HomeEntertainmentFilmFantastic Beasts မှာ Johnny Depp ပြန်ပါလာနိုင်ချေရှိတယ်လို့ ပြောလာတဲ့ Mads Mikkelsen

Fantastic Beasts မှာ Johnny Depp ပြန်ပါလာနိုင်ချေရှိတယ်လို့ ပြောလာတဲ့ Mads Mikkelsen

မင်းသားကြီး Mads Mikkelsen ကတော့ Johnny Depp အနေနဲ့ Fantastic Beasts ရုပ်ရှင်ဇာတ်ကားထဲမှာ ပြန်လည် ပါဝင်လာနိုင်ချေရှိတယ်လို့ ပြောလာပါတယ်။ အသက်(၅၆)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Mads Mikkelsen ကတော့ တတိယမြောက် Fantastic Beasts ရုပ်ရှင်ဖြစ်တဲ့ Fantastic Beasts: The Secrets of Dumbledore ထဲမှာ Grindelwald ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့ပါတယ်။ Mikkelsen ဟာ Johnny Depp ရဲ့ မူလဇာတ်ရုပ်ဖြစ်တဲ့ Grindelwald နေရာမှာ အစားထိုး ဝင်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။

မကြာသေးခင်က ပြီးစီးခဲ့တဲ့ Johnny Depp ရဲ့အမှုအခင်းကိစ္စ အခြေအနေတွေကြောင့် နောက်ထပ် ထွက်ရှိလာမယ့် Fantastic Beasts ဇာတ်ကားတွေထဲမှာတော့ Depp ဟာ သူ့ရဲ့ဇာတ်ရုပ်ကို ပြန်လည် ရရှိနိုင်ချေရှိတယ်လို့ Mikkelsen က ပြောထားတာ ဖြစ်ပါတယ်။

Photo Credit: Warner Bros. Studios

“အခုကတော့ အခြေအနေက သိသိသာသာကြီး ပြောင်းလဲသွားပြီလေဗျာ။ တရားရုံးမှာလည်း အမှုကို နိုင်သွားပြီ။ အဲဒီတော့ သူ ပြန်လာမလားဆိုတာ ကြည့်ကြတာပေါ့။ ပြန်လာလောက်ပါတယ်။ ကျွန်တော်က သူ့ရဲ့တကယ့် အမာခံပရိသတ်ဗျ။ သူက တကယ်တော်တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ အလုပ်လုပ်တာလည်း တကယ်တော်တယ် …”

“အဲဒီလိုပြောရတာ ကျွန်တော် သူ့ကို လိုက်မတုနိုင်လို့ပါပဲ။ သူ့အတိုင်း လိုက်လုပ်လိုက်ရုံနဲ့ မဖြစ်ဘူးလေ။ အဲဒီဇာတ်ရုပ်မှာက သူ့ရဲ့မူပိုင်ဟန်တွေ အများကြီးပါနေတာကိုး။ ပြောရရင် သူ့နေရာကို ဝင်ရတာ ကိုယ့်သေတွင်းကိုယ်တူးရသလိုပါပဲ။ အဲဒီတော့ ကျွန်တော်တို့က တခြားတစ်ခုကို ပြန်ရှာဖွေရတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ပုံစံပေါ့။ ပြီးတော့ သူလုပ်သွားတဲ့ ဇာတ်ရုပ်နဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဟန်ကြားမှာ တံတားတစ်ခုနဲ့ ပေါင်းကူးလိုက်ရတာပေါ့ …”

Photo Credit: Warner Bros. Studios

“သူ့နေရာကို ဝင်လိုက်ရတာ တကယ် စွန့်စားမှုကြီးမားပြီး ကြောက်ဖို့လည်းကောင်းပါတယ်။ သူ့ပရိသတ်တွေကတော့ သိပ်ကိုချစ်ဖို့ကောင်းကြပါတယ်။ ဒါပေမယ့် အတော်လေးလည်း ခေါင်းမာကြတယ်ဗျ။ ကျွန်တော်ကတော့ သူတို့နဲ့သိပ်ပြီး မထိတွေ့ဖြစ်ပါဘူး။ ဒါပေမယ့် သူတို့ ဘာလို့ဒီကိစ္စနဲ့ ပတ်သက်ပြီး အသည်းကွဲကြလည်းဆိုတာ ကျွန်တော် နားလည်နိုင်ပါတယ် …” လို့ မင်းသားကြီး Mikkelsen က ပြောထားပါတယ်။

The Secrets of Dumbledore ကတော့ ထွက်ရှိဖူးသမျှ Harry Potter ဇာတ်ကားတွေထဲမှာ ရုံတင်အဖွင့်ငွေ အနည်းဆုံး ဖြစ်ပါတယ်။ နောက်ထပ် sequel ထွက်ရှိဖို့ကိုတော့ စတူဒီယိုဘက်က ဘာမှမကြေညာသေးပေမယ့် စာရေးဆရာမ J.K. Rowling ကတော့ Fantastic Beasts ကို စုစုပေါင်း ရုပ်ရှင်ငါးကား ထွက်ရှိဖို့ ရည်ရွယ်ထားတယ်လို့ ပြောထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular