HomeEntertainmentFilmဖိလစ်ပိုင်မှာ စံချိန်ချိုးသွားတဲ့ D.O. ရဲ့ဒရာမာ 100 Days My Prince 

ဖိလစ်ပိုင်မှာ စံချိန်ချိုးသွားတဲ့ D.O. ရဲ့ဒရာမာ 100 Days My Prince 

EXO အဖွဲ့က D.O. ရဲ့ သရုပ်ဆောင်မှုကတော့ ဖိလစ်ပိုင်နိုင်ငံမှာပါ စံချိန်တွေ ချိုးကုန်ပါပြီ။ ၂၀၁၈ခုနှစ်မှာ tvN က ထုတ်လွှင့်ခဲ့တဲ့ D.O. ရဲ့ ကိုရီးယားဒရာမာ 100 Days My Prince ကို ထွက်ရှိပြီး တစ်နှစ်အကြာမှ ဖိလစ်ပိုင်ရဲ့ ပြည်တွင်းရုပ်သံလိုင်းမှာ ပြန်လည်ပြသခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ ပြည်တွင်းက ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ ABS-CBN ရုပ်သံလိုင်းက ဒီဒရာမာလေးကို ၂၀၁၉ခုနှစ် အောက်တိုဘာလ(၇)ရက်ကနေ နိုဝင်ဘာလ(၂၂)ရက်နေ့အထိ ပြသခဲ့ရာမှာ အခုလို စံချိန်ချိုးတဲ့အထိ အောင်မြင်မှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်က ဒရာမာပရိသတ်တွေကို အကြိုက်တွေ့စေခဲ့တာကြောင့် ဖိလစ်တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရှုသူ စံချိန်အမြင့်ဆုံးအထိ ဟုန်းဟုန်းတောက် အောင်မြင်သွားတာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ rating (18.2) ရာခိုင်နှုန်း ရရှိခဲ့ပြီး မြို့တွေအနေနဲ့ မနီလာမြို့မှာ (15.1) ရာခိုင်နှုန်း၊ အခြားမြို့တွေမှာ (16.4) ရာခိုင်နှုန်းနဲ့ ကျေးလက်ဘက်မှာ (20) ရာခိုင်နှုန်းဆိုပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo: koreaboo

ဒါဟာ ဒရာမာကို ထုတ်လွှင့်ပြသခဲ့တဲ့ time slot အတွင်း ကြည့်ရှုသူ အမြင့်မားဆုံးစံချိန်ကို ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း ပြသခဲ့တဲ့ အပိုင်း(၁၄)ပိုင်းကို ဖိလစ်ပိုင်ပြည်သူ စုစုပေါင်း (၁၀၈)သန်းထဲက (၁၈)သန်းခန့်က ကြည့်ရှုခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဖိလစ်ပိုင်က EXO-L တွေကတော့ အခုအောင်မြင်မှုနဲ့ ပတ်သက်ပြီး ဂုဏ်ယူမဆုံး ရှိနေကြပါတယ်။ D.O. ရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုနဲ့အတူ Chen ရဲ့ သာယာချိုမြတဲ့ တေးသံတို့ ပေါင်းစပ်ပါဝင်နေတဲ့ ဒီဒရာမာလေးဟာ EXO အဖွဲ့ဝင်တွေရဲ့ အောင်မြင်မှု ပြယုဂ်လည်း ဖြစ်တယ်လို့ ဆိုနေကြပါတယ်။

Photo: koreaboo

စံချိန်တွေနဲ့ ပတ်သက်လို့ကတော့ ဒီဒရာမာအနေနဲ့ အခုလို စံချိန်ချိုးသွားတာ ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ကိုရီးယားရဲ့ ရုပ်သံထုတ်လွှင့်မှု မှတ်တမ်းမှာ (၅)ခုမြောက် ကြည့်ရှုသူအများဆုံးအဖြစ်လည်း စံချိန်တင်ထားပါသေးတယ်။

ဒီဒရာမာလေးဟာ မြန်မာပြည်တွင်းမှာလည်း အလားတူ အောင်မြင်ခဲ့ပါသေးတယ်။ MRTV 4 ရုပ်သံလိုင်းကနေ ချစ်နေ့စွဲတစ်ရာ ဆိုတဲ့ နာမည်လေးနဲ့ ထုတ်လွှင့်ခဲ့ရာမှာလည်း ဒရာမာချစ်သူတွေ ဟတ်ထိခဲ့ကြရပါသေးတယ်။

Photo: koreaboo

ဇာတ်လမ်းအကြောင်းအရာကတော့ သမိုင်းကြောင်းနောက်ခံ ဒရာမာ ဖြစ်ပါတယ်။ Lee Yul (D.O.) ဆိုတဲ့ ကောင်လေးဟာ Yi Seo (Nam Jihyun) ဆိုတဲ့ ကောင်မလေးနဲ့ ကလေးဘ၀တည်းက ထူးခြားတဲ့ သံယောဇဉ်ရှိခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ညမှာတော့ Yi Seo ရဲ့အဖေဟာ Lee Yul အဖေရဲ့ လက်ချက်နဲ့ သေပွဲဝင်ခဲ့ရပါတော့တယ်။ အဲ့ဒီ့နောက် ဆယ်နှစ်ကြာတဲ့အခါမှာတော့ Lee Yul က အိမ်ရှေ့စံမင်းသားလေး ဖြစ်နေပြီး Yi Seo ကတော့ လက်မထပ်ရသေးတဲ့ အပျိုကြီးတစ်ယောက်အဖြစ် ဘ၀ကို ရုန်းကန်နေရတဲ့အခါ … ။

LaNina

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular