HomeCelebs Update NewsInternationalJohnny Depp နဲ့ Amber Heard တို့ရဲ့အမှုက အံ့ဩစရာအကောင်းဆုံး ထွက်ဆိုချက်များ

Johnny Depp နဲ့ Amber Heard တို့ရဲ့အမှုက အံ့ဩစရာအကောင်းဆုံး ထွက်ဆိုချက်များ

ခင်ပွန်းဟောင်းဖြစ်သူ Johnny Depp က ဇနီးဟောင်းဖြစ်သူ Amber Heard ကို စွဲဆိုထားတဲ့ အသရေဖျက်မှုကတော့ ယခုလက်ရှိအချိန်ထိ တရားရုံးမှာ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ အတွင်းရေး အချက်အလက် အသေးစိတ်တွေကတော့ တရားရုံးကို အပြန်အလှန် တင်ပြထားကြပြီး အမှုရဲ့ ကြားနာမှုအားလုံးကိုလည်း အများပြည်သူ ကြည့်ရှုဖို့ရာ လွှင့်ထုတ် ပြသနေပါတယ်။ သူတို့နှစ်ဦးရဲ့ အပြန်အလှန် ထွက်ဆိုချက်တွေထဲမှာ ပရိသတ်တွေအားလုံးကို အံ့အားသင့်သွားစေတဲ့ အချက်တွေလည်း ပါဝင်နေပါတယ်။

ဖြစ်စဉ်ကို အကျဉ်းချုံး ပြောရရင်တော့ Amber Heard ဟာ ၂၀၁၈ ခုနှစ်တုန်းက The Washington Post သတင်းစာမှာ အိမ်တွင်းအကြမ်းဖက်မှုက လွတ်မြောက်လာသူတစ်ယောက်ရဲ့ အတွေ့အကြုံ၊ ခံစားမှုတွေအကြောင်း ဆောင်းပါးတစ်စောင် ရေးသားခဲ့ပါတယ်။ ဒါဟာ သူမနဲ့ Depp ရဲ့ အိမ်ထောင်ရေးက ဖြစ်ရပ်တွေကို ရည်ညွှန်းပြီး မှီငြမ်းရေးသားထားတာ ဖြစ်ပေမယ့် Heard ကတော့ သူမကို ကျူးလွန်ခဲ့သူဟာ Johnny Depp ပါလို့ အဆိုပါ ဆောင်းပါးထဲမှာ အမည်တပ်ပြီး ရေးသားထားခြင်း မရှိခဲ့ပါဘူး။

သို့သော်လည်း Heard ရဲ့ ရေးသားမှုဟာ သူ့ကို ရည်ညွှန်း ပြောဆိုထားပြီး ဂုဏ်သိက္ခာ ထိခိုက်စေတယ်လို့ ယူဆတဲ့အတွက် Depp ကတော့ ၂၀၁၉ ခုနှစ်မှာ ဒေါ်လာသန်း(၅၀)တန် အသရေဖျက်မှုကို တရားစွဲဆိုခဲ့ပါတယ်။ သို့ပေမယ့်လည်း ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားလာတဲ့အတွက် ဒီအမှုဟာ တရားရုံးမှာ ရင်ဆိုင်ဖို့ ရက်တွေ ရွှေ့ဆိုင်းခဲ့ရပြီး ယခုနှစ် ဧပြီလ(၁၁)ရက်နေ့ကျမှသာ ဗာဂျီးနီးယားပြည်နယ်၊ Fairfax ခရိုင်က တရားရုံးမှာ စတင်ကြားနာ စစ်ဆေးခွင့် ရခဲ့ပါတယ်။

Photo: dailyfannofficial/ Instagram

ဒီအမှုမတိုင်ခင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာတော့ Depp ဟာ ယူကေ သတင်းစာတစ်စောင် ဖြစ်တဲ့ The Sun ကို အမှုရှုံးနိမ့်ခဲ့ပါသေးတယ်။ အဲဒါကတော့ The Sun သတင်းစာဟာ Depp ကို “မိန်းမကို ရိုက်နှက်သူ”လို့ ခေါင်းစဉ်တပ်ပြီး ခေါင်းကြီးပိုင်းမှာ ဆောင်းပါးရေးသားခဲ့တာကြောင့် Depp ဘက်က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း ဒီအမှုမှာတော့ တရားရုံးဟာ တင်သွင်းလာတဲ့ သက်သေတွေအရ ထွက်ဆိုချက်တွေဟာ မှန်ကန်တယ်လို့ အမိန့်ချမှတ်ခဲ့ပြီး Depp ဘက်က ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီအမှုရဲ့ သက်သေ တင်ပြချက်တွေအတွက် Heard ကတော့ တရားရုံးမှာ ထွက်ဆိုပေးခဲ့ပါတယ်။ ဒီအမှု စီရင်ချက်ချပြီးနောက်မှာပဲ Depp ဟာ အမှုကို အစက ပြန်လည် စစ်ဆေးပေးဖို့အတွက် အယူခံဝင်ခဲ့ပေမယ့် တရားရုံးကတော့ ဒီအဆိုကို ပယ်ချခဲ့ပါတယ်။

ယခုလက်ရှိ အသရေဖျက်မှုမှာတော့ Depp ဟာ ဇနီးဟောင်းဖြစ်သူ Heard ကို တိုက်ရိုက် တရားစွဲထားတာ ဖြစ်ပြီး အမေရိကန် ဒေါ်လာသန်း(၅၀)တန် လျော်ကြေးလည်း တောင်းခံထားပါတယ်။ Depp ကတော့ သူ့ရဲ့ အဓိကပန်းတိုင်ဟာ “အမှန်တရား”သာ ဖြစ်ပြီး သူ့ရဲ့နာမည်နဲ့ ဂုဏ်သိက္ခာကို ပြန်လည် ရယူဖို့အတွက် အခုလို တရားစွဲရတာလို့ ထွက်ဆိုထားပါတယ်။

Photo: zorinstv/ Instagram

Heard ဟာ Depp ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်တယ်လို့ စွပ်စွဲထားပါတယ်။

၂၀၂၀ ခုနှစ်က The Sun နဲ့ အမှုမှာတည်းက သက်သေတချို့တော့ တင်သွင်းခဲ့တာ ရှိပေမယ့် ယခုအမှုရဲ့ အဖွင့်ကြားနာမှုကျမှသာ သူမအနေနဲ့ Depp ဆီက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားခဲ့ရတယ်လို့ ထွက်ဆိုလာတာ ဖြစ်ပါတယ်။ သူမရဲ့ရှေ့နေ Ben Rottenborn ရဲ့ တရားရုံးမှာ ပြောကြားချက်အရ Heard ဟာ ခင်ပွန်းဟောင်းဖြစ်သူ Depp ဆီကနေ ပုံစံမျိုးစုံနဲ့ အကြမ်းဖက်မှုကို ခံစားခဲ့ရတယ်လို့ ဆိုထားပါတယ်။ ဒီနေရာမှာတော့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေအပြင် နှုတ်အားဖြင့် အကြမ်းဖက် ပြောဆိုခြင်းတွေပါ ပါဝင်တယ်လို့ ပြောထားပါတယ်။

ဒီစွပ်စွဲမှုနဲ့ ပတ်သက်ပြီး Depp ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကတော့ စိတ်ကူးယဉ်ဆန်တဲ့ စွပ်စွဲချက်သာ ဖြစ်တယ်လို့ ငြင်းဆိုထားပြီး Heard အနေနဲ့ သူမ ကျွမ်းကျင်တဲ့ နည်းလမ်းအတိုင်း ဟောလိဝုဒ်မှာ လူအများ အံ့အားသင့်သွားအောင် လှည့်စားနေခြင်းသာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Photo: itsjohnnydepp/ Instagram

Depp ဟာ Heard ကို ပုပ်သိုးနေတဲ့ အလောင်းကောင်ကြီးလို့ ဖုန်းမက်ဆေ့ချ်ထဲမှာ ရေးသားခဲ့ပါတယ်။

