HomeCharacterGamora ရဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာအချက်များ

Gamora ရဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာအချက်များ

Guardians of the Galaxy အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့ Gamora ကတော့ ၁၉၇၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Strange Tales #180 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ MCU ထဲမှာတော့ သူမဟာ Thanos ရဲ့ မွေးစားသမီး ဖြစ်ပြီး နောက်ပိုင်းမှာတော့ Star-Lord တို့နဲ့ ပူးပေါင်းကာ Guardians of the Galaxy အဖွဲ့ဝင် ဖြစ်လာပါတယ်။ သို့ပေမယ့်လည်း ကောမစ်ထဲမှာတော့ သူမရဲ့ဇာတ်လမ်းဟာ ပိုမိုရှုပ်ထွေးပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ပရိသတ်တွေ သိပ်မသိလောက်သေးတဲ့ ကောမစ်ထဲက သူမရဲ့အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Badoon ဂြိုဟ်သားတွေဟာ Gamora ရဲ့ မျိူးနွယ်တွေကို သတ်ပစ်ခဲ့ပါတယ်။

photo via screenrant

MCU ထဲမှာတော့ Thanos ဟာ စကြဝဠာကြီးထဲက သက်ရှိတွေရဲ့ တစ်ဝက်တိတိကို ဖျောက်ပစ်ဖို့ Infinity Stone တွေကို ရှာဖွေခဲ့ပြီး အဲဒီ Stone တွေ မရှိခင်တုန်းကတော့ Thanos ဟာ သူ့ရဲ့စစ်တပ်နဲ့အတူ ဂြိုဟ်တွေကို လှည့်လည်တိုက်ခိုက်ကာ အဲဒီဂြိုဟ်တွေက သက်ရှိတစ်ဝက်တိတိကို သတ်ဖြတ်ခဲ့ပါတယ်။ Gamora ကတော့ Thanos တိုက်ခိုက်ခဲ့တဲ့ ဂြိုဟ်တစ်ခုမှာ နေထိုင်သူ ဖြစ်ပြီး သူမရဲ့မျိုးနွယ်တစ်ဝက်တိတိကို Thanos က သတ်ပစ်ခဲ့ပါတယ်။

ကောမစ်ထဲမှာတော့ Gamora ရဲ့ မျိူးနွယ်တွေဟာ Badoon ဆိုတဲ့ ဂြိုဟ်သားတွေရဲ့ သတ်ဖြတ်မှုကိုခံခဲ့ရပြီး Gamora တစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တာ ဖြစ်ပါတယ်။ Badoon ဂြိုဟ်သားတွေဟာ ကမ္ဘာကိုလည်း အကြိမ်ကြိမ်ကျူးကျော်ဖို့ ကြိုးစားခဲ့ပြီး X-Men ၊ Fantastic Four နဲ့ တခြားဟီးရိုးတွေ စုပေါင်းကာ ပြန်လည်တိုက်ခိုက်ခဲ့ရပါတယ်။

(2) The Universal Church of Truth

photo via screenrant

အစတုန်းကတော့ Gamora ရဲ့ မျိူးနွယ်တွေကို သတ်ပစ်ခဲ့သူတွေဟာ Badoon ဂြိုဟ်သားတွေ မဟုတ်ဘဲ Universal Church of Truth ပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ Gamora ရဲ့ မျိူးနွယ်တွေဟာ အဲဒီ Universal Church of Truth ကို မလိုက်နာခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Gamora ဟာ လက်စားချေဖို့ အတိတ်ကို အချိန်ခရီးသွားခဲ့ပြီး Universal Church of Truth ရဲ့‌ ခေါင်းဆောင်ဖြစ်သူ Magus ကို တားဆီးခဲ့ပါတယ်။ Gamora ရဲ့ ကြိုးစားမှုဟာ အောင်မြင်ခဲ့ပေမယ့်လည်း Timeline ပြောင်းလဲသွားပြီး Badoon ဂြိုဟ်သားတွေက သူမရဲ့မျိူးနွယ်တွေကို သတ်ဖြတ်သူတွေ ဖြစ်လာခဲ့ပါတယ်။

(3) Thanos ဟာ Magus ကို သတ်ဖို့အတွက် Gamora ကို မွေးစားခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

ကောမစ်ထဲမှာတော့ Thanos ဟာ အပျက်အစီးတွေကြားထဲမှာ Gamora ကို ရှာတွေ့ခဲ့ပြီး MCU ထဲကအတိုင်းပဲ သူမကို မွေးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း Thanos ရဲ့ ရည်ရွယ်ချက်ကတော့ ငဲ့ညှာမှုလုံးဝမရှိဘဲ ရက်စက်တဲ့ လူသတ်သမားဖြစ်အောင် လေ့ကျင့်ပေးဖို့အတွက် Gamora ကို မွေးစားခဲ့တာ ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ Adam Warlock ရဲ့ Future Evil ဗားရှင်း ဖြစ်တဲ့ Magus ကို သတ်ဖို့အတွက် Gamora ကို အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Magus ဟာ Marvel ကောမစ်ထဲက စွမ်းအားအကြီးဆုံး Cosmic Being တစ်ယောက်ဖြစ်သလို အပေါ်မှာဖော်ပြထားတဲ့ Universal Church of Truth ရဲ့ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ Gamora ကတော့ Magus ကို သတ်ဖို့အတွက် အနည်းငယ် နီးစပ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ကျရှုံးခဲ့ပါတယ်။

(4) Adam Warlock ဟာ သူမရဲ့ဝိဉာဉ်ကို ကယ်တင်ပေးခဲ့ပါတယ်။

photo via screenrant

Marvel Two-in-One Annual #2 ကောမစ်ထဲမှာလည်း Thanos ဟာ စကြဝဠာကြီးထဲက သက်ရှိတစ်ဝက်ကို ဖျက်စီးပစ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Gamora ဟာ Thanos ရဲ့အစီအစဉ်တွေကို Adam Warlock ဆီ ပြောပြခဲ့ပါတယ်။ Adam Warlock ဟာ Soul Stone ကို ပိုင်ဆိုင်ထားသူ ဖြစ်တာကြောင့် Soul World ထဲကို ဝင်ရောက်နိုင်သလို Soul တွေကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ အဲဒီနောက် Thanos ဟာ Gamora ကို သတ်တော့မယ့်အချိန်မှာပဲ Adam Warlock ဟာ Gamora ရဲ့ဝိဉာဉ်ကို Soul Stone ထဲမှာ ထည့်ထားပြီး ကယ်တင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေ အပြီးမှာတော့ သူတို့နှစ်ယောက်ဟာ ချစ်ကြိုက်သွားကြပါတော့တယ်။

(5) The Infinity Watch

photo via screenrant

Gamora ဟာ Adam Warlock နဲ့အတူ Soul World ထဲမှာ နှစ်တွေများစွာ နေထိုင်ခဲ့ပြီး Thanos ဟာ စကြဝဠာထဲက သက်ရှိတစ်ဝက်ကို ဖျောက်ပစ်ဖို့ လက်ဖျောက်တီးလိုက်တဲ့အချိန်မှသာ သူမဟာ Soul World ထဲက ပြန်လည်ထွက်လာနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Adam Warlock ဟာ Infinity Stone တွေကို စောင့်ရှောက်ဖို့အတွက် Infinity Watch ဆိုတဲ့အဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး Thanos ကို အနိုင်ယူခဲ့ပါတယ်။ Thanos ကို အနိုင်ယူပြီးတဲ့နောက်မှာတော့ ဒီအဖွဲ့ဝင်တစ်ယောက်ချင်းစီဟာ Infinity Stone တစ်ခုစီကို စောင့်ရှောက်ဖို့ တာဝန်ကျလာပြီး Gamora ကတော့ Time Stone ကို စောင့်ရှောက်ခဲ့ပါတယ်။

(6) စကြဝဠာထဲက အန္တရာယ်အများဆုံး အမျိူးသမီး

photo via screenrant

MCU ထဲမှာတော့ Gamora ကို မိတ်ဆက်တဲ့အချိန်မှာ စကြဝဠာထဲက အန္တရာယ်အများဆုံး အမျိူးသမီးလို့ မိတ်ဆက်ခဲ့ပြီး ကောမစ်ထဲမှာလည်း အလားတူဂုဏ်ပုဒ်ကို ရရှိထားပါတယ်။ Thanos ဟာ ကလေးဘဝကတည်းက Cosmic Being တစ်ယောက်ကို သတ်ဖို့အတွက် သူမကို လေ့ကျင့်ပေးခဲ့တာ ဖြစ်တာကြောင့် Gamora ဟာ သူမရဲ့လုပ်နိုင်စွမ်းထက် ကျော်လွန်အောင် အမြဲကြိုးစားခဲ့ရပါတယ်။ သူမဟာ Marvel ကောမစ်ထဲက အတော်ဆုံး ကိုယ်ခံပညာရှင်တစ်ယောက် ဖြစ်သလို စကြဝဠာထဲမှာ ရှိနေတဲ့ ဂြိုဟ်သားပေါင်းစုံရဲ့ တိုက်ခိုက်နည်းတွေကိုလည်း လေ့ကျင့်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သူမဟာ ပိုမိုလျင်မြန်၊ သန်မာပြီး ခံနိုင်ရည်တွေ ပိုရှိလာအောင်လည်း Enhancement တွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

(7) Godslayer ဓား

photo via screenrant

Gamora ပိုင်ဆိုင်ခဲ့တဲ့ စွမ်းအားအကြီးဆုံး လက်နက်တစ်ခုကတော့ Godslayer ဓားပဲ ဖြစ်ပါတယ်။ ဒီဓားကတော့ Magus ကို သတ်ဖို့အတွက် Thanos က Gamora ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဓားရဲ့ပုံစံကတော့ MCU ထဲက သူမရဲ့ဓားနဲ့ ခပ်ဆင်ဆင်ပဲ ဖြစ်ပါတယ်။ ဒီဓားဟာ အလွန်စွမ်းအားကြီးတဲ့ Being တွေကိုတောင်မှ ထိခိုက်စေနိုင်ပါတယ်။ Gamora ဟာ ဒီဓားနဲ့ပဲ Thanos ကို ဒဏ်ရာရအောင် ပြုလုပ်နိုင်ခဲ့ပြီး ကောမစ်ထဲမှာတော့ ဒီဓားဟာ God တွေနဲ့ Immortal တွေကိုတောင် သတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

(8) Infinity Warps Storyline

photo via screenrant

Gamora ဟာ Soul World ထဲက ထွက်လာနိုင်ခဲ့ပေမယ့်လည်း သူမရဲ့ဝိဉာဉ် အစိတ်အပိုင်းတစ်ခုကတော့ Soul World ထဲမှာပဲ ကျန်နေခဲ့ပါတယ်။ ဒါကြောင့်ပဲ Gamora ဟာ Infinity Stone တွေကို စုစည်းခဲ့ပြီး စကြဝဠာကြီးကို တစ်ဝက်တိတိ ခေါက်ပစ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့်ပဲ Marvel ကောမစ်ထဲက ဇာတ်ကောင်တွေဟာ ပေါင်းစပ်သွားကြပြီး မတူညီတဲ့ Variant တွေ ဖြစ်လာကြပါတယ်။ အဲဒီထဲမှာတော့ Captain America နဲ့ Doctor Strange တို့ ပေါင်းစပ်ပြီး ဖြစ်လာတဲ့ Soldier Supreme ၊ Iron Man နဲ့ Thor တို့ ပေါင်းစပ်ထားတဲ့ Iron Hammer တို့ ဖြစ်လာပါတယ်။ အဲဒီနောက်မှာတော့ Gamora ဟာ Adam Warlock ရဲ့အကူအညီနဲ့ စကြဝဠာကြီးကို ပုံမှန်အတိုင်းပြန်ဖြစ်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular