HomeCelebs Update NewsInternationalDolores နေရာမှာသရုပ်ဆောင်ခါနီး အကြောသေပြီး စကားမပြောနိုင်ဖြစ်ခဲ့တဲ့ Encanto သရုပ်ဆောင် Adassa

Dolores နေရာမှာသရုပ်ဆောင်ခါနီး အကြောသေပြီး စကားမပြောနိုင်ဖြစ်ခဲ့တဲ့ Encanto သရုပ်ဆောင် Adassa

Encanto animated ရုပ်ရှင်ထဲမှာ အရာအားလုံးကို ထွင်းဖောက်ကြားနိုင်စွမ်း ရှိတဲ့ Dolores နေရာမှာ အသံသရုပ်ဆောင်ထားတဲ့ မင်းသမီး Adassa ကတော့ ကံသီလို့ ဒီဇာတ်ကားထဲမှာ ပါဝင်ခွင့် ရခဲ့တာပါ။ အကြောင်းကတော့ သူမဟာ Encanto အတွက် လူရွေးပွဲ ဝင်ပြိုင်ပြီး နောက်တစ်ရက်မှာပဲ ရုတ်တရက်ဆိုသလို အကြောသေသွားပြီး စကားမပြောနိုင်တော့တဲ့အထိ ဖြစ်သွားခဲ့တာကြောင့်ပါပဲ။

Adassa ကတော့ ဒီအကြောင်းကို Hollywood Life သတင်းဌာနရဲ့ podcast အစီအစဉ်မှာ ပါဝင်တုန်းက ပြောပြခဲ့တာ ဖြစ်ပါတယ်။ သူမဟာ Encanto အတွက် လူရွေးပွဲ ဝင်ပြိုင်ပြီး နောက်တစ်ရက်မှာပဲ အမျိုးအမည်မသိရတဲ့ ရောဂါဝေဒနာတစ်ခုကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

Photo: adassaofficial/ Instagram

“အစက ကျွန်မ ကိုယ်ဝန်ရှိနေတယ် ထင်တာ။ အဲဒါနဲ့ သွေး သွားစစ်ကြည့်တော့လည်း မဟုတ်ဘူးတဲ့။ ပြီးတော့ အဲဒီမှာ ဆေးရုံမှာ သူတို့စပြီး အဖြေရှာကြတာပေါ့။ ဘာဖြစ်နေလည်းဆိုတာ။ ဒါပေမယ့် ဆေးရုံမှာ နေနေတဲ့အချိန်မှာပဲ ကျွန်မက တဖြည်းဖြည်းနဲ့ စကားမပြောနိုင်တော့ဘူး။ စကားတွေက ဗလုံးဗထွေးတွေ ဖြစ်ပြီး မပီသတော့ဘူး။ ခြေထောက်တွေကလည်း လှုပ်လို့ကို မရတော့တာ။ လက်တွေလည်း အတူတူပဲ …”

“ကျွန်မ ဘာတွေဖြစ်နေလည်းဆိုတာ သူတို့လည်း အဖြေရှာလို့ မရကြဘူး။ အဲဒီမတိုင်ခင် တစ်ရက်တုန်းကတော့ ကျွန်မက Encanto အတွက် လူရွေးပွဲ သွားပြိုင်ခဲ့တာ။ သီချင်းတွေဆို၊ ရက်ပ်တွေ ရွတ်နေခဲ့တာ။ နောက်တစ်နေ့လည်းကျရော ပါးစပ်တောင် လှုပ်လို့မရတော့ဘူး … ” လို့ Adassa က သူမရဲ့ အဖြစ်အပျက်ကို ပြောပြပါတယ်။

Photo Credit: EVERETT

အစပိုင်းတုန်းကတော့ ဆရာဝန်တွေဟာ Adassa တစ်ယောက် လေဖြတ်သွားတယ်လို့ ယူဆခဲ့ကြတာပါ။ သို့ပေမယ့်လည်း MRI တွေ၊ CT scan တွေနဲ့ စစ်ဆေးပြီးတဲ့ နောက်မှာတော့ ဘာဖြစ်နေလည်းဆိုတာ သူတို့လည်း အဖြေရှာမရတော့ဘူးလို့ ဆိုပါတယ်။ အဲဒီကာလတုန်းက ကိုဗစ်ရောဂါ ပြင်းထန်နေဆဲ ဖြစ်တဲ့အတွက် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေအရ သူမရဲ့အမျိုးသားဟာလည်း ဆေးရုံကို လိုက်လာလို့ မရခဲ့ဘူးလို့ ဆိုပါတယ်။ ဒါနဲ့ပဲ ကလေးခုနှစ်ယောက်မိခင် Adassa ဟာ ဆေးရုံက သူမဘာသာ ဆင်းလာပြီး အိမ်မှာပဲ မိသားစုနဲ့ ပြန်နေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

“တကယ်လို့ ကျွန်မ သေရတော့မယ်ဆိုရင် ဆေးရုံမှာ တစ်ယောက်တည်း မသေချင်ဘူးလေ။ အဲဒါကြောင့် ကျွန်မ အိမ်ကို ပြန်မှကို ဖြစ်မယ်ဆိုပြီး ပြန်ခဲ့တာ။ ပြီးတော့ ကျွန်မ သေတမ်းစာ ရေးတယ်။ ကျွန်မကလေးတွေကို နမ်းတယ်။ အဆိုးဆုံးကတော့ သူတို့ကို ကျွန်မ ဖက်မထားနိုင်တာပဲ … ”

“ကျွန်မအမျိုးသားနဲ့က အိမ်ထောင်သက် (၂၅)နှစ်ကျော် ရှိပြီလေ။ သူနဲ့ ပတ်သက်လို့ အချစ်ရဆုံး အချက်ကတော့ အဲဒီလိုအဆိုးဆုံး အခြေအနေမှာတောင် ကျွန်မကို စိတ်မပျက်ခဲ့တာပါပဲ။ ရေချိုးခန်းထဲမှာ ရေချိုးနေရင်း လုံးဝအကြောသေပြီး လဲကျနေတဲ့အချိန်မှာ အဲဒီကိုယ်လုံးတီး ပုံစံကြီးနဲ့ ကျွန်မကို အပြေးလာချီပွေ့ပြီး အိပ်ယာပေါ် တင်ပေးတာလေ… ” လို့ သူမ နေမကောင်းစဉ်က ခင်ပွန်းဖြစ်သူရဲ့ ဂရုစိုက်မှုတွေကို ပြောပြထားပါတယ်။

Photo via IMDb

ဒါ့အပြင် Adassa ဟာ အဲဒီကာလအတွင်း သေရမယ်ဆိုရင်တောင် သူမမိခင်နဲ့ အဘွားဖြစ်သူရဲ့ ဘဝဇာတ်ကြောင်းတွေကို Encanto ရဲ့ လူရွေးပွဲမှာ ပြောပြနိုင်ခဲ့လို့ ပျော်ပျော်ကြီး သေဝံ့တယ်ဆိုတဲ့စိတ် ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီလိုနဲ့ ကံကောင်းချင်တော့ Adassa ဟာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပြန်လည်လှုပ်ရှားနိုင်ခဲ့ပါတယ်။ သူမရဲ့ခန္ဓာကိုယ်ကို ပြန်လည်ထူထောင်ဖို့အတွက် သတ်သတ်လွတ် အစားအစာတွေကိုပဲ ရွေးချယ်စားသုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ နာမည်ကြီး သရုပ်ဆောင်ရွေးချယ်ပေးတဲ့ ဒါရိုက်တာ Jamie Sparer Roberts က သူမဆီ ဖုန်းဆက်လာပြီး Encanto ထဲမှာ Dolores ဇာတ်ရုပ်ကို ရရှိတယ်လို့ အကြောင်းကြားခဲ့ပါတယ်။ ဒီလိုနဲ့ သုံးပတ်အတွင်းမှာတင် ပြင်းပြင်းထန်ထန် ထရိန်းလုပ်ပြီး ပြန်လည် ကျန်းမာလာခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူမရဲ့ အခြေအနေနဲ့ ကိုက်ညီဖို့ ဒါရိုက်တာက အကြံတစ်ခု ရခဲ့ပါတယ်။ အဲဒါကတော့ Dolores နေရာမှာ အသံသရုပ်ဆောင်တဲ့အခါ တိုးတိုးဖွဖွ၊ ညင်ညင်သာသာ အသံလေးကိုသာ အသုံးပြုဖို့ ဖြစ်ပါတယ်။

Photo: adassaofficial/ Instagram

ယခုဆိုရင်တော့ Adassa ပါဝင် သီဆိုထားတဲ့ We Don’t Talk About Bruno သီချင်းကတော့ ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေသလို စံချိန်တွေလည်း ချိုးနေပါတယ်။ ဆန်းကြယ်လှတဲ့ အဖြစ်အပျက်တွေကြားက Dolores ဇာတ်ရုပ်ကို အောင်မြင်စွာ အသံသရုပ်ဆောင်ပြီး အခုလို
အောင်မြင်လာတဲ့ Adassa ရဲ့ဖြစ်ရပ်ကတော့ တကယ် စိတ်ဝင်စားစရာပါပဲလို့ တင်ပြရင်း … ။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular