HomeEntertainmentFilmGame of Thrones Universe ထဲက ထူးဆန်းတဲ့ သတ္တဝါကြီးများ

Game of Thrones Universe ထဲက ထူးဆန်းတဲ့ သတ္တဝါကြီးများ

Game of Thrones ဇာတ်လမ်းတွဲရဲ့ Prequel ဖြစ်တဲ့ House of Dragon ဇာတ်လမ်းတွဲကတော့ မကြာခင်ကပဲ Season 1 ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ နဂါးတွေများစွာကို မြင်တွေ့ခဲ့ရသလို နောက်ပိုင်းမှာ ထွက်ရှိလာမယ့် Season တွေထဲမှာတော့ နဂါးတွေနဲ့ တိုက်ခိုက်ကြတဲ့ ပြည်တွင်းစစ်ကြီးကိုလည်း မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Universe ထဲမှာတော့ နဂါးတစ်မျိူးပဲ ရှိတာမဟုတ်ဘဲ တခြားသော ထူးဆန်းတဲ့ သတ္တဝါတွေလည်း ရှိပါသေးတယ်။

Kraken

photo via screenrant

နဂါးတွေက ကောင်းကင်ကို စိုးမိုးထားတဲ့ အချိန်မှာတော့ Kraken တွေက ပင်လယ်ပြင်ကို ကြီးစိုးထားကြပါတယ်။ ဒီ Universe ထဲက Kraken တွေကတော့ ကင်းမွန်အကြီးစားတွေ ဖြစ်ကြပြီး Pirates of the Caribbean ထဲကလို ပုံစံမျိူးနဲ့တော့ မတူပါဘူး။ ဒါ့အပြင် Kraken တွေဟာ Greyjoy အိမ်တော်ရဲ့တံဆိပ်ပဲ ဖြစ်ပြီး Greyjoy တွေဟာ သူတို့ရဲ့ Throne ကိုတောင် Kraken ရဲ့ ပုံအဖြစ် ထွင်းထုထားကြပါတယ်။

Kraken တွေကတော့ ဝေလငါးဖမ်းသင်္ဘောတွေကို တိုက်ခိုက်လေ့ရှိပြီး ပင်လယ်ပြင်ထဲက ကြောက်စရာသတ္တဝါတွေ ဖြစ်တဲ့ Sea Dragon တွေ၊ Leviathan တွေနဲ့တောင် ယှဉ်ပြိုင်နိုင်ပါတယ်။ ဒဏ္ဍာရီအချို့အရ ဆိုရင်တော့ Targaryen တွေက နဂါးတွေကို ထိန်းချုပ်နိုင်သလိုပဲ ရှေးဟောင်း Ironborn တွေကတော့ Magical Horn တစ်ခုကို ပိုင်ဆိုင်ပြီး Kraken တွေကို ထိန်းချုပ်ကာ တိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။

Old Men of the River

photo via screenrant

လောလောဆယ်မှာတော့ HBO ဟာ GOT နဲ့ ပတ်သက်တဲ့ Spin-Off တွေကို ဖန်တီးဖို့ ပြင်ဆင်နေပြီး အဲဒီ Spin-Off တွေထဲက တစ်ခုကတော့ Legendary ဇာတ်လမ်းဖြစ်တဲ့ Princess Nymeria အကြောင်းပဲ ဖြစ်ပါတယ်။ သူမကတော့ သူမရဲ့ပြည်သူတွေကို Essos ကနေ Dorne ဆီကို သင်္ဘောပေါင်း အစင်းတစ်သောင်းနဲ့ ပို့ဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ Rhoynar လူမျိူးစုတွေရဲ့ ယဉ်ကျေးမှုထဲမှာတော့ သူတို့ရဲ့ Water Magic နဲ့ Old Men of the River လို့ခေါ်တဲ့ ကြီးမားတဲ့ လိပ်ကြီးလည်း ရှိနေပါတယ်။ ဒီအကြောင်းတွေကိုတော့ သေချာမသိရသေးပါဘူး။

Manticore

photo via screenrant

Game of Thrones ဇာတ်လမ်းထဲမှာတော့ Daenerys ဟာ Essos မှာ ရှိနေတဲ့ အချိန်တလျှောက်လုံး သတ္တဝါတွေမျိူးစုံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီသတ္တဝါတွေထဲမှာတော့ Manticore လည်း ပါဝင်နေပါတယ်။ သူမဟာ Ser Barristan Selmy ကြောင့်သာ အသက်ဘေးက လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ Manticore တွေကတော့ အလွန်အဆိပ်ပြင်းတဲ့ သတ္တဝါတွေ ဖြစ်ပြီး သူတို့ရဲ့ပုံစံကတော့ ကင်းမြီးကောက်နဲ့ အနည်းငယ်ဆင်တူပါတယ်။ ဒါပေမယ့်လည်း ဒဏ္ဍာရီထဲမှာတော့ သူတို့ဟာ ခြင်္သေ့ခန္ဓာကိုယ်၊ ကင်းမြီးကောက်အမြီးနဲ့ လူခေါင်းတို့ ပေါင်းစပ်ထားတယ်လို့ ဆိုပါတယ်။

Giant Ice Spider

photo via screenrant

ယခုအချိန်မှာတော့ HBO ဟာ Jon Snow ရဲ့ Spin-Off ကို ဖန်တီးသွားဦးမယ်လို့ ကြေညာထားပြီး ပရိသတ်အများစုကတော့ ဒီဇာတ်လမ်းတွဲထဲမှာ White Walker တွေ ပြန်လည်ပါဝင်လာဦးမလားလို့ စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့်လည်း Night King ဟာ GOT ရဲ့ အဆုံးသတ်မှာ သေဆုံးသွားပြီ ဖြစ်တာကြောင့် White Walker တွေကို ပြန်လည်မြင်ရနိုင်ချေတော့ နည်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒဏ္ဍာရီသတ္တဝါတစ်ကောင် ဖြစ်တဲ့ Giant Ice Spider တွေကိုတော့ မြင်တွေ့ရနိုင်ပါတယ်။ သို့ပေမယ့်လည်း သူတို့တွေဟာ ဒဏ္ဍာရီလာသက်သက်ပဲ ဖြစ်ပြီး ယခုအချိန်ထိတော့ ဘယ်ဇာတ်လမ်းမှာမှ မပါဝင်ဖူးသေးပါဘူး။

Basilisk

photo via screenrant

ဒီ Universe ထဲက Basilisk တွေကတော့ Harry Potter ထဲကလို မြွေအကြီးစားပုံစံမျိူး မဟုတ်ဘဲ ခြေထောက် (၆)ချောင်း ပါဝင်ပြီး ပိုမိုကြောက်ဖို့ကောင်းတဲ့ ပုံသဏ္ဍာန် ရှိပါတယ်။ သူတို့ဟာ အလွန်အဆိပ်ပြင်းတဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ သူတို့ဟာ Sothoryos ရဲ့ မြောက်ဘက်မှာရှိတဲ့ Basilisk ဆိုတဲ့ ကျွန်းပေါ်မှာ နေထိုင်ကြတာ ဖြစ်ပြီး ကျွန်းအမည်ကို အစွဲပြုကာ ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာကတော့ သူတို့ရဲ့သွေးကို စိတ်ကြွဆေးအဖြစ် အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့သွေးကို သောက်သုံးလိုက်တဲ့ မည်သူမဆိုဟာ အလွန်အမင်းအကြမ်းဖက်လာပြီး ကြွက်တစ်ကောင်ကတောင် ခြင်္သေ့နဲ့ တိုက်ခိုက်နိုင်တဲ့အထိ အကြမ်းဖက်သွားစေနိုင်တယ်လို့ ဆိုပါတယ်။

Deep Ones

photo via screenrant

စာရေးဆရာ George R.R. Martin ဟာ GOT Universe ကို ဖန်တီးတဲ့ အချိန်မှာတော့ စာဖတ်သူတွေအတွက် စိတ်ဝင်စားစရာဖြစ်စေမယ့် အရာများစွာကို ထည့်သွင်းခဲ့ပါတယ်။ အဲဒီထဲမှာတော့ Deep Ones လို့ခေါ်တဲ့ ပင်လယ်ရေအောက် အနက်ရှိုင်းဆုံးနေရာမှာ နေထိုင်ကြတဲ့ သတ္တဝါတွေလည်း ပါဝင်ပါတယ်။ သူတို့ကတော့ Ironborn တွေလို ပင်လယ်ထဲမှာ ကျင်လည်ကြသူတွေအတွက် အရေးပါပြီး Ironborn တွေရဲ့ Throne အဖြစ် ဖန်တီးထားတဲ့ ထူးဆန်းတဲ့ အနက်ရောင်ကျောက်တုံးကြီးနဲ့လည်း ဆက်စပ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

Shadowcat

photo via screenrant

Shadowcat တွေကတော့ Direwolf တွေလိုမျိူး အမဲလိုက်တဲ့နေရာမှာ ကျွမ်းကျင်ကြပါတယ်။ သူတို့ကိုတော့ Game of Throne ထဲမှာ Mention တာမျိူး ရှိခဲ့ပေမယ့် စာအုပ်ထဲမှာတော့ ဒီသတ္တဝါဟာ မပါဝင်ခဲ့ဖူးပါဘူး။ သူတို့ကတော့ တောင်ပေါ်ဒေသမှာ နေထိုင်ကြတဲ့ အသားစားကြောင်မျိုးတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ တောကြောင်၊ ကျားနဲ့ ကျားသစ်တို့ ပေါင်းစပ်ထားသလိုမျိူး ဖြစ်ပြီး အနက်ရောင်သားမွှေးပေါ်မှာ အဖြူရောင်အစင်းကြားတွေ ရှိပါတယ်။ Westeros တလျှောက်လုံးနဲ့ Dorne ရဲ့ တောင်တန်းတွေအပြင် Wall အပြင်ဘက်မှာထိ နေထိုင်ကြတယ်လို့ ဆိုပါတယ်။

Direwolf

photo via screenrant

Stark အိမ်တော်ရဲ့ တံဆိပ်ဖြစ်တဲ့ Direwolf တွေကတော့ တကယ့်ဝံပုလွေနဲ့ ဒဏ္ဍာရီအချို့ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ Direwolf တွေကိုတော့ Game of Thrones ဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ခဲ့ရပေမယ့် Screetime လည်း သိပ်မရသလို သူတို့အကြောင်းကိုလည်း သေချာမဖော်ပြခဲ့ပါဘူး။ သူတို့တွေဟာ နဂါးတွေလိုမျိူး မှော်မဆန်ပေမယ့်လည်း သာမန်ဝံပုလွေတွေတော့ မဟုတ်ပါဘူး။

သူတို့ဟာ မြောက်ပိုင်းမှာရှိတဲ့ တောထဲမှာ ကျင်လည်ကျက်စားကြပြီး သာမန်ဝံပုလွေအုပ်တွေရဲ့ ခေါင်းဆောင်အဖြစ် နေထိုင်လေ့ရှိပါတယ်။ လူတွေကတော့ Direwolf တွေကို Game of Thrones မတိုင်ခင် နှစ်ပေါင်း(၂၀၀)လောက် ကတည်းက မျိူးတုန်းသွားပြီလို့ ယူဆထားကြတာ ဖြစ်ပါတယ်။ House of Dragon ဇာတ်လမ်းတွဲကလည်း Game of Thrones မတိုင်ခင် နှစ်ပေါင်း(၂၀၀)မှာ ဇာတ်အိမ်တည်ထားပြီး Season 2 မှာတော့ Stark တွေလည်း ပါဝင်လာတော့မှာ ဖြစ်တာကြောင့် Direwolf တွေလည်း ပါဝင်လာနိုင်ပါသေးတယ်။

Firewyrm

photo via screenrant

Firewyrm ကတော့ နဂါးတွေရဲ့ အနီးစပ်ဆုံး ဆွေမျိူးတွေလို့တောင် ပြောလို့ရပါတယ်။ အကြောင်းကတော့ သူတို့ဟာ နဂါးတွေလိုပဲ မီးမှုတ်နိုင်ကြပြီး ပုံသဏ္ဍာန်ကလည်း အတော်လေး ဆင်တူကြပါတယ်။ မတူညီတဲ့ အချက်ကတော့ Firewyrm တွေဟာ အတောင်ပံတွေ မပါဝင်ဘဲ အာရှဒဏ္ဍာရီထဲက နဂါးတွေနဲ့ ဆင်တူပါတယ်။ HOD ထဲက နဂါးတွေနဲ့ အကွဲပြားဆုံးအချက်ကတော့ သူတို့ကို လူယဉ်ပါးအောင် Tame လုပ်လို့ မရတာပဲ ဖြစ်ပါတယ်။ သူတို့ဟာ ကျောက်တုံးတွေကို အလွယ်တကူ ဖျက်ဆီးနိုင်ကြတာကြောင့် မြေကြီးထဲမှာ ဂူတွေ၊ ဝင်္ကပါတွေ ဖန်တီးပြီး နေထိုင်လေ့ ရှိပါတယ်။

Dragon

photo via screenrant

ဒီ Universe ထဲက လူသိအများဆုံးနဲ့ အထင်ရှားဆုံး သတ္တဝါတွေကတော့ နဂါးတွေပဲ ဖြစ်ကြပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ဒဏ္ဍာရီထဲကအတိုင်းပဲ နဂါးတွေကို အရောင်အသွေးအစုံနဲ့ ပုံစံမျိုးစုံ မြင်တွေ့ခဲ့ရပါတယ်။ Vhagar နဲ့ Balerion တို့လို နဂါးအချို့ကတော့ သာမန်နဂါးတွေထက်ကို အဆပေါင်းများစွာ ပိုမိုကြီးမားပြီး ပိုမိုစွမ်းအားကြီးကြတာကိုလည်း မြင်တွေ့ရပါတယ်။ Syrax နဲ့ Caraxes တို့လို နဂါးတွေကတော့ အရွယ်အစား အလွန်မကြီးမားပေမယ့်လည်း အလွန်လျင်မြန်ကြပါတယ်။ နဂါးတွေရဲ့ Origin ကိုတော့ ယခုအချိန်ထိ သေသေချာချာ မသိရသေးဘဲ ပါးစပ်ပြောရာဇဝင်တွေကတော့ အမျိူးမျိူး ရှိနေပါတယ်။ သေချာတာကတော့ သူတို့တွေဟာ Old Valyria မပျက်စီးခင်ကတည်းက တည်ရှိနေကြတယ်ဆိုတာပါပဲ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular