ်ပါဘူး။ ဒီဇာတ်ကောင်ဟာ ခက်ခဲပါတယ် …”

“အထူးမိတ်ကပ်တွေ အဆင့်ဆင့်လိမ်းရတာကြီးက ကျွန်တော့်အတွက်တော့ အီစလံဝေပါတယ်။ နောက်ပြီး ကျွန်တော့်ရဲ့နာမည်ကို Drax အဖြစ်နဲ့ ချန်ခဲ့ဖို့ဆိုတာလည်း စိတ်ထဲမှာ သိပ်တော့မသေချာပါဘူး။ တကယ့် အူကြောင်ကြောင်နေရာက သရုပ်ဆောင်ထားရတာလေ။ ကျွန်တော်က ဒရာမာဇာတ်ရုပ်တွေကို ပိုလုပ်ချင်တာပါ …”လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ GQ မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ Bautista က ပြောသွားပါတယ်။

Photo Credit: Marvel Studios/ Disney Studios

ဒါ့အပြင် ၂၀၂၃ ခုနှစ်မှာ ရိုက်ကူးရမယ့် သူ့ရဲ့ပရောဂျက်အသစ်တွေဟာ Marvel အလွန်က သူ့ရဲ့သရုပ်ဆောင်ဘဝကို ပုံဖော်ဖို့ အားရစရာကောင်းတယ်လို့လည်း ပြောထားပါသေးတယ်။ Bautista ဟာ ဒါရိုက်တာ M. Night Shyamalan ရဲ့ လက်ရှိ ရိုက်ကူးနေတဲ့ Knock at the Cabin ရုပ်ရှင်မှာလည်း ပါဝင်ထားပါတယ်။

“ဒီကားကတော့ ကျွန်တော် ရိုက်ပြီးသမျှ ကားတွေထဲမှာ စကားအပြောရဆုံးပါပဲ။ ဒိုင်ယာလော့ခ်တွေ စာမျက်နှာနဲ့ချီပြီး အများကြီးပဲ ပါပါတယ်။ ပြီးတော့ ကျွန်တော်တို့က အခုဖလင်နဲ့ ရိုက်နေကြတာပါ။ အဲဒါက အရမ်းကိုစျေးကြီးပါတယ်။ ပြီးတော့ ကင်မရာကလည်း တစ်လုံးတည်းနဲ့ ရိုက်တာပါ …”

“အဲဒီတော့ လွယ်လွယ်ကူကူပဲ edit ပြန်လုပ်လို့ရတယ်ဆိုတာမျိုး မရှိပါဘူး။ ဒီတော့ တစ်ခါတည်း အကောင်းဆုံးရအောင် လုပ်ရတာပေါ့။ ပြောရရင် ဖိအားကတော့ တော်တော်လေး များပါတယ်။ ဒိုင်ယာလော့ခ်ကိုလည်း မှတ်မိအောင် လုပ်ရတယ်။ ကိုယ်သရုပ်ဆောင်ရမယ့် စိတ်ခံစားချက်တွေကိုလည်း ပျောက်သွားလို့ မရဘူးပေါ့ …” လို့ Bautista က လက်ရှိ ရိုက်ကူးနေတဲ့ ရုပ်ရှင်အကြောင်း ပြောသွားပါတယ်။

Photo: davebautista/ Instagram

ဒါ့အပြင် ဒါရိုက်တာ Denis Villeneuve အပေါ်ထားတဲ့ သူ့ရဲ့အမြင်နဲ့ လေးစားမှု၊ ဟောလိဝုဒ်မှာ နာမည်ကျော်ကြားမှုထက် ပိုကောင်းတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်ရုံသာရှိတဲ့ သူ့ရဲ့ဆန္ဒတို့ကိုပါ ပြောပြသွားပါသေးတယ်။

“Denis နဲ့ callsheet မှာ နံပါတ်(၁) ဖြစ်နိုင်ပြီဆိုရင် အဲဒီကားကို ကျွန်တော် အလကားရိုက်ပေးမယ်ဗျာ။ အဲဒါမှ ကျွန်တော် ဘယ်လောက်ထိကောင်းအောင် လုပ်နိုင်မယ်ဆိုတာ ကိုယ့်ဘာသာ သိလာမယ်ထင်လို့လေ။ Denis ကတော့ ကျွန်တော့်ဆီမှာ ရှိသမျှအားလုံးကို အကောင်းဆုံး ဆွဲထုတ်ပေးနိုင်တဲ့သူပေါ့။ သူက ကျွန်တော့်ကို မတူညီတဲ့ပုံစံနဲ့ မြင်ပေးတယ်။ ကျွန်တော် ဖြစ်ချင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် အဖြစ်လည်း သူက မြင်ပေးတယ်။ အဲဒီလိုနဲ့ပဲ ကျွန်တော်ကတော့ အဖြေထုတ်နိုင်မယ် ထင်တာပဲ …”

“ပြီးတော့ အရှင်းဆုံး ပြောရရင် ရုပ်ရှင်လောကမှာ ကြယ်တစ်ပွင့် ဖြစ်လာမလားဆိုတာတော့ စိတ်ဝင်စားတယ်။ ဒါပေမယ့် ကျွန်တော်က အရမ်းခမ်းနားတဲ့ဘဝမျိုးနဲ့ နေနေတာ မဟုတ်ဘူးလေ။ ကျွန်တော်က ဒီ Tampa မှာပဲ နေတာလေ။ spotlight လည်း မလိုချင်ပါဘူး။ ကျော်ကြားမှုကိုလည်း ဂရုမစိုက်ပါဘူး။ ပိုကောင်းတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ချင်တာ။ ကျွန်တော့်ပတ်ဝန်းကျင်က လူ‌တွေရဲ့ လေးစားမှုကို ရချင်တယ်။ ဆုတွေဘာတွေလည်း မလိုချင်ပါဘူးဗျာ။ တကယ်ပြောတာ။ ပြောရရင် ဒီအတွေ့အကြုံကြီးကိုပဲ လိုချင်တာ။ ကိုယ်လောက် လုပ်နိုင်တယ်ဆိုတာမျိုးပေါ့ …”လို့ သူက ပြောထားပါတယ်။

Glasgow

Source: variety

RELATED ARTICLES

Most Popular