Depp နဲ့ Heard တို့ကြားမှာ ပေးပို့ခဲ့တဲ့ ဖုန်းမက်ဆေ့ချ် အစောင်ပေါင်းများစွာကို တရားရုံးမှာ ဖတ်ပြခဲ့ကြပါတယ်။ အဲဒီထဲက တစ်ခုကတော့ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ သူ့ရဲ့သူငယ်ချင်းဖြစ်သူ Isaac Baruch ဆီကို Depp ရေးသားခဲ့တဲ့ မက်ဆေ့ချ်တစ်စောင်ပဲ ဖြစ်ပါတယ်။ အဆိုပါ မက်ဆေ့ချ်ထဲမှာတော့ “အဲဒီသောက်ကောင်မရဲ့ ပုပ်သိုးနေတဲ့ အလောင်းကြီးက ဟွန်ဒါစီဗစ်ကားရဲ့ နောက်ဖုံးထဲမှာ ဆွေးနေပြီလို့ ထင်တာပဲ..” လို့ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် သရုပ်ဆောင် Paul Bettany ဆီကို ပေးပို့တဲ့ နောက်ထပ် မက်ဆေ့ချ်တစ်စောင်မှာတော့ Heard ကို ရေနှစ်သတ်ပြီး မီးရှို့ပစ်မယ်လို့ ရေးသားခဲ့ပါတယ်။ “သူ သေပြီလားဆိုတာ သေသေချာချာ စစ်ဆေးကြည့်ပြီးရင် သူ့ရဲ့ သောက်အလောင်းကြီးကို မီးရှို့ပစ်မယ်” လို့လည်း ရေးသားခဲ့ပါတယ်။ ဒီမက်ဆေ့ချ်တွေနဲ့ ပတ်သက်ပြီး cross examination ကဏ္ဍမှာတော့ Depp ဟာ အဲဒီလို ညစ်ညမ်းတဲ့ အသုံးအနှုန်းတွေ သုံးနှုန်းခဲ့မိတဲ့အတွက် အရှက်ရမိတဲ့အကြောင်း ထွက်ဆိုထားပါတယ်။

Photo: amberheard/ Instagram

Heard ကို သဘောမကျတဲ့အတွက် သမီးဖြစ်သူက မင်္ဂလာပွဲကို မလာကြောင်း ထွက်ဆိုခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲအကြောင်း ပြောဆိုရာမှာတော့ Depp ဟာ သူ့ရဲ့ မင်္ဂလာဆောင်ကို သမီးဖြစ်သူ Lily-Rose Depp က မတက်ရောက်ခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။

“ကျွန်တော့်သမီး Lily-Rose ကတော့ မင်္ဂလာပွဲကို မလာခဲ့ပါဘူး။ သူနဲ့ Ms. Heard နဲ့ကြားမှာတော့ အကြောင်းအရာပေါင်းများစွာအတွက် သဘောထား မတိုက်ဆိုင်မှုတွေ ရှိနေတာကြောင့် ဖြစ်ပါတယ်…” လို့ Depp က ပြောပြခဲ့ပါတယ်။ Lily-Rose Depp ကတော့ Depp ရဲ့ ချစ်သူဟောင်း Vanessa Paradis နဲ့ ထွန်းကားခဲ့တဲ့ သမီးကြီး ဖြစ်ပါတယ်။ သူတို့မှာ Jack လို့ ခေါ်တဲ့ နောက်ထပ် သားတစ်ယောက်လည်း ရှိပါသေးတယ်။

Photo: amberheard/ Instagram

Depp နဲ့ အစ်မဖြစ်သူတို့ဟာ သူတို့ကြုံခဲ့ရတဲ့ ကလေးဘဝက အကြမ်းဖက်မှုတွေအကြောင်း ထွက်ဆိုခဲ့ကြပါတယ်။

Depp နဲ့ သူ့ရဲ့အစ်မဖြစ်သူ Christi Dembrowski တို့နှစ်ယောက်စလုံးဟာ သူတို့ရဲ့မိခင်ဖြစ်သူ Betty Sue Palmer ရဲ့ အကြမ်းဖက်မှုတွေနဲ့ ကြီးပြင်းခဲ့ရတဲ့အကြောင်း ထွက်ဆိုခဲ့ကြပါတယ်။ ဒါ့အပြင် အကြမ်းဖက်ခံရသူဟာ သူတို့မောင်နှမ နှစ်ယောက်တည်း မဟုတ်ဘဲ သူတို့ရဲ့ဖခင်ဖြစ်သူ John Sr. ကပါ ဇနီးဖြစ်သူဆီက အကြမ်းဖက်မှုတွေ ခံစားခဲ့ရကြောင်း ထွက်ဆိုခဲ့ကြပါတယ်။

“ကျွန်တော့်ရဲ့အမေ Betty Sue ဟာ အဖေ့ကို ခါးသီးကြမ်းတမ်းစွာ ပြုမူ ဆက်ဆံတိုင်းမှာ အဖေကတော့ အံ့ဩစရာကောင်းလောက်အောင် မတုန်မလှုပ် နေနိုင်ခဲ့ပါတယ်။ သူ အဲဒီလို ထိတ်လန့် တုပ်လှုပ်စရာကိစ္စတွေ အဖေ့အပေါ် ကျူးလွန်တိုင်းမှာလည်း အမြဲတမ်း ကျွန်တော်တို့အရှေ့မှာတင် ဖြစ်ပျက်ခဲ့တာပါ။ ဒါတွေက သူ့အတွက်တော့ အရေးမကြီးဘူးပေါ့။ အဖေကတော့ သူပေးလာတဲ့ နာကျင်မှုတွေကို တိတ်တဆိတ်နဲ့ အမြဲတမ်း မြိုချတတ်ခဲ့သူပါပဲ …” လို့ သူ့ရဲ့ငယ်ဘဝအကြောင်း Depp က ထွက်ဆိုထားပါတယ်။

Photo: itsjohnnydepp/ Instagram

Heard ဟာ Depp ဘက်က အခုစွပ်စွဲထားသလိုမျိုး သူ့အပေါ် အကြမ်းဖက်ခဲ့တယ်ဆိုရင် ဘာကြောင့် ဒီအိမ်ထောင်ရေးထဲမှာ ဆက်လက် နေထိုင်ခဲ့တာလည်းဆိုတဲ့ မေးခွန်းကိုတော့ Depp က အခုလို ထွက်ဆိုခဲ့ပါတယ်။

“ကျွန်တော်ထင်တာတော့ ကျွန်တော့်အဖေကလည်း ဒီလိုအကြမ်းဖက်ခံရတဲ့ အိမ်ထောင်ရေးထဲမှာပဲ နေထိုင်ခဲ့တာကြောင့် ထင်တာပါပဲ။ ပြီးတော့ ကျွန်တော် ဒီအိမ်ထောင်ရေးကို မဆုံးရှုံးချင်ဘူးလေ။ အဆင်ပြေသွားစေချင်တယ်။ ကျွန်တော်ထင်တာ ကျွန်တော် သူ့ကို ကူညီနိုင်လိမ့်မယ်ပေါ့။ သူ့ရဲ့ အရင်ပုံစံလေးအတိုင်း ကျွန်တော် ပြန်ခေါ်လာနိုင်မယ်လို့ ထင်ခဲ့တာ …”

“ဘာလို့လည်းဆိုတော့ ပထမပိုင်း တစ်နှစ်၊ တစ်နှစ်ခွဲလောက်က ကျွန်တော်သိခဲ့တဲ့ Amber Heard က ဒီလိုမဟုတ်ဘူးလေ။ ရုတ်တရက်ကြီး ဒီလို ဆန့်ကျင်ဘက်အဖြစ် ပြောင်းလဲသွားခဲ့တာပဲ။ ဒါက ကျွန်တော့်ကောင်မလေး မဟုတ်တော့ပါဘူး။ သူက ကျွန်တော့်ရဲ့ အတိုက်အခံ ဖြစ်လာခဲ့တာပါပဲ …” လို့ Depp က ထွက်ဆိုထားပါတယ်။

Marilyn Manson ၊ Paul Bettany တို့နဲ့အတူ မူးယစ်ဆေးသုံးဖူးကြောင်း ထွက်ဆိုခဲ့ပါတယ်။

Depp ဟာ သူ့ရဲ့ မပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးက ကိစ္စတွေကို မေ့ဖျောက်ဖို့အတွက် အရက်နဲ့ မူးယစ်ဆေးတွေကို မှီခိုခဲ့ရတယ်လို့ ထွက်ဆိုထားပြီး ရံဖန်ရံခါမှာတော့ နာမည်ကျော် အဆိုတော် Marilyn Manson ၊ သရုပ်ဆောင် Paul Bettany တို့နဲ့အတူ ဆေးတူတူ သုံးဖူးတယ်လို့ ထွက်ဆိုထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Marilyn Manson နဲ့ Paul Bettany တို့ရဲ့ ကိုယ်စားလှယ်တွေဆီကို People မဂ္ဂဇင်းက ဆက်သွယ် မေးမြန်းခဲ့သော်လည်း မှတ်ချက် တစုံတရာ ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ဩစတျေးလျမှာ Amber Heard နဲ့ ရန်ဖြစ်ရင်း ဒဏ်ရာရရှိခဲ့တဲ့ လက်ချောင်းကို ပြသခဲ့ပါတယ်။

ဒီအမှုထဲက အများဆုံး ငြင်းခုန်နေရတဲ့ ကိစ္စတစ်ခုကတော့ ဩစတျေးလျနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ သူတို့နှစ်ယောက်ကြားက ရန်ပွဲ ဖြစ်ပါတယ်။ Depp ကတော့ အဲဒီနေရာကို Pirates of the Caribbean: Dead Men Tell No Tales ဇာတ်ကားကို ရိုက်ကူးဖို့ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒီရန်ပွဲကြောင့် သူ့ရဲ့ လက်ခလယ် လက်ချောင်းထိပ်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ Depp က အခိုင်အမာ ဆိုထားပါတယ်။ ဒါဟာ ဘားကောင်တာပေါ်မှာ တင်ထားတဲ့ Depp ရဲ့ လက်ဆီကို Heard က ဗော်ဒကာ အရက်ပုလင်းနဲ့ ရိုက်ခွဲခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့တာလို့ Depp ကတော့ အခိုင်အမာ ထွက်ဆိုထားပါတယ်။ သို့သော်လည်း Heard ရဲ့ ရှေ့နေအဖွဲ့ကတော့ ဒီဖြစ်စဉ်ဟာ Depp ထွက်ဆိုတဲ့အတိုင်း မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

Photo: itsjohnnydepp/ Instagram

Depp ရဲ့ ထွက်ဆိုမှုမှာတော့ အဆိုပါညက ထိခိုက်ခဲ့တဲ့ ဓာတ်ပုံတွေကိုပါ တရားရုံးကို တင်ပြခဲ့ပါတယ်။ Depp ဟာ အဲဒီအချိန်တုန်းကတော့ ဆေးရုံရောက်သွားချိန်မှာ ဘာဂျာတံခါးနဲ့ ညပ်မိလို့ ခိုက်မိသွားတာ ဖြစ်တဲ့အကြောင်း ဆရာဝန်ကို ပြောခဲ့ပါတယ်။ သို့သော်လည်း ယခု တရားရုံးမှာ ထွက်ဆိုတဲ့အချိန်မှာတော့ အဲဒီတုန်းက ဆေးရုံမှာ လိမ်ညာပြောခဲ့တာဟာ Heard ရဲ့နာမည်ကို ထိခိုက်မှာစိုးတာကြောင့်ပါလို့ ထွက်ဆိုထားပါတယ်။

Heard ကတော့ သူမက အရင်ဆုံး လက်ပါခဲ့တဲ့အကြောင်း ဝန်ခံထားပါတယ်။

Depp ရဲ့ ရှေ့နေအဖွဲ့က တရားရုံးမှာ ဖွင့်ပြတဲ့ အသံဖိုင်အရ Heard ဟာ ရန်ပွဲထဲမှာ သူမဘက်က အရင်ဆုံး လက်ပါခဲ့တဲ့အကြောင်း ဝန်ခံထားပါတယ်။ အဆိုပါ အသံဖိုင်ထဲမှာတော့ သူမဟာ Depp ကို ထိုးကြိတ်တာ မဟုတ်ဘဲ ရိုက်လိုက်တာသာ ဖြစ်တယ်လို့ ငြင်းခုန်ထားပါတယ်။

“ရှင့်ကို ထိုးလိုက်တာ မဟုတ်ဘူး။ ရိုက်ပဲရိုက်လိုက်တာပါ။ ကျွန်မ အဲလိုရိုက်လိုက်မိတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်မ ရှင့်ကို မထိုးပါဘူးနော်။ ကျွန်မ ရှင့်ကို ထိုးကြိတ်တာ မဟုတ်ဘူးလို့။ ရှင့်ကို ရိုက်ပဲရိုက်လိုက်တာ။ ကျွန်မလက်က ဘာလို့ အဲလိုဖြစ်သွားတယ် ကျွန်မလည်း မသိဘူး။ ဒါပေမယ့် ရှင် အဆင်ပြေနေတာပဲလေ။ ကျွန်မ ရှင့်ကို နာအောင် မလုပ်လိုက်ပါဘူး။ ရှင့်ကို ထိုးလည်း မထိုးလိုက်ပါဘူး။ ဒီတိုင်း ရိုက်ပဲ ရိုက်လိုက်တာပါ … ” လို့ Heard က အဆိုပါ အသံဖိုင်ထဲမှာ ပြောထားပါတယ်။

Photo: amberheard/ Instagram

“ကျွန်မအခု အဲဒီကိစ္စကို ထိုင်ပြီး သောက်ပြစ်ပြောနေတာ မဟုတ်ဘူးနော်။ ပြောနေလို့လား။ ရှင်ကသာ ပြောနေတာ။ ရှင်နဲ့ကျွန်မ မတူတာ အဲဒါပဲ။ ရှင်ကလေ သောက်ကလေးကြီးပဲ။ တကယ် ကလေးစိတ်နဲ့လူ။ ရင့်ကျက်ပါတော့ Johnny ရေ …” လို့ လည်း သူမက ထပ်မံ ပြောထားပါသေးတယ်။

Depp ဟာ သူ့ဘဝတလျှောက်လုံး ဘယ်အမျိုးသမီးကိုမှ မရိုက်နှက်ခဲ့ဖူးဘူးလို့ အကြိမ်ကြိမ် တိုင်တည် ပြောဆိုထားသော်လည်း Heard ကတော့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကြောင့် သူမရဲ့မျက်နှာမှာ အညိုအမည်းတွေ စွဲနေတဲ့အကြောင်း ပြောထားပါတယ်။ ဒါဟာ Depp က သူမကို ခေါင်းနဲ့ ပစ်ဆောင့်ခဲ့တဲ့အတွက် သူမရဲ့ မျက်နှာမှာ အခုလို အညိုအမည်းတွေ ဖြစ်ခဲ့ရတယ်လို့ Heard ကတော့ စွပ်စွဲထားပါတယ်။ Depp ကတော့ ဒီစွပ်စွဲမှုကို ငြင်းဆိုထားပြီး သူ့ကြောင့် ထိခိုက်မိခဲ့တယ်ဆိုရင်တောင် ရည်ရွယ်ချက်ရှိရှိ တမင်လုပ်တာ မဟုတ်ဘဲ သူမကို ချုပ်ဖို့ ကြိုးစားရင်း မတော်တဆ ခိုက်မိတာသာ ဖြစ်လိမ့်မယ်လို့ ဆိုထားပါတယ်။

Photo: yahoosg/ Instagram

Heard ရဲ့ ရှေ့နေအဖွဲ့က တရားရုံးကို တင်သွင်းလာတဲ့ ဗွီဒီယိုတွေထဲမှာတော့ Depp ဟာ မနက်ခင်းအချိန်မှာ သူ့ရဲ့မီးဖိုခန်းထဲက ပန်းကန်ဗီရို တံခါးတွေကို ဆောင့်အောင့်ပြီး ပိတ်လိုက်၊ ဖွင့်လိုက် လုပ်နေတာ တွေ့ရပါတယ်။ နောက်ထပ် အသံဖိုင်တစ်ခုထဲမှာတော့ Depp ဟာ သူ့ကိုယ်သူ ဓားနဲ့ထိုးမယ်လို့ ခြိမ်းခြောက်နေပြီး Heard ကတော့ မလုပ်ဖို့ တားမြစ်နေတာကို ကြားရပါတယ်။

ဒါကတော့ လက်ရှိ Johnny Depp နဲ့ Amber Heard တို့ရဲ့ တရားခွင်က ကြားနာမှုတွေမှာ လူတွေကို အံ့အားသင့်စေခဲ့တဲ့ ထွက်ဆိုချက်တွေပဲ ဖြစ်ပါတယ်။ အမှုဟာ ဆက်လက် စစ်ဆေးနေဆဲ ဖြစ်တဲ့အတွက် ရှေ့လာမယ့် ရက်တွေမှာလည်း နောက်ထပ် အသေးစိတ် အချက်တွေကို ထပ်မံ သိရှိရဦးမှာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular