HomeCelebs Update NewsInternationalRap ဂီတဟာ ခံစားရသမျှကို ကုစားပေးနိုင်တယ်လို့ ပြောလာတဲ့ Eminem

Rap ဂီတဟာ ခံစားရသမျှကို ကုစားပေးနိုင်တယ်လို့ ပြောလာတဲ့ Eminem

Rap God လို့ တင်စားခေါ်ဝေါ်ကြတဲ့ Eminem ကတော့ မကြာသေးခင်ကပဲ သူ့ရဲ့ကိုယ်ပိုင်ချန်နယ်လ် ဖြစ်တဲ့ Sirius XM Radio Channel 45 မှာ rap ဂီတနဲ့ပတ်သက်တဲ့ သူ့ရဲ့ခံစားချက်နဲ့ အမြင်တွေကို ပြောထားပါတယ်။ “Rap ဂီတနဲ့ ပတ်သက်တဲ့ အကောင်းဆုံးအရာတစ်ခုကတော့ ကိုယ့်ဘဝထဲကအရာတွေ အများကြီးကို ထည့်သွင်းလို့ရတာပါပဲ …” လို့လည်း Eminem က ဆိုထားပါသေးတယ်။

အသက်(၄၉)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဂရမ်မီ(၁၅)ဆုရှင် Eminem ကတော့ ဂီတရဲ့စွမ်းအားတွေအကြောင်း ဝေမျှထားပါတယ်။ မကြာသေးခင်ကပဲ သူ့ရဲ့ကိုယ်ပိုင်ချန်နယ်က Sway in the Morning Show အစီအစဉ်မှာ ဂီတအကြောင်း ဆွေးနွေးခဲ့တာဖြစ်ပြီး သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ မူးယစ်ဆေးစွဲလန်းမှုတွေအကြောင်းကို Rap ဂီတနဲ့ ဖောက်ထုတ်ပြီး ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ရယူနိုင်ခဲ့တဲ့အကြောင်း ပြောပြထားပါတယ်။

Photo: eminem.family/ Instagram

“Rap နဲ့ ပတ်သက်လို့ ပြောရရင်တော့ ကိုယ့်ဘဝအကြောင်း အများကြီး ထည့်သွင်းလို့ ရတာပေါ့။ အဲဒါကိုက ကျုပ်အတွက်တော့ ကုထုံးတစ်ခုလို ဖြစ်ခဲ့ပါတယ်။ အမြဲတမ်းလို Rap က ကျုပ်အတွက် ဖြေဆေးတစ်ခု ဖြစ်ခဲ့တာပါပဲ …” လို့ Eminem က ပြောပါတယ်။

Eminem ကတော့ သူ့ဘဝရဲ့ အတွင်းရေးတွေကို သူဆိုတဲ့ Rap သီချင်းတွေထဲမှာ အမြဲတမ်း ထည့်သွင်း သီဆိုလေ့ရှိသူ ဖြစ်ပါတယ်။ ဘဝမှာ အနိမ့်အမြင့် အတက်အကျတွေကို ခံစားခဲ့ရပြီး မူးယစ်ဆေးလည်း အပြင်းအထန် စွဲလန်းခဲ့ဖူးပါတယ်။ အဲဒီအခြေအနေကနေ လူကောင်းအဖြစ် ပြန်လည် နာလန်ထူနိုင်တဲ့အခါမှာတော့ Recovery ဆိုတဲ့ အယ်လ်ဘမ်ကို ထွက်ရှိခဲ့ပါတယ်။ Recovery ထဲမှာတော့ သူ့ရဲ့ ဆေးစွဲခဲ့တုန်းက အတွေ့အကြုံတွေကို တော်တော်လေး ထည့်သွင်း ဖော်ပြထားတာ တွေ့ရပါတယ်။

Photo: eminem.family/ Instagram

၂၀၁၅ ခုနှစ်တုန်းက Men’s Journal နဲ့ အင်တာဗျူးမှာ‌တော့ ၂၀၀၇ ခုနှစ်မှာ ဆေးလွန်ခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြောပြခဲ့ဖူးပါတယ်။

“၂၀၀၇တုန်းကဆိုရင် ဆေးပြားတွေချတာ များသွားပြီးတော့ ဆေးရုံရောက်သွားတာ။ အဲဒီတုန်းက ကျုပ်ရဲ့ဝိတ်က ပေါင်(၂၃၀) ဖြစ်နေပြီ။ ဘယ်လိုလုပ်ပြီး အဲလောက်ထိ အကြီးကြီး ဖြစ်သွားလည်းတော့ ကျုပ်လည်းမသိဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေရှိတာကိုတော့ သိတယ်။ ဗီကိုဒင်းနဲ့ ဗယ်လီယမ်ဆေးပြားတွေကို နှစ်နဲ့ချီပြီး သောက်လာတာလေ။ အဲဒီဆေးတွေက အစာအိမ်မှာ အပေါက်ဖြစ်စေတယ်ဗျ။ အဲဒီတော့ အစာအိမ်နာတာတို့၊ အောင့်တာတို့ မဖြစ်အောင် ကျုပ်က ဆက်တိုက် အစားတွေစားပစ်တာပဲ။ တော်တော်လေး ဆိုးဆိုးဝါးဝါးကို စားပစ်ခဲ့တာပေါ့ဗျာ …”လို့ ပြောပြထားပါတယ်။

ဂီတအပိုင်းမှာတော့ Eminem ဟာ ပြီးခဲ့တဲ့ မေလကပဲ Rock & Roll Hall of Fame မှာ နာမည်တင်သွင်းခံခဲ့ရပါတယ်။ သူနဲ့အတူ အခြားနာမည်ကျော် အဆိုတော်ကြီးတွေ ဖြစ်ကြတဲ့ Lionel Richie ၊ Duran Duran ၊ Pat Benatar ၊ Carly Simon နဲ့ Dolly Parton တို့လည်း Rock & Roll Hall of Fame မှာ မှတ်တမ်းတင်ခံခဲ့ရပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular