HomeEntertainmentFilmDune ရုပ်ရှင်ရဲ့ ကင်မရာနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ 

Dune ရုပ်ရှင်ရဲ့ ကင်မရာနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ 

အမေရိကန်စာရေးဆရာကြီး Frank Herbert ရဲ့ နာမည်ကျော် သိပ္ပံစိတ်ကူးယဉ်ဝတ္ထု ဖြစ်တဲ့ Dune ကတော့ ရှုပ်ထွေးပြီး အလွှာအထပ်ထပ်ရှိနေတဲ့ ဇာတ်ကြောင်းတွေကြောင့် ရုပ်ရှင်အဖြစ် အသက်သွင်းဖို့ ခက်ခဲတယ်လို့ မှတ်ချက်ပေးခံထားရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၁၉၈၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒါရိုက်တာ David Lynch ရဲ့လက်ရာကတော့ မပြည့်စုံမှုတွေကြောင့် ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။

သို့သော်လည်း ယခု ၂၀၂၁ ခုနှစ်မှာ ထွက်ရှိလာတဲ့ ဒါရိုက်တာ Denis Villeneuve ရဲ့ Dune ကတော့ ဒီခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ထားပြီး ပရိသတ်တွေရဲ့ ချီးကျူးမှုကိုလည်း ရရှိထားပါတယ်။ Timothée Chalamet ၊ Josh Brolin ၊ Rebecca Ferguson ၊ Jason Momoa အစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ Dune ဇာတ်ကားရဲ့ ရိုက်ကွင်းနောက်ကွယ်က ဖန်တီးမှုပုံရိပ်တွေကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။

Arrakis ဂြိုဟ်ကို ဖန်တီးဖို့ ခက်ခဲပင်ပန်းစွာ ရိုက်ကူးခဲ့ရပါတယ်။
Photo Credit: Warner Bros. Studios

Arrakis ဂြိုဟ်ဟာ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေထဲက အကြမ်းတမ်း၊ အခက်ခဲဆုံး ဂြိုဟ်တစ်ခုဆိုတာ ရုပ်ရှင်ကြည့် ပရိသတ်တွေရော၊ ဝတ္ထုဖတ်ထားတဲ့ ပရိသတ်တွေရော သိပြီးသား ဖြစ်ကြမှာပါ။ တကယ်တော့ Arrakis ရဲ့ ဂြိုဟ်ကို ပုံဖော်ဖို့ရာ green screen ကို အသုံးပြုထားတာ မဟုတ်သလို၊ CGI အထူးပြုလုပ်ချက်တွေကို အသုံးပြုထားတာလည်း မဟုတ်ပါဘူး။

တကယ်တော့ ဒါရိုက်တာ Villeneuve ဟာ Arrakis ဂြိုဟ်ကို ပုံဖော်ဖို့ ဂျော်ဒန်နိုင်ငံက တကယ့် သဲကန္တာရတွေထဲမှာ သွားရောက် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပူပြင်းလွန်းတဲ့ နေရောင်အောက်မှာ လအတန်ကြာ ရိုက်ကူးခဲ့ရတာ ဖြစ်ပြီး Timothée ရဲ့ အင်တာဗျူးမှာ ပြောပြချက်အရ အဆိုပါ သဲကန္တာရထဲက နေ့အပူချိန်တွေဟာ တခါတရံမှာ (၁၂၀)ဒီဂရီလောက်အထိ ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဒီလိုပူပြင်းကြမ်းတမ်းပြီး ခက်ထန်တဲ့ ရာသီဥတုအောက်မှာ ရိုက်ကူးရေး လုပ်ခဲ့ရတဲ့အတွက် သရုပ်ဆောင်ချက်တွေကလည်း တကယ် ပီပြင်နေတာ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေရဲ့ အတ္တ၊မာနတွေကိုပါ တိုက်စားသွားခဲ့ပါတယ်။
Photo Credit: Warner Bros. Studios

ဒီဇာတ်ကားထဲမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေဟာ ယနေ့ခေတ် ဟောလိဝုဒ်ရဲ့ ထိတ်ထိတ်ကြဲတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီရိုက်ကွင်းထဲမှာ နင်လား၊ ငါလားဆိုတဲ့ အတ္တတွေ၊ မာနတွေ၊ အငြင်းပွားမှုတွေ ဖြစ်လာဖို့ အတော်လေး နီးစပ်ခဲ့ပါတယ်။ သို့သော်လည်း ရိုက်ကူးရေး ပြုလုပ်ဖို့ ရွေးချယ်ထားတဲ့ နေရာ၊ သဘာဝပတ်ဝန်းကျင်က ဒါတွေအကုန်လုံးကို တိုက်စားသွားခဲ့ပါတယ်။

Stephen Colbert နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Rebecca Ferguson နဲ့ Josh Brolin တို့က ဒီအကြောင်းကို ပြောပြခဲ့ပါတယ်။ အဲဒါကတော့ မျက်စိတဆုံး ကြီးမားကျယ်ပြန့်တဲ့ သဲကန္တာရကြီးထဲ ရောက်သွားတဲ့အခါ သူတို့ဟာ ဘာမှအရေးမပါကြောင်း သိလိုက်ရတယ်လို့ ဆိုပြီး အချင်းချင်း ရိုင်းပင်းရမယ်ဆိုတဲ့ အသိစိတ်နဲ့ အသက်ရှင်ရပ်တည်ရေးက ပိုအရေးပါကြောင်း သိခွင့်ရခဲ့ကြတယ်လို့ ဆိုပါတယ်။

CGI အထူးပြုလုပ်ချက်တွေ မဆိုစလောက်သာ ပါဝင်ပါတယ်။
Photo Credit: Warner Bros. Studios

ရှန်ဟိုင်း နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာ Villeneuve ဖြေကြားခဲ့တဲ့ အင်တာဗျူးအရ တကယ့် ရိုက်ကွင်းအစစ်တွေကသာ သရုပ်ဆောင်တွေကို တကယ့် စိတ်ခံစားချက်အစစ်အမှန်တွေ ဖြစ်ပေါ်စေတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်လည်း ရာသီဥတု ကြမ်းတမ်းလွန်းလှတဲ့ ဂျော်ဒန်နိုင်ငံက သဲကန္တာရတွေထဲမှာ သွားရောက် ရိုက်ကူးခဲ့တာ ဖြစ်ပြီး indoor ဇာတ်ဝင်ခန်းတွေအတွက်ကိုတော့ Budapest မှာ ဆက်တင်အကြီးစားတွေ ဆောက်လုပ်ပြီး အသုံးပြုခဲ့တာလို့ ဆိုပါတယ်။

ဥပမာ Arrakis ဂြိုဟ်က ဘုရင်ရဲ့ နန်းတော်လို အဆောက်အအုံကြီးတွေဟာ တကယ့်ဆက်တင်အစစ်တွေ ဖြစ်ပါတယ်။ အချို့သော ဇာတ်ဝင်ခန်းတွေဖြစ်တဲ့ ရာနဲ့ချီတဲ့ spice ရိတ်သိမ်းစက်တွေ၊ sandworm ကြီးတွေလို ဇာတ်ဝင်ခန်းတွေမှာတော့ CGI တွေ အသုံးပြုထားတာ ဖြစ်ပါတယ်။ အများအားဖြင့်ကတော့ တကယ့် ဆက်တင်အစစ်တွေကို ဆောက်လုပ်ပြီး props အစစ်တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။

ဒီနေ့ခေတ် blockbuster ရုပ်ရှင်အများစုဟာ နောက်ခံမြင်ကွင်းအားလုံးကို CGI နဲ့သာ အသုံးပြုပြီး ရိုက်ကူးကြတာ များပါတယ်။ သို့သော်လည်း နည်းပညာကို မှီခိုလွန်းအားကြီးသွားတဲ့အခါ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုကိုလည်း အနည်းနဲ့အများ သွားပြီးသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ရှိပြီးသား နောက်ခံသဘာဝ ဆက်တင်ကိုမှ CGI နည်းနည်းလောက် ထပ်သုံးလိုက်တာကတော့ ပိုပြီးအသက်ဝင် ပီပြင်မှုရှိသွားစေပါတယ်။

Timothée Chalamet ရဲ့ သရုပ်ဆောင်ချက်ဟာ ဒါရိုက်တာ Denis Villeneuve ကို မျက်ရည်ကျစေခဲ့ပါတယ်။
Photo Credit: Warner Bros. Studios

Timothée Chalamet ကို Paul Atreides အဖြစ် ဇာတ်ဝင်ခန်းအနည်းငယ်လောက် စတင်ရိုက်ကူးပြီးချိန်မှာပဲ ဒါရိုက်တာ Villeneuve ဟာ ငိုခဲ့မိတယ်လို့ Stephen Colbert နဲ့ အင်တာဗျူးမှာပဲ ပြောခဲ့ပါတယ်။ အဲဒါကတော့ Timothée ကို Paul Atreides အဖြစ် ရွေးချယ်ခဲ့မိတာ မမှားကြောင်းနဲ့ သူ့ရဲ့ စိတ်ထဲက ခံစားချက်အတိုင်း ယုံကြည်ခဲ့တာက မှန်ကန်သွားတာကြောင့် ပျော်ပြီး ငိုခဲ့တာလို့ ဆိုပါတယ်။ Timothée ဟာ Dune ရဲ့ ဟောကိန်းထုတ်ထားတဲ့ ဟီးရိုးကို တကယ်ပုံဖော်ပေးနိုင်မယ့် ပြီးပြည့်စုံတဲ့ လူငယ်သရုပ်ဆောင်လေးတစ်ယောက်ပါလို့လည်း ဆိုထားပါတယ်။

Stellan Skarsgård ဟာ တစ်နေ့ကို (၈)နာရီလောက် မိတ်ကပ်ခုံမှာ ထိုင်ခဲ့ရပါတယ်။
Photo Credit: Warner Bros. Studios

IndieWire နဲ့ အင်တာဗျူးမှာတော့ ဝါရင့်သရုပ်ဆောင်ကြီး Stellan Skarsgård ဟာ သူ့ရဲ့ ရိုက်ကူးရေး ပြုလုပ်ချိန် (၃၀)ရာခိုင်နှုန်းလောက်ကို မိတ်ကပ်ခုံမှာ ထိုင်ခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။ Baron Valdimir Harkonnen အဖြစ် သရုပ်ဆောင်ခဲ့ရာမှာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်ပုံစံကသာ ပိုပြီးအရေးပါနေတာကြောင့် သူ့အနေနဲ့ သရုပ်ဆောင်မှုအပိုင်းမှာ သိပ်ပြီး မလုပ်ခဲ့ရတာကိုလည်း ဝန်ခံထားပါတယ်။

နောက်ခံတေးဂီတအတွက် တူရိယာအသစ်တွေပါ တီထွင်ခဲ့ပါတယ်။
Photo Credit: Warner Bros. Studios

နာမည်ကျော် ဂျာမန်တေးဂီတမှူး Hans Zimmer ဟာ Dune ဝတ္ထုတွေရဲ့ အမာခံပရိသတ် ဖြစ်တာကြောင့် ဒီရုပ်ရှင်မှာ နောက်ခံတေးဂီတွေ ဖန်တီးပေးဖို့ ချက်ချင်းဆိုသလိုပဲ သဘောတူခဲ့ပါတယ်။ သို့သော်လည်း ကိုဗစ်ဖြစ်လာတာကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့ဘူးလို့ ဆိုပါတယ်။

Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ Hans Zimmer ဟာ တီးခတ်နေကျ ရှိပြီးသား တူရိယာတွေကို မသုံးတော့ဘဲ တခြားဂြိုဟ်တစ်ခုရဲ့ ကွဲပြားတဲ့ တေးဂီတသံကို ဖန်တီးဖို့ တူရိယာအသစ်တွေကိုပါ ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ခံ choral တေးသံတွေအတွက်ကိုလည်း သူ့ရဲ့ ကိုယ်ပိုင် ဘာသာစကားအသစ်တစ်ခုကို တီထွင်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒါကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိလာပြီး ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတဲ့ Dune ရုပ်ရှင်ဇာတ်ကားရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချက်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ ဒီရုပ်ရှင်ကို ကြည့်ရှုစဉ်က ခံစားခဲ့ရတဲ့ ခံစားချက်တွေကိုလည်း ပြန်လည်မျှဝေပြီး ဆွေးနွေးပေးခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular