HomeCelebs Update NewsInternationalMarvel ရုပ်ရှင်တွေကို ဝေဖန်တာဟာ Crew တွေကို တန်ဖိုးကျစေတယ်ဆိုတဲ့ Elizabeth Olsen

Marvel ရုပ်ရှင်တွေကို ဝေဖန်တာဟာ Crew တွေကို တန်ဖိုးကျစေတယ်ဆိုတဲ့ Elizabeth Olsen

သရုပ်ဆောင် Elizabeth Olsen ကတော့ Marvel ရုပ်ရှင်တွေအနေနဲ့ ဟောလိဝုဒ်ရဲ့ ဂန္ထဝင်ဒါရိုက်တာကြီးတွေရဲ့ ဝေဖန်မှုတွေ ရရှိနေတဲ့အပေါ် သူမရဲ့အမြင်နဲ့ ခံစားချက်ကို တုံ့ပြန်ပြောကြားလာပါတယ်။ Elizabeth Olsen ကတော့ လက်ရှိ ရုံတင်ပြသနေတဲ့ Doctor Strange in the Multiverse of Madness ရုပ်ရှင်ထဲမှာ Wanda Maximoff တဖြစ်လည်း Scarlet Witch အဖြစ် သရုပ်ဆောင်ထားပါတယ်။

အသက်(၃၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသမီး Elizabeth Olsen ဟာ ပြီးခဲ့တဲ့ စနေနေ့တုန်းက The Independent သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဒီအကြောင်းကို ပြောသွားတာ ဖြစ်ပါတယ်။ Marvel ရုပ်ရှင်တွေဟာ ဟောလိဝုဒ်ရဲ့ ဖခင်တွေလို့ ပြောနိုင်တဲ့ Martin Scorsese ၊ Francis Ford Coppola တို့လို ဒါရိုက်တာကြီးတွေဆီက ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရရှိထားတဲ့အပေါ် Olsen က တုံ့ပြန် ပြောကြားလိုက်တာ ဖြစ်ပြီး ဒါရိုက်တာကြီးတွေဟာ Marvel ရုပ်ရှင်တွေကို တဆင့်နိမ့်တဲ့ အနုပညာတွေအဖြစ် နှိမ့်ချ ပြောဆိုနေကြတယ်လို့လည်း ပြောသွားပါတယ်။

Photo Credit: Marvel Studios/ Disney Studios

“ကျွန်မတို့က တကယ် အနုပညာမြောက်တဲ့ အင်ဒီးရုပ်ရှင်တွေ ရိုက်နေတယ်လို့လည်း မပြောလိုပါဘူး။ ဒါပေမယ့် သူတို့ ဒီလိုပြောလိုက်တာက ကျွန်မတို့ရဲ့ ရုပ်ရှင်အဖွဲ့သားတွေကို တန်ဖိုးကျဆင်းသွားစေတယ်လို့ ထင်တယ်။ အဲဒါကိုတော့ ကျွန်မ စိတ်အနှောင့်အယှက် ဖြစ်ရတယ် …”

“ဒီကားတွေထဲမှာ ပါဝင်လုပ်ကိုင်နေတဲ့ လူတွေဟာ တကယ် အံ့ဩစရာကောင်းတဲ့ အရည်အချင်းတွေနဲ့ လူတွေချည်းပဲ။ ဆက်တင်ဒီဇိုင်နာတွေ၊ အဝတ်အစား ဒီဇိုင်နာတွေ၊ ကင်မရာသမားတွေ စသဖြင့်ပေါ့။ အဲဒီလိုပြင်းထန်တဲ့ ဝေဖန်မှုမျိုးနဲ့ ဒီအဖွဲ့သားတွေကို မှေးမှိန်အောင် ပြောလိုက်ခြင်းအားဖြင့် သူတို့တွေကို တန်ဖိုးကျဆင်းသွားစေတယ်လို့ ထင်တယ်။ ပြီးတော့ တကယ် ဆုတွေရနေတဲ့ ရုပ်ရှင်တွေမှာ လုပ်ပေးထားတာကလည်း အခု ဒီပရောဂျက်မှာ ပါနေတဲ့လူတွေပါပဲ …”လို့ Olsen က တုံ့ပြန်ထားပါတယ်။

Photo: elizabetholssenofficial/ Instagram

တကယ်တော့ Olsen ဟာ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Martha Marcy May Marlene အင်ဒီးရုပ်ရှင်နဲ့ စတင်အောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း MCU ဟာ ဘတ်ဂျက်များများ သုံးပြီး အမြတ်များများ ရရှိမယ့် ရုပ်ရှင်မျိုးတွေကို ထုတ်လုပ်ကာ ငွေရှာနေတယ်ဆိုတာကို သူမအနေနဲ့လည်း လက်သင့်ခံကြောင်း ပြောထားပါတယ်။ သို့သော်လည်း လူကြိုက်များအောင် ဖန်တီးနေတယ်ဆိုတိုင်း ဆိုးဝါးညံ့ဖျင်းတဲ့ ရုပ်ရှင်တွေ မဟုတ်ကြောင်းကိုလည်း သူမက ကာကွယ် ပြောဆိုထားပါတယ်။

“သရုပ်ဆောင်တစ်ယောက်ရဲ့ ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ကျွန်မ နားလည်ပါတယ်။ ဒီရုပ်ရှင်တွေနဲ့ တခြားရုပ်ရှင်တွေကြားမှာ မတူညီတဲ့ performance တွေ ဖြစ်နေတယ်ဆိုတာကို ကျွန်မ လုံးဝနားလည်ပါတယ်။ ဒါပေမယ့် Marvel ကို အပြစ်တင် ထိုးနှက်ပြီး သူတို့ကောင်းကြောင်း ပြောလိုက်ခြင်းအားဖြင့် တကယ်ကို အရည်အချင်းပြည့်ဝတဲ့ ရာနဲ့ချီတဲ့ crew တွေကို တန်ဖိုးမဲ့သွားအောင် လုပ်လိုက်တာနဲ့ တူတူပဲလို့ ကျွန်မတော့ ထင်ပါတယ်။ အဲဒီကိစ္စကတော့ ကျွန်မကို နည်းနည်း စိတ်ကြွစေပါတယ် …” လို့ Olsen က ဆိုပါတယ်။

Photo: elizabetholssenofficial/ Instagram

MCU ရုပ်ရှင်တွေကိုတော့ ၂၀၁၉ ခုနှစ်မှာ ဒါရိုက်တာကြီး Martin Scorsese က ပထမဆုံး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကတော့ MCU ရုပ်ရှင်တွေဟာ ရုပ်ရှင်မဟုတ်ဘဲ theme park တွေနဲ့ အလားသဏ္ဍာန်တူတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ ဒါရိုက်တာကြီး Francis Ford Coppola ကလည်း MCU ရုပ်ရှင်တွေကို ထပ်မံဝေဖန်ခဲ့တာ ဖြစ်ပြီး Martin Scorsese ရဲ့ စကားကို ထောက်ခံခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ ရုပ်ရှင်တွေကနေ တစုံတခုကို သင်ယူနိုင်ဖို့ မျှော်လင့်ကြပါတယ်။ ရုပ်ရှင်တွေကနေ တစ်ခုခု ရလိုက်ချင်ကြပါတယ်။ ဉာဏ်အလင်းပွင့်မှုတစ်ခုသော် လည်းကောင်း၊ ဗဟုသုတ တစ်ခုခုသော်လည်းကောင်း၊ အတုယူစရာတစ်ခုခုသော်လည်းကောင်းပေါ့။ ဒီရုပ်ရှင်တွေကိုပဲ ထပ်ခါတလဲလဲ ကြည့်နေတာဟာ ဘယ်သူကမှ ဘာမှရလိုက်မှာ မဟုတ်ပါဘူး။ ဒါတွေက ရုပ်ရှင်တွေ မဟုတ်ဘူးလို့ Martin က ပြောတာ။ တကယ်တော့ သူက ဒါ ကြင်ကြင်နာနာလေး ပြောလိုက်တာ။ ဒီဟာတွေက ဘာမှတန်ဖိုးမရှိတဲ့ စက်ဆုပ်ဖွယ်ရာတွေလို့ သူ မပြောခဲ့ဘူး။ ကျုပ်ကတော့ အခု အဲဒီလိုပြောတယ် …” လို့ နာမည်ကျော် The Godfather ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး Francis Ford Coppola က ပြင်းထန်စွာ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular