HomeEntertainmentFilmThe Sandman Season 2 နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

The Sandman Season 2 နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

Netflix က ဖန်တီးထားတဲ့ The Sandman ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေကြားမှာ ခေတ်စားနေပြီး ကောင်းမွန်တဲ့ ဝေဖန်ချက်တွေလည်း ရရှိထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Neil Gaiman ဖန်တီးထားတဲ့ ကောမစ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပြီး Season 1 ကတော့ ကောမစ်ထဲက ပထမဆုံး Volume နှစ်ခု ဖြစ်တဲ့ Preludes and Nocturnes နဲ့ The Doll’s House တို့ကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။

photo via screenrant

Season 1 ကတော့ ပြီးခဲ့တဲ့ ဩဂုတ်လ(၅)ရက်နေ့က စတင်ပြသခဲ့တာ ဖြစ်ပြီး Netflix ဟာ လောလောဆယ်အထိတော့ Season 2 ထွက်ရှိလာမယ်လို့ တရားဝင် အတည်မပြုသေးပါဘူး။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းတွဲရဲ့ ဖန်တီးသူဖြစ်တဲ့ Allan Heinberg ကတော့ Season 2 အတွက် ဇာတ်ညွှန်းကို စတင်ဖန်တီးနေပြီလို့ ပြောထားပါတယ်။ အကယ်၍ Season 2 ကို ယခုနှစ်နှောင်းပိုင်းမှာ ရိုက်ကူးဖြစ်ခဲ့မယ် ဆိုရင်တောင် ပရိသတ်တွေဟာ Season 2 ကို ၂၀၂၃ ခုနှစ်နှောင်းပိုင်း သို့မဟုတ် ၂၀၂၄ ခုနှစ် အစောပိုင်းလောက်ကျမှသာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Season 1 မှာတော့ ကောမစ်ထဲက ပထမဆုံး Volume နှစ်ခုကို ဖန်တီးထားတာ ဖြစ်ပြီး Season 2 မှာတော့ နောက်ထပ် Volume နှစ်ခုကို ဆက်လက် ဖန်တီးသွားမယ်လို့ ယူဆရပါတယ်။ အဲဒီ Volume နှစ်ခုကတော့ Dream Country နဲ့ The Season of Mists တို့ပဲ ဖြစ်ပါတယ်။ Season 2 ထဲမှာတော့ Dream ရဲ့ ရည်းစားဟောင်းဖြစ်တဲ့ Nada ရဲ့အကြောင်းကိုလည်း မြင်တွေ့ရမှာ ဖြစ်သလို Endless နှစ်ယောက်ဖြစ်တဲ့ Destiny နဲ့ Delirium တို့လည်း ပါဝင်လာကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Norse God တွေဖြစ်တဲ့ Thor ၊ Loki နဲ့ Odin တို့ကိုလည်း Neil Gaiman ရဲ့ ဗားရှင်းအတိုင်း မြင်တွေ့ရနိုင်ပါသေးတယ်။

photo via screenrant

Neil Gaiman ရဲ့ The Sandman ကောမစ်ကတော့ Volume ဆယ်ခု ရှိပြီး Netflix ဟာ Season တစ်ခုမှာ Volume နှစ်ခုကို ပြန်လည်ဖန်တီးသွားမယ် ဆိုရင်တော့ အနည်းဆုံး Season ငါးခုလောက် ထွက်ရှိလာနိုင်ပါတယ်။ ဒါ့အပြင် Neil Gaiman ဟာ The Sandman: Overtune ၊ Endless Nights ၊ The Dream Hunters နဲ့ Death ရဲ့ Spin-Off ဖြစ်တဲ့ The High Cost of Living နဲ့ The Time of Your Life တို့ကိုလည်း ဖန်တီးထားတာကြောင့် Netflix သာ ဆန္ဒရှိရင် Season ပေါင်းများစွာ ဖန်တီးသွားနိုင်မှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular