HomeCharacterEvil Doctor Strange ရဲ့ တတိယမျက်လုံးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာအချက်များ

Evil Doctor Strange ရဲ့ တတိယမျက်လုံးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာအချက်များ

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Doctor Strange in the Multiverse of Madness ရဲ့ ထွေလာထဲမှာတော့ အံ့ဩစရာတွေများစွာ မြင်တွေ့ခဲ့ရပြီး Evil Doctor Strange ရဲ့ တတိယမျက်လုံးကလည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ တတိယမျက်လုံးကို MCU ထဲမှာ မြင်တွေ့ရတာကတော့ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်တာကြောင့် ပရိသတ်တွေအတွက် တတိယမျက်လုံးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

photo via screenrant

ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ တတိယမျက်လုံးကတော့ တခြားမဟုတ်ဘဲ Eye of Agamotto ပဲ ဖြစ်ပါတယ်။ Eye of Agamotto ကိုတော့ Agamotto ကပဲ ဖန်တီးခဲ့တာ ဖြစ်ပြီး များသောအားဖြင့် Sorcerer Supreme တွေက ပိုင်ဆိုင်လေ့ ရှိပါတယ်။ MCU ထဲမှာတော့  Eye of Agamotto ဟာ Time Stone ကို ထိန်းသိမ်းတဲ့ မှော်ပစ္စည်းတစ်ခုအဖြစ် ဖော်ပြထားပေမယ့်လည်း Eye of Agamotto ကိုယ်တိုင်ကိုက စွမ်းအားရှိတဲ့ မှော်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

Eye of Agamotto ကို အသုံးပြုကာ အမှန်တရားတွေကို ပြသနိုင်ပြီး အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကိုလည်း ပြန်လည် ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် Eye of Agamotto ဟာ အသုံးပြုသူက ဝိဉာဉ်လွှင့်ထားတဲ့ အချိန်မှာတောင် အသုံးပြုလို့ရတဲ့ မှော်ပစ္စည်းအနည်းငယ်ထဲမှာလည်း ပါဝင်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအခြေအနေမှာ ဆိုရင်တော့ သူ့ရဲ့စွမ်းအားဟာ နည်းသွားပါတယ်။ ဒါ့အပြင် စိတ်ချင်းဆက်သွယ်တာနဲ့ ဆင်တူတဲ့ စွမ်းအားကိုလည်း ပိုင်ဆိုင်ထားပြီး များသောအားဖြင့် Eye of Agamotto ကို အသုံးပြုနေတဲ့အချိန်မှာ အသုံးပြုသူရဲ့ နဖူးမှာ တတိယမျက်လုံး ပွင့်လာတတ်ပါတယ်။

photo via screenrant

ကောမစ်ထဲမှာ ဆိုရင်တော့ Eye of Agamotto ရဲ့ အစွမ်းတွေဟာ ရုပ်ဖျက်ထားတာတွေ၊ ပုံရိပ်ယောင်တွေ (Skull တွေအပါအဝင်)ကိုလည်း ဖောက်ထွင်း မြင်နိုင်စွမ်းရှိပြီး ခန္ဓာကိုယ်ရှိတဲ့ Being တွေနဲ့ မရှိတဲ့ Being တွေကိုလည်း ခြေရာခံနိုင်ပါတယ်။ Dormammu လိုမျိူး Dark Entity မျိူးစုံကိုလည်း အားနည်းစေနိုင်ပြီး မေှာ်အတားအဆီးတွေကိုလည်း ဖန်တီးနိုင်ပါသေးတယ်။

ဒါတင်မက တခြားဒိုင်မေးရှင်းတွေကိုလည်း ပေါ်တယ်အပေါက် ဖွင့်နိုင်ပြီး ဒါဇင်နဲ့ချီတဲ့ သက်ရှိမျိူးစုံကို အဲ့ဒီပေါ်တယ်ကနေ ပို့ပေးနိုင်ပါတယ်။ အလားတူပဲ Dark Dimension ကိုလည်း ထိုးဖောက် ဝင်ရောက်နိုင်ပြီး အချိန်တွေကို နောက်ပြန် စီးဆင်းစေနိုင်ပါသေးတယ်။ နောက်ဆုံးတစ်ခုကတော့ အသုံးပြုသူရဲ့ ဆန္ဒရှိရင် တခြားသက်ရှိတွေရဲ့ နဖူးပေါ်မှာလည်း တတိယမျက်လုံး ပေါ်လာအောင် ပြုလုပ်နိုင်ပါသေးတယ်။

photo via screenrant

ကောမစ်ထဲမှာတော့ Eye of Agamotto ကို စိတ်ထားဖြူစင်တဲ့ မှော်ပညာရှင်တွေကပဲ အသုံးပြုနိုင်ပြီး မကောင်းတဲ့စိတ်ရှိသူတွေ အသုံးမပြုနိုင်ပါဘူး။ ဒါပေမယ့်လည်း ခြွင်းချက်တွေတော့ ရှိနေပါတယ်။ အဲဒါကတော့ Baron Mordo ဟာ Doctor Strange အဖြစ် ရုပ်ဖျက်ပြီး Eye of Agamotto ကို အသုံးပြုနိုင်ခဲ့သလို Loki ကလည်း အသုံးပြုခဲ့ဖူးပါသေးတယ်။ ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ Evil Doctor Strange ကတော့ ဘာကြောင့် Eye of Agamotto ကို အသုံးပြုနိုင်တာလည်း ဆိုတာနဲ့ MCU ရဲ့ အဓိက Doctor Strange ကရော တတိယမျက်လုံး ပွင့်လာနိုင်မလား ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular