HomeCharacterGuardians of the Galaxy 3 ထဲမှာပါလာဖို့ သတင်းထွက်နေတဲ့ High Evolutionary ရဲ့ စိတ်ဝင်စားစရာများ

Guardians of the Galaxy 3 ထဲမှာပါလာဖို့ သတင်းထွက်နေတဲ့ High Evolutionary ရဲ့ စိတ်ဝင်စားစရာများ

အသစ်ထွက်ရှိလာမယ့် Guardians of the Galaxy 3 ထဲမှာတော့ High Evolutionary ပါဝင်လာမယ်လို့ သတင်းထွက်နေပါတယ်။

ScreenGeek သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲ့ဒီဇာတ်ကောင်နေရာမှာ Chukwudi Iwuji က ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ Chukwudi Iwuji ကတော့ Peacemaker ဇာတ်လမ်းတွဲထဲမှာ Murn နေရာမှာ ပါဝင်သရုပ်ဆောင်ထားသူပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ High Evolutionary ရဲ့ ကောမစ် Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကောမစ် Origin
photo via screenrant

High Evolutionary ကတော့ Thor ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၀ နောက်ပိုင်း ထွက်ရှိခဲ့တဲ့ ကောမစ်တွေထဲမှာဆိုရင် Scarlet Witch နဲ့ Quicksilver တို့ စွမ်းအား ရရှိလာတာဟာ သူ့ကြောင့်ပဲ ဖြစ်ပြီး Thor ၊ Black Knight ၊ Adam Warlock နဲ့ Spider-Man တို့ရဲ့ ဘဝတွေဟာလည်း သူ့ကြောင့်ပဲ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

သူ့ရဲ့ နာမည်အရင်းကတော့ Herbert Wyndham လို့ ခေါ်ပြီး အင်္ဂလန်မှာ ကြီးပြင်းလာတဲ့ ဇီဝဗေဒပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူကတော့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကို စွဲလမ်းနေသူ ဖြစ်ပါတယ်။ သိပ္ပံပညာရပ်ကို အသုံးချကာ လူတွေနဲ့ တိရစ္ဆာန်တွေကို ဆင့်ကဲပြောင်းလဲစေပြီး သူ့ကိုယ်သူ နတ်ဘုရားတစ်ပါးလို့ ခံယူထားသူ ဖြစ်ပါတယ်။

တစ်ချိန်တုန်းကဆိုရင် သူဟာ Wundagore တောင်ပေါ်ကို ရောက်သွားပြီး တိရစ္ဆာန်တွေကို လူပုံစံမျိူးနဲ့ စကားပြောတတ်သွားအောင် ပြုလုပ်ပေးခဲ့ပြီး သူတို့ကိုလည်း New Men လို့ ခေါ်ဝေါ်ခဲ့ပါသေးတယ်။ Herbert မသိတဲ့ အချက်ကတော့ အဲ့ဒီတောင်ဟာ Demonic God ဖြစ်တဲ့ Chthon ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက အကျဉ်းချထားတဲ့နေရာ ဖြစ်နေတာပါပဲ။

ဒီလိုနဲ့ သူဟာ Chthon ရဲ့ တည်ရှိမှုကို သိသွားတဲ့အချိန်မှာတော့ Chthon ကို ဆက်လက်ပြီး အကျဉ်းကျနေအောင် New Men တွေကို တာဝန်ပေးထားခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သူဟာ Adam Warlock ကိုလည်း Warlock ဆိုတဲ့ နာမည်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Adam Warlock ကို Soul Stone ပေးအပ်ခဲ့ပြီး သူ ဖန်တီးခဲ့တဲ့ Man-Beast ဆိုတဲ့ ဗီလိန်ကိုပါ အနိုင်ယူစေခဲ့ပါတယ်။

Herbert ဟာ ကောင်းမွန်တဲ့ အချက်တွေကိုလည်း လုပ်ခဲ့ဖူးပေမယ့် သူ့ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို မဖုံးဖိနိုင်ဘဲ အဲဒီလုပ်ရပ်တွေကြောင့်ပဲ Galactus နဲ့ Celestial တွေရဲ့ အာရုံစိုက်မှုကိုလည်း ရရှိခဲ့ပါတယ်။

စွမ်အားများ
photo via screenrant

ကောမစ်ထဲမှာတော့ သူဟာ သူ့ကိုယ်သူတောင် ဆင့်ကဲပြောင်းလဲအောင် ပြုလုပ်နိုင်ခဲ့ပြီး သာမန်လူသားတွေရဲ့ ဦးနှောက်စွမ်းရည်ထက် များစွာသာလွန်သွားပါတယ်။ သူ့ရဲ့ ဦးနှောက်ဟာ အလွန်အဆင့်မြင့်သွားတာကြောင့် Counter-Earth လို့ခေါ်တဲ့ ဂြိုဟ်တစ်ခုကို ဖန်တီးခဲ့ပြီး အဲ့ဒီဂြိုဟ်မှာ ကိုယ်ပိုင်လူအဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုတွေကိုပါ ဖန်တီးခဲ့ပါတယ်။ သိပ္ပံပညာရပ်ဆိုင်ရာ အသိဉာဏ်မှာတော့ Mr. Fantastic ၊ Doctor Doom ၊ Iron Man နဲ့ Hank Pym တို့တောင် သူ့ကို မမီဘူးလို့ ဆိုပါတယ်။

အသိဉာဏ်တစ်ခုတည်းကပဲ သူ့ရဲ့အားသာချက် မဟုတ်ဘဲ သူ့ကိုယ်သူ ဆင့်ကဲပြောင်းလဲအောင် ပြုလုပ်ထားတာကြောင့် Superhuman Strength ၊ Durability နဲ့ သူ့ရဲ့လက်ကနေ စွမ်းအင်တွေ ပစ်လွှတ်နိုင်တာတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် သူ ဝတ်ဆင်ထားတဲ့ ဝတ်စုံဟာလည်း Thor နဲ့ Hulk တို့ရဲ့ ခွန်အားတွေကိုတောင် ခံနိုင်ရည်ရှိအောင် ဒီဇိုင်းဆွဲထားတဲ့ ဝတ်စုံပဲ ဖြစ်ပါတယ်။

ဒါကတော့ အသစ်ထွက်ရှိလာမယ့် Guardians of the Galaxy Vol. 3 ထဲမှာ ပါဝင်လာမယ်လို့ သတင်းထွက်နေတဲ့ High Evolutionary ရဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာအကြောင်းအရာအချို့ပဲ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular