HomeCelebs Update NewsInternationalမင်းသမီးလေး Hailee Steinfeld ရဲ့ ကော်ဇောနီထက်က ဆွဲဆောင်မှုအရှိဆုံး ပုံရိပ်များ

မင်းသမီးလေး Hailee Steinfeld ရဲ့ ကော်ဇောနီထက်က ဆွဲဆောင်မှုအရှိဆုံး ပုံရိပ်များ

Hailee Steinfeld ဟာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး ဂီတဘက်မှာရော သရုပ်ဆောင်ဘက်မှာပါ ပရိသတ်အားပေးမှု ရရှိထားသူ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့မှာ မွေးဖွားသူ ဖြစ်လို့ အခုဆိုရင်တော့ သူမဟာ အသက်(၂၅)နှစ် ရှိနေပါပြီ။

ရုပ်ရှင်လောကထဲမှာ သူမကို နာမည်တစ်လုံး ရစေခဲ့တဲ့ ရုပ်ရှင်ကတော့ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ True Grit ဇာတ်ကားပဲ ဖြစ်ပါတယ်။ Hailee ဟာ ဒီဇာတ်ကားထဲမှာ Mattie ဆိုတဲ့ ဇာတ်ရုပ်ကနေ ပါဝင်ခဲ့ပြီး အော်စကာအပါအဝင် BAFTA နဲ့ SAG awards တွေမှာပါ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့အဖြစ် စံကာတင်ဝင်ခဲ့တာ ဖြစ်ပါတယ်။

Photo: haileesteinfeld/ Instagram

အဲဒီအောင်မြင်မှုကြောင့်ပဲ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိလာတဲ့ Begin Again နဲ့ Enders Game ဇာတ်ကားတွေမှာတော့ ခေါင်းဆောင်မင်းသမီးနေရာကို ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၅ ခုနှစ်မှာတော့ နာမည်ကျော် musical ရုပ်ရှင်ဖြစ်တဲ့ Pitch Perfect 2 နဲ့ 3 တို့မှာ ပါဝင်ခဲ့ရပါတယ်။ ဒီဇာတ်ကားထဲက သူမရဲ့ ဂီတစွမ်းရည်ကြောင့်ပဲ Republic Records ရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပြီး ဂီတဘက်မှာလည်း အောင်မြင်သူတစ်ယောက် ဖြစ်လာပါတယ်။

သူမရဲ့ ပထမဆုံး ဆင်ဂယ်လ်သီချင်းတွေဖြစ်တဲ့ Love Myself နဲ့ Starving တို့ဟာ ပလက်တီနမ်ဓာတ်ပြားဆု ရရှိတဲ့အထိ ရောင်းချခဲ့ရပြီး အဲဒီနောက် မရှေးမနှောင်းမှာပဲ Haiz ဆိုတဲ့ ပထမဆုံး EP ကို ထွက်ရှိနိုင်ခဲ့ပါတယ်။

Photo: haileesteinfeld/ Instagram

အဲဒီနောက်ပိုင်းမှာတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Bumblebe ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့ရသလို Apple TV+ ရဲ့ နာမည်ကြီး ဟာသဇာတ်လမ်းတွဲ ဖြစ်တဲ့ Dickinson ထဲမှာလည်း ပါဝင်ထားပါသေးတယ်။ Dicksion ဇာတ်လမ်းတွဲရဲ့ နောက်ဆုံး final season ကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၅)ရက်နေ့ကပဲ စတင်ထုတ်လွှင့်ခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ လက်ရှိမှာတော့ Disney+ ရဲ့ နာမည်ကြီး ဇာတ်လမ်းတွဲ ဖြစ်တဲ့ Hawkeye ထဲမှာ Kate Bishop ဇာတ်ကောင်ကနေ ပါဝင်ထားပါသေးတယ်။

Hailee ဟာ ဂီတနဲ့ သရုပ်ဆောင်ဘက်မှာတင်မက ဖက်ရှင်ဘက်မှာလည်း အတော်လေး ထင်ရှားသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူမရဲ့ အနုပညာသက်တမ်းအတွင်း လျှောက်လှမ်းခဲ့တဲ့ ကော်ဇောနီထက်က ပုံရိပ်များစွာထဲကမှ ဆွဲဆောင်မှုအရှိဆုံးနဲ့ အလှဆုံး ပုံရိပ်လေးတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

(1) 2021 Fashion Awards က Hailee Steinfeld ရဲ့ပုံရိပ်
Photo Credit: David Fisher/ Shutterstock

၂၀၂၁ ခုနှစ်အတွက် ပြုလုပ်ကျင်းပတဲ့ Fashion Awards ကိုတော့ Hailee ဟာ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဝတ်စုံလေးနဲ့ ပွဲတက်ခဲ့တာ တွေ့ရပါတယ်။ ပွင့်ရိုက် လည်သာ jumpsuit ကို ကျောဘက်မှာ အပေါက်ဖောက်ထားတဲ့ ဒီဇိုင်းနဲ့ ရှင်းရှင်းလေး ပွဲတက်ခဲ့တာ ဖြစ်ပါတယ်။

(2) 2021 MET Gala ပွဲ
Photo Credit: Shutterstock

ယခုနှစ်အတွက် ကျင်းပပြုလုပ်ခဲ့တဲ့ MET Gala ပွဲမှာတော့ Hailee မမှတ်မိနိုင်လောက်အောင် ပြောင်းလဲထားတာ တွေ့ရပါတယ်။ သူမကို မြင်တွေ့နေကျ အနက်ရောင်ဆံကေသာနဲ့ မဟုတ်ဘဲ ရွှေရောင်ဆံပင်တွေကို ပြောင်းလဲထားသလို မျက်ခုံးမွေးကိုလည်း အရောင်ချွတ်ထားတာကြောင့် အခုလို ရုတ်တရက် မမှတ်မိနိုင်တဲ့ look ဖြစ်နေတာပါ။

(3) Dickinson Show ရဲ့ အထူးပွဲတုန်းက သူမ
Photo Credit: Shutterstock

ဒါကတော့ နာမည်ကျော်ဇာတ်လမ်းတွဲ Dickinson ရဲ့ အထူးပွဲ တက်ရောက်ခဲ့တုန်းက ဆင်မြန်းလာတဲ့ သူမရဲ့ ဖက်ရှင် ဖြစ်ပါတယ်။ Hailee ဟာ သူမရဲ့ တောင့်တင်းကျစ်လျစ်တဲ့ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေဖို့ corset နဲ့ ဒီဇိုင်းဆင်ထားတဲ့ dress ကို ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲကို တက်ရောက်ခဲ့တဲ့ အချိန်ကတော့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ(၁၇)ရက် ဖြစ်ပါတယ်။

(4) 2019 MTV Video Music Awards ပွဲမှာ လွင့်နေတဲ့ Hailee
Photo Credit: Shutterstock

၂၀၁၉ ခုနှစ်ရဲ့ MTV Video Music Awards ဆုပေးပွဲကိုတော့ Hailee ဟာ တစ်ကိုယ်လုံး အနီဝမ်းဆက်နဲ့ ပွဲတက်လာခဲ့ပြီး သူမရဲ့ ညို့ဓာတ်ကို ပြင်းရှစေတဲ့ အနက်ရောင် ဆံပင်ရှည်တွေကိုလည်း ရိုးရိုးလေး ဖြန့်ချထားတာ တွေ့ရပါတယ်။

(5) 2019 Vanity Fair ရဲ့ အော်စကာပါတီမှာ တွေ့ရတဲ့ သူမ
Photo Credit: Shutterstock

၂၀၁၉ ခုနှစ် နွေဦးရာသီမှာ ပြုလုပ်ကျင်းပခဲ့တဲ့ Vanity Fair မဂ္ဂဇင်းကြီးရဲ့ အော်စကာပါတီမှာတော့ Hailee ဟာ ပွင့်ချပ်တွေဝေနေတဲ့ ချစ်စရာ dress လေးနဲ့ လှပနေခဲ့ပါတယ်။

(6) 2018 MET Gala ပွဲက အလှဘုရင်မလေး Hailee
Photo Credit: Shutterstock

၂၀၁၈ ခုနှစ်ရဲ့ MET Gala ပွဲမှာတော့ Hailee ဟာ နတ်ပြည်က စေလွှတ်လိုက်တဲ့ နတ်သမီးလေးတစ်ပါးအလား အဖြူရောင်နဲ့ ငွေရောင်တွေကို အသားပေး ဝတ်ဆင်ကာ လှပကျော့ရှင်းနေခဲ့ပါတယ်။

(7) 2018 Vanity Fair အော်စကာပါတီ
Photo Credit: Shutterstock

၂၀၁၈ ခုနှစ်က Vanity Fair ရဲ့ အော်စကာပါတီပွဲကို တက်ရောက်ခဲ့တုန်းကတော့ Hailee ဟာ black swan ကို မှီငြမ်းပြီး ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ အတို၊အရှည် ကစားထားတဲ့ dress ကို ဝတ်ဆင်ထားပြီး ရိုးရိုးလေး နောက်တွဲဆံထုံးကိုသာ ပြင်ဆင်ထားတာကြောင့် လက်ဝတ်ရတနာတွေ တစ်ခုမှ မပါဘဲနဲ့တောင် ကျော့ရှင်းပြီး လှပနေတာ ဖြစ်ပါတယ်။

(8) 2017 Vanity Fair အော်စကာပါတီ
Photo Credit: Shutterstock

၂၀၁၇ ခုနှစ်က Vanity Fair ရဲ့ အော်စကာပါတီပွဲမှာတော့ Hailee ဟာ တလက်လက် တောက်ပနေတဲ့ ကျောက်ကလေးတွေနဲ့ အလှဆင်ထားတဲ့ nude အရောင် dress လေးကို ဆင်မြန်းခဲ့ပါတယ်။ သူမရဲ့ သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်အလှဟာ dress နဲ့အတူ မခို့တရို့လေး လှပနေတာ တွေ့ရပါတယ်။

(9) 2017 American Music Awards ပွဲက သူမ
Photo Credit: Shutterstock

ရိုးရှင်းတဲ့ အရောင်တွေ၊ အဆင်တွေနဲ့ပဲ ကော်ဇောနီထက်က အကြည့်တွေကို သိမ်းပိုက်နေကျ ဖြစ်တဲ့ Hailee ဟာ ၂၀၁၇ ခုနှစ်က American Music Awards ဆုပေးပွဲကို တက်ရောက်ခဲ့တုန်းကလည်း အနက်ရောင် suit နဲ့အတူ ခပ်မိုက်မိုက်လေး ဆွဲဆောင်မှု ရှိနေခဲ့တာ တွေ့ရပါတယ်။

(10) 2017 MTV Video Music Awards ပွဲက Hailee
Photo Credit: Shutterstock

၂၀၁၇ ခုနှစ်ရဲ့ MTV Video Music Awards ဆုပေးပွဲမှာတော့ Hailee ဟာ သူမရဲ့ ငယ်သွေးကြွတဲ့ အလှလေးနဲ့ ကိုက်ညီမယ့် လူငယ်ဆန်ဆန် dress အတိုလေးနဲ့ လှပပြီး ချစ်စရာကောင်းနေခဲ့ပါတယ်။

ဒါကတော့ မင်းသမီးချောလေး Hailee Steinfeld ရဲ့ ကော်ဇောနီပေါ်က အလှပဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေထဲမှာ Hailee ရဲ့ ပရိသတ်တွေ ရှိရင်လည်း မန်းရှင်းခေါ်ပြီး စိတ်ချမ်းသာစရာလေးတွေ မျှဝေပေးလိုက်ပါဦး။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular