HomeEntertainmentFilmသင်္ကြန်ပိတ်ရက်မှာ အိမ်တွင်းပုန်းပြီး Feel ချင်သူတွေအတွက် ဒရာမာရုပ်ရှင်ကားကောင်းများ

သင်္ကြန်ပိတ်ရက်မှာ အိမ်တွင်းပုန်းပြီး Feel ချင်သူတွေအတွက် ဒရာမာရုပ်ရှင်ကားကောင်းများ

မကြာခင်အချိန်မှာတော့ ကျွန်တော်တို့အားလုံး ပျော်ရွှင်ခဲ့ကြဖူးတဲ့ သင်္ကြန်ကာလကို ရောက်ရှိလာပါတော့မယ်။ အရင်တုန်းကတော့ သင်္ကြန်ကာလမှာ ပျော်ရွှင်စရာတွေများစွာ ရှိခဲ့ပေမယ့် ယခုအချိန်မှာတော့ သင်္ကြန်ပွဲတော် မကျင်းပနိုင်ခဲ့တာ သုံးနှစ်ကျော်သွားပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သင်္ကြန်တွင်းရုံးပိတ်ရက်မှာ ဘယ်မှာမသွားဘဲ အိမ်မှာပဲ တစ်ယောက်တည်း Feel နေချင်သူတွေအတွက် ဒရာမာရုပ်ရှင်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

Carol

photo credit Number 9 Films

ဒီရုပ်ရှင်ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၅၀ကျော်ကာလ နယူးယော့ခ်မြို့မှာ ဇာတ်အိမ်ထားပါတယ်။ အမျိုးသမီးဓာတ်ပုံဆရာတစ်ယောက်ဟာ Department Store တစ်ခုမှာ အလုပ်လုပ်နေရင်း Carol ဆိုတဲ့ အမျိူးသမီးတစ်ယောက်နဲ့ တွေ့ဆုံမိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ တဖြည်းဖြည်းနဲ့ နီးစပ်လာကြပြီး မထင်မှတ်ထားတာတွေ ဖြစ်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Cate Blanchett ၊ Rooney Mara နဲ့ Sarah Paulson တို့ ပါဝင်ထားပြီး အော်စကာ (၆)ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

Blue Valentine

photo credit Silverwood Films

ဒီရုပ်ရှင်ကတော့ ၂၀၁၀ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပြီး IMDb (7.4) ရရှိထားပါတယ်။ ဒီဇာတ်ကားမှာ အိမ်ထောင်တစ်ခုရဲ့ ငြီးငွေ့ဖွယ်ရာကောင်းမှုတွေ၊ တစ်ဘက်နဲ့တစ်ဘက် တင်းမာမှုတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ချစ်သူနှစ်ဦးရဲ့ တွဲကာစ ကြည်နူးဖို့ကောင်းတဲ့အချိန်နဲ့ ပြိုပျက်တော့မယ့် အိမ်ထောင်ရေးတစ်ခုရဲ့ အခြေအနေတွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Ryan Gosling နဲ့ Michelle Williams တို့ အဓိကသရုပ်ဆောင်ထားပြီး အော်စကာ(၁)ဆုအတွက် စံကာတင်ဝင်ထားပါတယ်။

Moonlight

photo credit A24

ဒီရုပ်ရှင်ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.4) ရရှိထားတဲ့အပြင် အော်စကာဆု သုံးခုတောင် ရရှိထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Chiron လို့ခေါ်တဲ့ အာဖရိကန်၊ အမေရိကန်လူမျိူးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မိခင်ဖြစ်သူကလည်း ဆေးစွဲနေသူတစ်ယောက် ဖြစ်ပြီး အခက်အခဲတွေကြားက သူ့ရဲ့ဘဝကို ဘယ်လိုဖြတ်သန်းသွားမလည်းဆိုတာ မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ထဲမှာတော့ Chiron ကို ကလေးဘဝ၊ ဆယ်ကျော်သက်ဘဝနဲ့ လူကြီးဘဝတို့ကို ပြသသွားမှာ ဖြစ်ပြီး LGBTQ+ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Alex Hibbert ၊ Ashton Sanders နဲ့ Trevante Rhodes တို့က အဓိက ပါဝင်ထားပါတယ်။

A Star is Born

photo credit Warner Bros. Pictures

ဒီဇာတ်ကားကတော့ ၂၀၁၈ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (7.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဂီတသမားတစ်ယောက်သူ Jackson ဟာ အဆိုတော်ဖြစ်ချင်တဲ့ Ally နဲ့ ချစ်ကြိုက်မိသွားရာက စတင်ပါတယ်။ အဲဒီနောက်မှာတော့ Jackson ဟာ Ally ရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာဖို့အတွက် ကူညီပေးခဲ့တဲ့အပြင် သူမရဲ့ဘဝမှာရှိတဲ့ အခက်အခဲတွေကိုလည်း ဖြေရှင်းပေးခဲ့ပါတယ်။ သရုပ်ဆောင်တွေကတော့ Bradley Cooper နဲ့ Lady Gaga တို့က အဓိက ပါဝင်ထားပါတယ်။ ဒါ့အပြင် အော်စကာဆုတစ်ဆုလည်း ရရှိခဲ့ပါသေးတယ်။

Brokeback Mountain

photo credit River Road Entertainment

ဒီရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကောင်းဘွိုင်နှစ်ယောက်အကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ အဲဒီခေတ်တုန်းက လိင်တူချင်း ချစ်ကြိုက်ကြတယ်ဆိုတဲ့အရာဟာ ပတ်ဝန်းကျင်က လက်ခံထားတဲ့ အရာတစ်ခု မဟုတ်သေးပါဘူး။ အဲဒီလိုအချိန်မှာ ပေါက်ဖွားလာတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်နဲ့ ဘဝကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြထားတဲ့ LGBT ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Heath Ledger ၊ Jake Gyllenhaal ၊ Michelle Williams နဲ့ Anne Hathaway တို့ အဓိကပါဝင်ထားပြီး အော်စကာသုံးဆု ရရှိထားပါတယ်။

The Fault in Our Stars

photo credit 20th Century Fox

ဒီရုပ်ရှင်ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (7.7) ရရှိထားပါတယ်။ တစ်ရက်မှာတော့ ကင်ဆာရောဂါ ခံစားနေရတဲ့ ဆယ်ကျော်သက်လေးနှစ်ယောက် တွေ့ဆုံမိကြပြီး ကြည်နူးစရာကောင်းတဲ့ Relationship လေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Shailene Woodley ၊ Ansel Elgort နဲ့ Willem Dafoe တို့ ပါဝင်ထားပါတယ်။

Atonement

photo credit Universal Picture

ဒီရုပ်ရှင်ကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အောင်မြင်ခါစ စာရေးဆရာမလေးတစ်ယောက်ဟာ သူမရဲ့အစ်မဖြစ်သူနဲ့ ချစ်ကြိုက်နေတဲ့ ဗြိတိန်စစ်သားက ရာဇဝတ်မှု ပြုလုပ်ထားတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ သူမဟာ မထင်မှတ်ထားဘဲ လူတွေရဲ့ ဘဝပေါင်းများစွာကို အပြောင်းအလဲ ဖြစ်သွားစေပါတော့တယ်။ သရုပ်ဆောင်တွေကတော့ James McAvoy ၊ Keira Knightley နဲ့ Saoirse Ronan တို့ အဓိက ပါဝင်ထားပြီး အော်စကာ(၁)ဆု ရရှိထားပါတယ်။

Marriage Story

photo credit Heyday Films

ဒီရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ပြဇာတ်ဒါရိုက်တာနဲ့ သရုပ်ဆောင်မင်းသမီးတို့ရဲ့ အိမ်ထောင်ရေးက မာန်မာနတွေ၊ အတ္တတွေကြောင့် ချစ်လျက်နဲ့ လမ်းခွဲဖို့ဖြစ်လာတဲ့ အိမ်ထောင်တစ်ခုအကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Adam Driver ၊ Scarlett Johansson နဲ့ Laura Dern တို့ အဓိကပါဝင်ထားပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular