HomeCelebs Update NewsInternationalFury ရုပ်ရှင်တုန်းက ရန်လိုတဲ့ Shia LaBeouf ကြောင့် Brad Pitt က ဖြန်ဖျေပေးခဲ့ရတယ်ဆိုတဲ့ Scott Eastwood

Fury ရုပ်ရှင်တုန်းက ရန်လိုတဲ့ Shia LaBeouf ကြောင့် Brad Pitt က ဖြန်ဖျေပေးခဲ့ရတယ်ဆိုတဲ့ Scott Eastwood

သရုပ်ဆောင် Scott Eastwood ကတော့ နာမည်ကျော် စစ်ကားတစ်ကားဖြစ်တဲ့ Fury ရိုက်ကူးတုန်းက Shia LaBeouf နဲ့ စကားများရမလို ဖြစ်ခဲ့ရလို့ Brad Pitt က ဝင်ရောက်ဖြန်ဖျေပေးခဲ့ရတဲ့ အမှတ်တရတစ်ခုအကြောင်းကို ပြောပြလာပါတယ်။

အသက်(၃၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ သရုပ်ဆောင် Scott Eastwood ဟာ မကြာသေးခင်ကပဲ Insider သတင်းဌာနနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စစ်နောက်ခံ ဒရာမာဇာတ်ကား Fury ရဲ့ ရိုက်ကူးရေးတုန်းက အမှတ်တရတစ်ခုကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo: scotteastwood/ Instagram

အဲဒါကတော့ ရိုက်ကွင်းပေါ်မှာ ရိုက်ကူးရေး ပြုလုပ်နေရင်း Scott Eastwood ရဲ့ ကာရိုက်တာဟာ တင့်ကားပေါ်ကို တံတွေးနဲ့ ထွေးလိုက်ရာက စတင်တာ ဖြစ်ပါတယ်။ ဒါကို မြင်လိုက်တဲ့ Shia LaBeouf ဟာ ဒေါသထွက်ပြီး Scott Eastwood နဲ့ စကားများမလို ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာပဲ Brad Pitt က ကြားဝင်လာပြီး နှစ်ယောက် အကျယ်အကျယ် မဖြစ်ရလေအောင် ဖြန်ဖြေပေးခဲ့တယ်လို့ Scott Eastwood က ပြောပြထားပါတယ်။

“သရုပ်ဆောင်တစ်ယောက်အနေနဲ့ ခင်ဗျားလုပ်ရတဲ့ process တွေဟာ ရိုက်ကွင်းပေါ်က တခြားလူတွေအပေါ် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပိုခက်ခဲမသွားသင့်ဘူးလို့ ကျွန်တော်တော့ ထင်တယ်။ ကာရိုက်တာအတွက် လုပ်ရတာတွေဟာ ရိုက်ကွင်းကို ပိုပြီးကောင်းမွန်စေဖို့ပဲ ဖြစ်သင့်တယ်။ ပိုခက်ခဲမသွားစေသင့်ဘူး။ ပြီးတော့ လူတွေက တကယ့် ချီးထုပ်ကျတဲ့ လုပ်ငန်းခွင်ကြီးမှာ စိတ်မသက်မသာနဲ့ လုပ်နေရတဲ့ပုံစံမျိုးလည်း မဖြစ်သွားစေသင့်ဘူး … ” လို့ Scott Eastwood က ဆိုပါတယ်။

Photo Credit: SONY Pictures

ဒီအကြောင်းနဲ့ ပတ်သက်ပြီး People သတင်းဌာနဟာ Brad Pitt ရဲ့ ကိုယ်စားလှယ်ဆီကို ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားခြင်းတော့ မရှိဘူးလို့ သိရပါတယ်။ သို့သော်လည်း မင်းသားကြီး Brad Pitt ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ၂၀၁၄ ခုနှစ်တုန်းက GQ မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောပြထားဖူးတာ ရှိပါတယ်။

အဲဒါကတော့ Scott Eastwood ဟာ ရိုက်ကွင်းပေါ်မှာ ဆေးရွက်ကြီး ငုံထားပြီး တင့်ကားပေါ်ကို ထွေးချတဲ့ပြဿနာ ဖြစ်ပါတယ်။ ဒါကို Brad Pitt ကလည်း တင့်ကားပေါ်ကို အဲဒီလို မထွေးချဖို့ သူ့ကို သတိပေးထားခဲ့သေးတယ်လို့ ဆိုပါတယ်။

Photo Credit: Giles Keyte/ CTMG/ SONY Pictures

“ဒီတင့်ကားက ကျုပ်တို့ရဲ့ အိမ်လိုပဲလေဗျာ။ သူက အဲဒီလို လုပ်နေတော့ ကျုပ်လည်း ပူရလောင်ရတဲ့ကြားထဲ စိတ်က တိုလာရော။ သူ ဒီလိုလုပ်တာ အိမ်ကို မလေးမစား လုပ်တာနဲ့ အတူတူပဲလေ။ အဲဒါနဲ့ ကျုပ်လည်း ရိုက်ကွင်းပေါ်မှာ ကင်မရာတွေ ချိန်ပြီး ရိုက်နေတဲ့ကြားထဲကပဲ မင်း အဲဒါကို ပြီးရင် သန့်ရှင်းရေး ပြန်လုပ်ရမယ်နော်လို့ ပြောပစ်လိုက်တယ် … ”

“အဲဒီမှာတင် Shia က ထပြီး ဒေါပွတော့တာပဲ။ ခင်ဗျား သူ့ကို နားလည်ရလိမ့်မယ်။ ကျုပ်တို့အားလုံး တကယ် ပြင်းထန်တဲ့ စစ်ရေးထရိန်နင်တွေကို ဖြတ်သန်းခဲ့ရတာ။ ဒီတင့်ကားထဲမှာပဲ ကျုပ်တို့ အများကြီး ကျော်ဖြတ်ခဲ့ရတာ။ အဲဒီတော့ Shia က သူ အဲ့လိုလုပ်တာကို မြင်လိုက်ရတဲ့အချိန်မှာ ကျုပ်လိုပဲ ခံစားရတာပဲ။ ဒီကောင် ငါတို့အိမ်ကို မလေးမစား လုပ်နေတာဆိုပြီးတော့လေ … ”

Photo Credit: SONY Pictures

“အဲဒီမှာတင် Shia က သူ့ကို ပြောဆိုတော့တာပေါ့။ ဒါပေမယ့် ရယ်ရတာက အဲဒီ့နေ့ အဲ့ကိစ္စတွေဖြစ်ပြီး အိမ်ပြန်လို့ ညဘက် ဇာတ်ညွှန်းပြန်ဖတ်ကြည့်တော့မှ Scotty ရဲ့ ကာရိုက်တာက ဆေးရွက်ကြီးတွေငုံပြီး တင့်ကားရဲ့အနောက်ဘက်ကို ထွေးချတယ်ဆိုတဲ့ ဇာတ်ညွှန်းက ပါနေတာ တွေ့လိုက်ရတာပဲ။ တကယ်တော့ သူက ဇာတ်ညွှန်းထဲမှာ ပါတဲ့အတိုင်းပဲ လုပ်နေတာဗျ။ အဲဒီတော့ နောက်ဆုံးကျ ကျုပ်တို့က ယီးတွေ ဖြစ်ကုန်တော့တာပေ့ါဗျာ … ” လို့ Brad Pitt က ဒီကိစ္စကို ပြောပြခဲ့ဖူးပါတယ်။

Scott Eastwood ကလည်း ဒီကိစ္စကို GQ နဲ့ အင်တာဗျူးမှာ အသေးစိတ် ပြောပြခဲ့ပါသေးတယ်။ “ကျွန်တော်က Brad Pitt နဲ့ ဇာတ်ဝင်ခန်းတစ်ခန်း ရိုက်နေတဲ့အချိန်မှာပေါ့ဗျာ။ ကျွန်တော်က ဆေးရွက်ကြီးလည်း ငုံထားတယ်။ အဲဒီမှာ Shia က ကျွန်တော် အဲလိုဆေးရွက်ကြီးငုံတာကို မကြိုက်ဘူး။ ပြီးတော့ သူ့ရဲ့ တင့်ကားပေါ်ကို တံတွေးနဲ့ မထွေးဖို့ ပြောတယ်။ ပြီးတော့ ကျွန်တော့်ကို သန့်ရှင်းရေးလည်း လုပ်ခိုင်းတယ် … ”

Photo Credit: SONY Pictures

“အဲဒါနဲ့ ကျွန်တော်လည်း သူ့ကို ဆဲလွှတ်လိုက်တယ်။ အဲဒီမှာ Brad က ကြားဝင်လာပြီး ကျွန်တော်တို့ကို ဖြန်ဖျေပေးခဲ့ရတယ် … ” လို့ ဆိုပြီး Shia LaBeouf ဟာ ရိုက်ကွင်းတလျှောက် တကယ့် စိတ်ဒုက္ခပေးတဲ့သူလို့ Scott Eastwood က ပြောပြထားပါတယ်။

သို့သော်လည်း မင်းသားကြီး Brad Pitt ကတော့ Shia LaBeouf ဘက်က အပြည့်အဝ ရပ်တည်ခဲ့ကာ Shia ဟာ သူတွေ့ဖူးသမျှ သရုပ်ဆောင်တွေထဲမှာ အကောင်းဆုံး သရုပ်ဆောင်တစ်ယောက်ပါလို့ ပြောခဲ့ပါသေးတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular