HomeCelebs Update NewsInternationalLas Vegas ရှိုးပွဲမှာ Adele ကို ဖုန်းနံပါတ်ပေးဖို့ ကြိုးစားခဲ့တဲ့ fan တစ်ဦး

Las Vegas ရှိုးပွဲမှာ Adele ကို ဖုန်းနံပါတ်ပေးဖို့ ကြိုးစားခဲ့တဲ့ fan တစ်ဦး

နာမည်ကျော်အဆိုတော် Adele ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူမရဲ့ဖျော်ဖြေပွဲမှာ ရယ်မောဖွယ်ရာ ဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့ခဲ့ပါတယ်။ အဲဒါကတော့ သူမရဲ့ရှိုးပွဲကို လာကြည့်တဲ့ အမျိုးသားပရိသတ်တစ်ယောက်ဟာ သူ့ရဲ့ဖုန်းနံပါတ်ကို Adele ဆီပေးဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။

Adele ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂)ရက်နေ့မှာ Weekends with Adele ဆိုတဲ့ ဖျော်ဖြေပွဲကို Las Vegas မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါဖျော်ဖြေပွဲအတွင်းမှာတော့ Adele ဟာ ပရိသတ်တွေကြားထဲမှာ လျှောက်လှမ်းပြီး တေးသီချင်းတစ်ပုဒ်ကို သီဆိုသွားပါတယ်။ သူမရဲ့ပရိသတ်တွေနဲ့ မျက်နှာချင်းဆိုင် နီးနီးကပ်ကပ် ထိတွေ့ရင်း ဖျော်ဖြေနေစဉ်မှာပဲ အမျိုးသားပရိသတ်တစ်ဦးက သူ့ရဲ့ဖုန်းနံပါတ်ကို Adele ဆီပေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

Photo: adele/ Instagram

ဖြစ်ပုံကတော့ Adele ဟာ When We Were Young သီချင်းကို သီဆိုပြီး ပရိသတ်တွေကြားထဲကို ဆင်းလာတာ ဖြစ်ပါတယ်။ တစ်နေရာအရောက်မှာတော့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ဖုန်းနံပါတ်ကို ရေးထားပုံရတဲ့ စာရွက်အပိုင်းအစတစ်ခုကို Adele ရဲ့လက်ထဲ မသိမသာနဲ့ ထည့်ပေးလိုက်ပါတယ်။

သို့သော်လည်း ကမ္ဘာပတ်ပြီး ဖျော်ဖြေပွဲတွေ လုပ်လာတဲ့ အဆိုတော်တစ်ယောက်အနေနဲ့ Adele ကတော့ ဒီအခြေအနေကို ပေါ့ပေါ့ပါးပါးနဲ့ပဲ တုံ့ပြန်ခဲ့ပါတယ်။ သူမဟာ သူမလက်ထဲကို ထည့်ပေးလာတဲ့ စာရွက်ပိုင်းလေးကို အဲဒီလူဆီကိုပဲ ပြန်ကမ်းပေးခဲ့ပြီး ရယ်ရယ်မောမောနဲ့ ရှေ့ဆက် လျှောက်သွားတာ တွေ့ရပါတယ်။

ဒီအဖြစ်အပျက်ကိုတော့ ပရိသတ်တွေကြားထဲမှာ မိုဘိုင်းလ်ဖုန်းနဲ့ အမှတ်တရ ဗွီဒီယိုရိုက်ကူးထားရာကနေ တွေ့ရှိခဲ့ရတာဖြစ်ပြီး လောလောဆယ်မှာတော့ ဒီဗွီဒီယိုဟာ အင်တာနက်မှာ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် The Mirror သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ Adele ဟာ သူမရဲ့သီချင်းတွေ ဖျော်ဖြေနေစဉ်အတွင်း “နည်းနည်းလောက် သွားသောက်လိုက်ကြပါဦး … ရှင်တို့မူးလေ ကျွန်မက ပိုအဆိုကောင်းလာလေပဲ …”လို့ ပရိသတ်တွေကို အရွှန်းဖောက်သွားတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အမာခံပရိသတ်တစ်ယောက်အနေနဲ့ သူရူးသွပ်စွာ ချစ်ခင်နှစ်သက်တဲ့ အနုပညာရှင်အပေါ် မိတ်ဖွဲ့ဖို့ကြိုးစားတာ၊ ဖုန်းနံပါတ်ပေးတာမျိုးတွေကတော့ အထူးအဆန်း မဟုတ်ပါဘူး။ တချို့ကံကောင်းသူတွေဆိုရင် ဒီလိုနည်းလမ်းတွေကနေပဲ သူတို့ရဲ့ချစ်ခင်ရတဲ့ artist တွေနဲ့ ရင်းနှီးခွင့်ရခဲ့တာ ဖြစ်သလို တချို့ဆိုရင်တော့ ချစ်သူရည်းစားအဆင့်ထိတောင် ရောက်သွားတာတွေလည်း ရှိပါတယ်။ သို့သော်လည်း ယခုတစ်ယောက်ကတော့ ကံမကောင်း အကြောင်းမလှဘဲ Adele နဲ့ မိတ်ဖွဲ့ခွင့် ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular