HomeEntertainmentFilmပြင်းထန်တဲ့ဒဏ်ရာ ရရှိခဲ့လို့ HBO ကို တရားစွဲလိုက်တဲ့ Game of Thrones ထဲက စတန့်သမား

ပြင်းထန်တဲ့ဒဏ်ရာ ရရှိခဲ့လို့ HBO ကို တရားစွဲလိုက်တဲ့ Game of Thrones ထဲက စတန့်သမား

Game of Thrones ဇာတ်လမ်းတွဲထဲက စတန့်သမားတစ်ယောက်ဟာ နောက်ဆုံး Season ကို ရိုက်ကူးနေရင်း ရရှိခဲ့တဲ့ ဒဏ်ရာတစ်ခုကြောင့် HBO ရဲ့ Fire & Blood Production ကို တရားစွဲလိုက်တယ်လို့ သိရပါတယ်။ HBO က ထုတ်လွှင့်ပြသခဲ့တဲ့ Game of Thrones ဇာတ်လမ်းတွဲဟာ Season (၈)ခုနဲ့ ပြီးဆုံးသွားခဲ့ပြီး ယခုအချိန်မှာတော့ Prequel ဖြစ်တဲ့ House of the Dragon ကို မကြာခင်မှာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

photo via screenrant

HBO ဟာ Game of Thrones ဇာတ်လမ်းတွဲကြောင့် အကျိူးအမြတ်တွေများစွာ ရရှိခဲ့ပေမယ့်လည်း Season 7 နဲ့ 8 ကတော့ ဝေဖန်ရေးသမားတွေနဲ့ ပရိသတ်တွေရဲ့ ဆိုးရွားတဲ့ ဝေဖန်ချက်တွေကို ရရှိခဲ့ပါတယ်။ နောက်ဆုံး Season ကတော့ ဒီဇာတ်လမ်းတွဲရဲ့ အတိုဆုံး Season ဖြစ်ပြီး အပိုင်း(၆)ပိုင်းသာ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ တလျှောက်လုံး ကောင်းလာတဲ့ ဇာတ်လမ်းက အဆုံးသတ်မှာ ကမန်းကတန်းနဲ့ ပြီးစလွယ် ဇာတ်သိမ်းသွားခဲ့တယ်လို့ ပရိသတ်တွေကြားမှာ ဝေဖန်စရာ ဖြစ်ခဲ့ရပါတယ်။

ဒါ့အပြင် Game of Thrones ရဲ့ နောက်ဆုံး Season မှာတော့ စတန့်သမားတွေများစွာ ပါဝင်ခဲ့ပြီး ယခုဆိုရင်တော့ စတန့်သမားတစ်ယောက်ဟာ HBO ကို တရားစွဲထားတယ်လို့ သိရပါတယ်။ Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ Casey Michaels ဆိုတဲ့ အမျိုးသမီး စတန့်သမားဟာ Fire & Blood Production ကို ဒေါ်လာငါးသန်းတန်အမှုနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။ အကြောင်းကတော့ သူမဟာ “The Long Night” အပိုင်းကို ရိုက်ကူးနေရင်း ဘယ်ဘက် ခြေကျင်းဝတ် ကျိူးသွားပြီး အဆစ်ပါ လွဲသွားတာကြောင့် ဖြစ်ပါတယ်။

photo via imdb

Casey ကတော့ Game of Thrones season (8) ရဲ့ The Long Night အပိုင်းမှာ Night King က ပြန်အသက်သွင်းထားတဲ့ wight တွေထဲမှာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ သူမဟာ ခေါင်မိုးပေါ်က ပြုတ်ကျတဲ့ ပုံစံမျိူး သရုပ်ဆောင်ခဲ့ရပြီး ဒီဇာတ်ဝင်ခန်းထဲမှာ စတန့်သမားပေါင်း (၂၈)ယောက် ပါဝင်ခဲ့တယ်လို့ သိရပြီး ဒီအခန်းအတွက် လေးငါးယောက်လောက် တစ်ကြိမ် သရုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီဇာတ်ဝင်ခန်းကို ရိုက်ကူးရင်းနဲ့ပဲ သူမဟာ အမိုးပေါ်က ပြုတ်ကျကာ ဘယ်ဘက်ခြေထောက်က တွင်တွင်ကျိုးသွားခဲ့တယ်လို့ ဆိုပါတယ်။ Game of Thrones ဇာတ်လမ်းတွဲကတော့ ဇာတ်သိမ်းသွားခဲ့တာ ကြာပြီဖြစ်ပေမယ့် စတန့်သမား Casey ကတော့ လွန်ခဲ့တဲ့ လေးနှစ်အတွင်း ခွဲစိတ်မှုတွေ အခေါက်ခေါက် အခါခါ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါတင်မက ခြေထောက်ထဲမှာ စတီးလ်ချောင်းတောင် ထည့်ထားရတယ်လို့ သိရပါတယ်။ ဒီလိုပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ကုသမှုတွေကို တောက်လျှောက် ခံယူလာရတာကြောင့် သူမဟာ စိတ်ကျရောဂါနဲ့ ထရာမာတွေကိုပါ ခံစားနေရတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် သူမဟာ ယခုအချိန်ထိ သာမန်ကိစ္စလေးတွေကိုတောင် ခက်ခက်ခဲခဲ ပြုလုပ်နေရတယ်လို့လည်း ဆိုပါတယ်။

Casey ရဲ့ ပြောပြချက်အရ အခုလို ဒဏ်ရာရရှိခဲ့ရတဲ့ အကြောင်းရင်းဟာ စတန့်ဆက်တင်ရဲ့ လုံခြုံရေးအပိုင်းမှာ လိုအပ်ချက်တစ်ခုခု ရှိနေတယ်လို့ ဆိုထားပြီး Production ကုမ္ပဏီကတော့ အဲဒီအချက်ကို ငြင်းဆိုထားပါတယ်။ စတူဒီယိုဘက်ကတော့ သူမအနေနဲ့ ယခုလိုမျိူး ဒဏ်ရာရရှိခဲ့တာဟာ သူမကိုယ်တိုင်က စတန့်ကို ညွှန်ကြားထားတဲ့အတိုင်း မပြုလုပ်ခဲ့လို့ ဖြစ်ရတာလို့ ပြောထားပါတယ်။ Casey ကတော့ အတွေ့အကြုံရှိပြီးသား ကျွမ်းကျင်တဲ့ စတန့်သမားတစ်ယောက် ဖြစ်ပြီး Star Wars နဲ့ Marvel တို့လို နာမည်ကျော် ဇာတ်ကားတွေမှာလည်း ပါဝင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular