HomeEntertainmentFilmယခုနှစ်အတွင်းမှာ Netflix က ပြသသွားမယ့် ရုပ်ရှင်ကားသစ် (၄၀)

ယခုနှစ်အတွင်းမှာ Netflix က ပြသသွားမယ့် ရုပ်ရှင်ကားသစ် (၄၀)

အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။

Netflix ဟာ သူ့ရဲ့ကိုယ်ပိုင် ရုပ်ရှင်ကားကောင်းတွေကို မကြာခဏ ထုတ်လုပ်လေ့ရှိပါတယ်။ အခုလိုမျိူး ကိုဗစ်ကြောင့် ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်အသစ်တွေ သိပ်မတင်နိုင်တော့ချိန်မှာလည်း Netflix ဟာ သူ့ရဲ့ကိုယ်ပိုင်ရုပ်ရှင်တွေကို ယခင်ကထက် ပိုမိုထုတ်လုပ်လာခဲ့ပါတယ်။ ဒါ့အပြင် ယခုနှစ်အတွင်းမှာပဲ Netflix ဟာ သူ့ရဲ့ကိုယ်ပိုင် ရုပ်ရှင်ကားပေါင်း (၄၁)ကားတောင် ထုတ်လုပ်သွားဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် Netflix ပရိသတ်တွေအတွက် အဲ့ဒီရုပ်ရှင် (၄၁)ကားကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

စက်တင်ဘာ

Afterlife of the Party – ဇာတ်လမ်းအကျဉ်းကတော့ ပါတီပွဲတွေမှာ ပျော်ပါးလေ့ရှိတဲ့ ကောင်မလေးတစ်ယောက်ဟာ တစ်ရက်မှာတော့ မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားပါတယ်။ အဲ့ဒီနောက်မှာ‌တော့ သူမဟာ ဘဝမကူးခင် လူ့ဘဝမှာ မပြီးပြတ်သေးတဲ့ သူမရဲ့ ကိစ္စတွေကို ပြုလုပ်ဖို့ အချိန်ငါးရက် ရထားပါတယ်။ ဒီရုပ်ရှင်ကတော့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် ရုပ်ရှင်တစ်ကား ဖြစ်ပြီး စက်တင်ဘာလ (၂)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Photo via Netflix

Worth – ဒီရုပ်ရှင်ကတော့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ၂၀၀၁ ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကြောင့် လူပေါင်းများစွာ ထိခိုက်သေဆုံးခဲ့ရတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ရှေ့နေတစ်ယောက်ဟာ အဲ့ဒီလူတွေကို ကူညီပေးဖို့ ကြိုးစားတဲ့အကြောင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ စက်တင်ဘာလ (၃)ရက်နေ့မှာ ထွက်လာမှာပါ။

Photo via IMDb

Blood Brothers: Malcolm X & Muhammad Ali – ဇာတ်လမ်းကတော့ (၂၀)ရာစုမှာ ထင်ရှားခဲ့သူ နှစ်ယောက်ဖြစ်တဲ့ Muhammad Ali နဲ့ Malcom X တို့ နှစ်ယောက်ရဲ့ အလွန်ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးအကြောင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ အကြောင်းအမျိူးမျိူးကြောင့် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အဆင်မပြေ ဖြစ်လာပါတော့တယ်။ ဒီကားကတော့ စက်တင်ဘာလ (၉)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Photo via IMDb

Kate – ဇာတ်လမ်းကတော့ ရာဇဝတ်သားတစ်ယောက်ဟာ အဆိပ်မိသွားပြီး သူမရဲ့ ရန်သူတွေကို လက်စားချေဖို့ အချိန်နာရီပိုင်းပဲ ကျန်ပါတော့တယ်။ သူမဟာ ဒီလိုမျိူး လက်စားချေနေရင်း သူမကြောင့် သေဆုံးသွားသူရဲ့ သမီးနဲ့ ထူးထူးခြားခြား သံယောဇဉ်တွယ်မိသွားပါတော့တယ်။ ဒီကားကတော့ စက်တင်ဘာလ (၁၀)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Photo via rottentomatoes

Nightbooks – ဇာတ်လမ်းကတော့ ဆိုးသွမ်းတဲ့ စုန်းမလေးတစ်ယောက်ဟာ သူမရဲ့တိုက်ခန်းထဲမှာ ကောင်လေးတစ်ယောက်ကို ဖမ်းထားပါတယ်။ အဲ့ဒီကောင်လေးကတော့ ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေကို စိတ်ဝင်စားသူ ဖြစ်ပြီး ဘာတွေဆက်ဖြစ်မလည်း ဆိုတာကို စက်တင်ဘာ (၁၅)ရက်နေ့မှာ ကြည့်ရှုလိုက်ပါ။

Photo via IMDb

Schumacher – ဇာတ်လမ်းကတော့ Formula 1 ကားပြိုင်ပွဲမှာ (၇)ကြိမ်တောင် အနိုင်ရရှိခဲ့တဲ့ ပြိုင်ကားမောင်းသူ Michael Schumacher ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ စက်တင်ဘာ (၁၅)ရက်မှာပဲ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Intrusion – ဇာတ်လမ်းကတော့ အမျိူးသမီးတစ်ယောက်ဟာ သူမရဲ့ ခင်ပွန်းနဲ့အတူ မြို့ငယ်လေးတစ်မြို့ကို ပြောင်းလာရာက စတင်ပါတယ်။ အိမ်ပြောင်းလာပြီး သိပ်မကြာခင်မှာပဲ သူမရဲ့အိမ်မှာ ဖောက်ထွင်းခံရပါတော့တယ်။ ဒီရုပ်ရှင်ကိုတော့ စက်တင်ဘာ (၂၂)ရက်နေ့မှာ စတင်ကြည့်ရှုနိုင်ပါပြီ။

The Starling – ဇာတ်လမ်းကတော့ Lily ဟာ ဆုံးရှုံးမှုတစ်ခုနဲ့ ကြုံတွေ့ပြီး အလွန်စိတ်ဓာတ်ကျနေပါတယ်။ အဲ့ဒီနောက်မှာတော့ သူမ နေထိုင်တဲ့ အိမ်အနားမှာ ငှက်တစ်ကောင်က အသိုက်လာဆောက်ပြီး နေထိုင်ပါတယ်။ ဒါ့အပြင် အဲ့ဒီငှက်ဟာ Lily ကို စိတ်အနှောင့်အယှက်ဖြစ်အောင် နည်းအမျိူးမျိူးနဲ့ လုပ်နေတာကြောင့် Lily က အဲ့ဒီငှက်ကို မောင်းထုတ်ဖို့ ကြိုးစားရင်း ပြန်လည် အားတက်လာပါတော့တယ်။ ဒီရုပ်ရှင်ကတော့ စက်တင်ဘာ (၂၄)ရက်မှာ ပြသသွားမှာပါ။

Photo via IMDb

My Little Pony: A New Generation – ဇာတ်လမ်းကတော့ Earth Pony နဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ ယူနီကွန်းလေး Izzy တို့ရဲ့ စွန့်စားခန်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ စက်တင်ဘာ (၂၄)ရက်မှာပဲ ထွက်ရှိလာမှာပါ။

Photo via IMDb

Sound Like Love – ဇာတ်လမ်းက‌တော့ Maca ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမ ချစ်ရသူနဲ့ ပြတ်သွားပြီး အချိန်အတော်ကြာ ခံစားခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ စိတ်သစ်လူသစ် ဖြစ်နေတဲ့အချိန်ကျမှ သူမရဲ့အသည်းကို ခွဲသွားတဲ့သူက ပြန်လည်ရောက်ရှိလာပါတော့တယ်။ ဒီရုပ်ရှင်ကတော့ စက်တင်ဘာ (၂၉)ရက်မှာ ထွက်ရှိလာမှာပါ။

Photo via IMDb

No One Gets Out Alive – ဇာတ်လမ်းကတော့ အမေရိကန်နိုင်ငံက ရွေ့ပြောင်းနေထိုင်သူတစ်ယောက်ဟာ အဆောင်တစ်ခုမှာ နေထိုင်ဖို့ ဖိအားပေးခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ မလွတ်မြောက်နိုင်တဲ့ အိပ်မက်ဆိုးကြီးထဲမှာ ပိတ်မိသွားပါတော့တယ်။ ဒီကားကလည်း (၂၉)ရက်နေ့မှာပဲ ထွက်ရှိလာမှာပါ။

အောက်တိုဘာ

The Guilty – ဇာတ်လမ်းကတော့ ရဲအရာရှိတစ်ယောက်ဟာ ရာထူးချခံလိုက်ရပြီး ရုံးမှာပဲ ဖုန်းလက်ခံပြောရတဲ့ အဆင့်ကို ရောက်သွားပါတော့တယ်။ တစ်ရက်မှာတော့ သူဟာ ပြန်ပေးဆွဲခံထားရတဲ့ အမျိူးသမီးတစ်ယောက်ရဲ့ ဖုန်းကို လက်ခံရရှိပြီး သူ့အတွက် ဒွိဟတွေ ဖြစ်လာပါတော့တယ်။ ဒီကားကတော့ အောက်တိုဘာ (၁)ရက်နေ့မှာ ထွက်ရှိလာမှာပါ။

Diana: The Musical – ဒါကတော့ ပြည်သူတွေရဲ့အချစ်တော် ဒိုင်ယာနာမင်းသမီးအကြောင်းကို musical အနေနဲ့ ပြန်လည် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီကားကလည်း အောက်တိုဘာ (၁)ရက်နေ့မှာပဲ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

There’s Someone Inside Your House – ဆယ်ကျော်သက်လေးတစ်ယောက်ဟာ သူ့ရဲ့အဘွားဆီကို ပြောင်းရွှေ့နေထိုင်ပြီး နောက်မှာတော့ သူမရဲ့ကျောင်းက ကျောင်းသားအချို့ဟာ အသတ်ခံလိုက်ရပါတယ်။ ဒါကြောင့်ပဲ သူမဟာ သူမရဲ့အတိတ်နဲ့ ပြန်ပြီး ရင်ဆိုင်ရပါတော့တယ်။ ဒီကားကတော့ အောက်တိုဘာ (၆)ရက်နေ့မှာ ထွက်ရှိလာမှာပါ။

Night Teeth – ဇာတ်လမ်းကတော့ ကောင်လေးတစ်ယောက်ဟာ ပါတီတွေ တစ်ခုပြီးတစ်ခုကို သွားနေရင်းနဲ့ ထူးဆန်းတဲ့ ကောင်မလေးနှစ်ယောက်ကိုပါ ခေါ်လာမိပါတယ်။ အဲ့ဒီနောက် ကောင်မလေးနှစ်ယောက်ဟာ ပုံမှန်မဟုတ်ဘဲ အန္တရာယ်ရှိတယ်ဆိုတာကို သိသွားတဲ့ အချိန်မှာတော့ သူဟာ အသက်ရှင်သန်နိုင်ဖို့အတွက် ကြိုးစားရပါတော့တယ်။ ဒီကားကတော့ အောက်တိုဘာ (၂၀)ရက်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Stuck Together – ဒီရုပ်ရှင်အတွက် ဇာတ်လမ်းအကျဉ်းကိုတော့ သေချာမသိရသေးပါဘူး။ ထွက်ရှိလာမယ့် ရက်ကတော့ အောက်တိုဘာ (၂၀)ရက်ပဲ ဖြစ်ပါတယ်။

Army of Thieves – ဒီရုပ်ရှင်ကတော့ မကြာခင်တုန်းက ထွက်ရှိထားတဲ့ Army of the Dead ထဲက Ludwig Dieter ရဲ့ Spin-Off ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဇွန်ဘီအဖြစ်အပျက်တွေ မတိုင်ခင်တုန်းက Ludwig ဟာ သူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ခိုးယူကြတဲ့ အကြောင်းကို မြင်တွေ့ရမှာပါ။ ဒီကားကတော့ အောက်တိုဘာ (၂၉)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Photo via IMDb

Hypnotic – ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်တစ်ယောက်ဟာ ပျောက်ဆုံးသွားတဲ့ သူ့ရဲ့သမီးကို လိုက်လံစုံစမ်းနေရင်းနဲ့ အစိုးရရဲ့ လျှို့ဝှက်ပရိုဂရမ်တစ်ခုနဲ့ သွားရောက် ပတ်သက်မိတဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ထွက်ရှိလာမယ့် ရက်အတိအကျကို မသိရသေးဘဲ အောက်တိုဘာလထဲမှာပဲ ထွက်လာမယ်လို့ သိရပါတယ်။

Fever Dream – ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကိုတော့ သေချာမသိရသေးဘဲ Horror ဇာတ်လမ်းလို့ပဲ သိထားရပါတယ်။ ဒီရုပ်ရှင်ကတော့ အောက်တိုဘာလမှာ ထွက်ရှိလာမှာ ဖြစ်ပြီး ရက်အတိအကျကိုတော့ မသိရသေးပါဘူး။

နိုဝင်ဘာ

The Harder They Fall – ဇာတ်လမ်းအကျဉ်းကတော့ ဝရမ်းပြေးတစ်ယောက်ဟာ သူ့ရဲ့ရန်သူက ထောင်က လွတ်လာတာကို သိလိုက်ရတာနဲ့ လက်စားချေဖို့အတွက် သူ့ရဲ့အဖွဲ့ကို စုစည်းပါတော့တယ်။ ဒီရုပ်ရှင်ကတော့ နိုဝင်ဘာလ (၃)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Image Courtesy: Netflix

Love Hard – ဇာတ်လမ်းအကျဉ်းကတော့ အချစ်ရေးမှာ ကံမကောင်းတဲ့ ကောင်မလေးတစ်ယောက်ဟာ Dating App မှာ ရှာတွေ့တဲ့ ကောင်လေးတစ်ယောက်ကို ကြွေသွားပါတယ်။ အဲ့ဒီနောက်မှာတော့ ပိတ်ရက်တစ်ခုမှာ သူမက အဲ့ဒီကောင်လေးကို Surprise လုပ်မယ်ဆိုပြီး အသွားမှာတော့ အဲ့ဒီကောင်လေးဟာ Dating App မှာ တခြားသူတစ်ယောက်ရဲ့ ပုံကို ယူသုံးထားမှန်း သိလိုက်ရပါတော့တယ်။ ဒီကားကတော့ နိုဝင်ဘာလ (၅)ရက်နေ့မှာ ထွက်ရှိလာမှာပါ။

Passing – ဇာတ်လမ်းကတော့ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းဖြစ်ခဲ့ကြတဲ့ ကောင်မလေးနှစ်ယောက်ဟာ တစ်ရက်မှာတော့ မထင်မှတ်ဘဲ ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ကြားမှာ ဘာတွေဆက်ဖြစ်မလည်း ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီကားကတော့ နိုဝင်ဘာလ (၁၀)ရက်နေ့မှာ ထွက်လာမှာ ဖြစ်ပါတယ်။

Red Notice – ဇာတ်လမ်းကတော့ အင်တာပို အေးဂျင့်တစ်ယောက်ဟာ ကမ္ဘာ့အလိုရှိဆုံး ပန်းချီကားသူခိုးတစ်ယောက်ကို ဖမ်းဆီးဖို့အတွက် လိုက်လံစုံစမ်းနေရင်း ကမ္ဘာ့အလိုရှိဆုံး လူလိမ်တစ်ယောက်နဲ့ တွေ့ဆုံကြပုံကို မြင်တွေ့ရမှာပါ။ ဒီကားကတော့ နိုဝင်ဘာလ (၁၂)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Tick, Tick…Boom! – ဇာတ်လမ်းကတော့ အရည်အချင်းရှိတဲ့ ပြဇာတ်ဂီတဆရာတစ်ယောက်ရဲ့ ဘဝအကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ နိုဝင်ဘာလ (၁၉)ရက်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Bruised – ဇာတ်လမ်းကတော့ MMA ဖိုက်တာတစ်ယောက်ဟာ သူမရဲ့ကလေးကို မွေးကင်းစ အရွယ်ကတည်းက စွန့်လွှတ်လိုက်ရပြီး အဲဒီနောက်မှာတော့ မထင်မှတ်ထားဘဲ သူမရဲ့ဘဝထဲကို အဲ့ဒီကလေးက ပြန်လည် ဝင်ရောက်လာခဲ့ပါတယ်။ ဒီကားကတော့ နိုဝင်ဘာလ (၂၄)ရက်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Robin Robin – ဒီ Animation ကတော့ Stop-Motion ပုံစံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကြွက်တွေက ပြုစုပျိူးထောင်တာကို ခံခဲ့ရတဲ့ ငှက်ကလေးတစ်ကောင်ဟာ နောက်ပိုင်းမှာတော့ သူက ဘယ်နေရာနဲ့ သက်ဆိုင်လည်း ဆိုတာကို မေးခွန်းထုတ်လာပါတော့တယ်။ ဒီကားကလည်း နိုဝင်ဘာလ (၂၇)ရက်နေ့မှာပဲ ထွက်ရှိလာမှာပါ။

14 Peaks: Nothing is Impossible – ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကိုတော့ သေချာမသိရပါသေးဘူး။ ထွက်ရှိလာမယ့် ရက်ကတော့ နိုဝင်ဘာလ (၂၉)ရက်နေ့ပဲ ဖြစ်ပါတယ်။

7 Prisoners – ဇာတ်လမ်းကတော့ အသက်(၁၈)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့မိသားစုကို ထောက်ပံ့ချင်တာကြောင့် အလုပ်တစ်ခုကို လက်ခံလိုက်ပါတယ်။ နောက်ပိုင်းမှ သိလိုက်ရတာကတော့ သူအပါအဝင် အလုပ်လုပ်ဖို့လာတဲ့ တခြားကောင်လေးတွေဟာ အန္တရာယ်များတဲ့ လူကုန်ကူးလောကထဲမှာ ပိတ်မိသွားပြီဆိုတာပဲ ဖြစ်ပါတယ်။ ဒီကားကတော့ နိုဝင်ဘာလမှာပဲ ထွက်ရှိလာမှာ ဖြစ်ပြီး ရက်အတိအကျတော့ မသိရသေးပါဘူး။

A Boy Called Christmas – ဇာတ်လမ်းကတော့ Nikolas ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ သူ့ရဲ့ စွန့်စားခန်းတွေအကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီကားကလည်း နိုဝင်ဘာလမှာပဲ ထွက်လာမှာ ဖြစ်ပေမယ့်လည်း ရက်အတိအကျတော့ မသိရသေးပါဘူး။

A Castle For Christmas – ဇာတ်လမ်းကတော့ နာမည်ကြီး စာရေးဆရာတစ်ယောက်ဟာ စကော့တလန်နိုင်ငံကို ခရီးထွက်ခဲ့ပြီး ရဲတိုက်တစ်လုံး ဝယ်ချင်စိတ် ဖြစ်လာပါတယ်။ ရဲတိုက်ပိုင်ရှင်ကတော့ ဇီဇာကြောင်သူတစ်ယောက် ဖြစ်ပြီး သူ့ရဲ့ ရဲတိုက်ကို နိုင်ငံခြားသားတစ်ယောက်ဆီ မရောင်းလိုက်ချင်ပါဘူး။ ဒီကားကလည်း နိုဝင်ဘာလအတွင်းမှာပဲ ထွက်ရှိလာမှာပါ။

The Princess Switch 3 – ဇာတ်လမ်းကတော့ မင်းသမီးရဲ့ တန်ဖိုးထားရတဲ့ ပစ္စည်းတစ်ခုဟာ အခိုးခံလိုက်ရတာကြောင့် လူတစ်ယောက်ကို အဲ့ဒီပစ္စည်း ပြန်လည်ယူလာဖို့ တာဝန်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ဘယ်လိုမျိူး မထင်မှတ်ထားတာတွေ ဖြစ်မလည်းဆိုတာကို မြင်တွေ့ရမှာပါ။ ဒီကားကလည်း နိုဝင်ဘာလမှာပဲ ထွက်လာမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ

The Power of the Dog – ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကိုတော့ သေချာမသိရသေးပါဘူး။ ထွက်ရှိလာမယ့် ရက်ကတော့ ဒီဇင်ဘာလ (၁)ရက်နေ့ ဖြစ်ပါတယ်။

Shaun The Sheep: The Flight Before Christmas – ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကိုတော့ သေချာမသိရသေးပါဘူး။ ထွက်ရှိလာမယ့် ရက်ကတော့ ဒီဇင်ဘာလ (၃)ရက်နေ့ ဖြစ်ပါတယ်။

The Unforgivable – ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကိုတော့ သေချာမသိရသေးပါဘူး။ ထွက်ရှိလာမယ့် ရက်ကတော့ ဒီဇင်ဘာလ (၁၀)ရက်နေ့ ဖြစ်ပါတယ်။

The Hand of God – ဇာတ်လမ်းကတော့ ၁၉၈၀ ကျော်ကာလမှာ Naples မြို့မှာ ကြီးပြင်းလာတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ ဒီဇင်ဘာလ (၁၅)ရက်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Don’t Look Up – ဇာတ်လမ်းကတော့ နာမည်သိပ်မကြီးတဲ့ နက္ခတ္တ ဗေဒပညာရှင်နှစ်ယောက်ဟာ ကြယ်တံခွန်တစ်ခုကြောင့် ကမ္ဘာကြီး ပျက်စီးသွားနိုင်တယ်ဆိုတာကို လူသားတွေကို သတိပေးဖို့ နာမည်ကြီးမီဒီယာတွေဆီကို သွားရပါတော့တယ်။ ဒီကားကတော့ ဒီဇင်ဘာလ (၂၄)ရက်မှာ ထွက်ရှိလာမှာပါ။

The Lost Daughter – ဇာတ်လမ်းကတော့ အမျိူးသမီးတစ်ယောက်ဟာ ကမ်းခြေကို အပန်းဖြေခရီး ထွက်လာရာက စတင်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမရဲ့ အတိတ်ကအရာတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့ အပန်းဖြေခရီးကနေ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တွေ ဖြစ်လာပါတော့တယ်။ ဒီကားကတော့ ဒီဇင်ဘာလ (၃၁)ရက်မှာ ထွက်ရှိလာမှာပါ။

Back to the Outback – ဇာတ်လမ်းကတော့ ဩစတေးလျနိုင်ငံရဲ့ ကြောက်စရာအကောင်းဆုံး တိရစ္ဆာန်တွေဟာ တိရစ္ဆာန်ရုံထဲမှာ ပိတ်ခံထားရတာကို မကြိုက်တော့ဘဲ အဲ့ဒီတိရစ္ဆာန်ရုံကနေ ထွက်ပြေးလွတ်မြောက်ဖို့ စီစဉ်ပါတော့တယ်။ ဒီ Animation ကတော့ ဒီဇင်ဘာလအတွင်းမှာပဲ ထွက်ရှိလာမှာပါ။

Mixtape – ဇာတ်လမ်းကတော့ ကောင်မလေးတစ်ယောက်ဟာ သူ့အမေရဲ့ Mixtape တစ်ခုကို မတော်တဆ ဖျက်ဆီးမိသွားပါတယ်။ ဒါကြောင့်ပဲ သူမဟာ အဲ့ဒီ Mixtape ထဲမှာ ပါဝင်နိုင်တဲ့ သီချင်းတွေကို ခန့်မှန်းပြီး လိုက်လံရှာဖွေရပါတော့တယ်။ ဒီကားကလည်း ဒီဇင်ဘာလအတွင်းမှာပဲ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Single All The Way – ဇာတ်လမ်းကတော့ Peter ဆိုတဲ့ ကောင်လေးဟာ Single ဖြစ်နေပြီး သူ့ရဲ့မိသားစုက အဲ့ဒီအချက်ကိုပဲ အမြဲတမ်း မကောင်းပြောဆိုနေပါတယ်။ ဒါကြောင့်ပဲ Peter ဟာ သူ့ရဲ့သူငယ်ချင်း Nick ကို ခရီးတစ်ခုအတူတူသွားဖို့ ဖြောင်းဖြခဲ့ပြီး သူတို့နှစ်ယောက်က တွဲနေတယ်လို့ ဟန်ဆောင်ပါတော့တယ်။ ဒီကားကလည်း ဒီဇင်ဘာလမှာပဲ ထွက်ရှိလာမှာပါ။

ဒါကတော့ ယခုနှစ်အတွင်း Netflix က ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ အခုလို ရုပ်ရှင်နဲ့ အခြားဖျော်ဖြေရေးဆိုင်ရာ ဆောင်းပါးတွေ ဖတ်ချင်ရင် ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular