HomeEntertainmentFilmHarry Potter ဟာ Lord Voldemort ကို သူ့ရဲ့ကိုယ်ပိုင် horcrux အဖြစ် ပြောင်းလဲမိခဲ့ပါသလား??

Harry Potter ဟာ Lord Voldemort ကို သူ့ရဲ့ကိုယ်ပိုင် horcrux အဖြစ် ပြောင်းလဲမိခဲ့ပါသလား??

Harry Potter ဟာ မရည်ရွယ်ဘဲ အမှောင်သခင်ကြီး Lord Voldemort ကို သူ့ရဲ့ ကိုယ်ပိုင် horcrux အဖြစ် ပြောင်းလဲခဲ့ပါသလား။ Harry ရဲ့ horcrux နဲ့ Voldemort ရဲ့ horcrux တို့ကြားက ကွာခြားမှုကရော ဘာဖြစ်နိုင်ပါမလဲ??

Harry Potter ဇာတ်လမ်းထဲမှာတော့ နက်ရှိုင်းပြီး စွမ်းအားကြီးမားလွန်းတဲ့ မှော်ပစ္စည်းတစ်မျိုး ဖြစ်တဲ့ horcrux တွေနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ horcrux တစ်ခုထက်ပိုပြီး လုပ်ဆောင်နိုင်ခဲ့သူဟာ Lord Voldemort တစ်ယောက်ပဲ ရှိတာ မှန်ပေမယ့် တကယ်တော့ Harry ဟာလည်း သူကိုယ်တိုင်တောင် မသိလိုက်ဘဲနဲ့ horcrux တစ်ခု ပြုလုပ်မိခဲ့ပါတယ်။ Harry ပြုလုပ်မိခဲ့တဲ့ နည်းလမ်းကတော့ Voldemort ရဲ့ နည်းလမ်းနဲ့ မတူညီဘဲ အတော်လေး ကွာခြားပါတယ်။

Photo via IMDb

Harry Potter ရဲ့ မှော်လောကထဲမှာတော့ စိတ်ဝင်စားစရာ ပစ္စည်းတွေ၊ နေရာတွေ၊ ဂါထာတွေ အစရှိသဖြင့် ပါဝင်ပါတယ်။ အများစုကတော့ အလျဉ်းသင့်သလို အလွယ်တကူနဲ့ လုပ်ဆောင်နိုင်၊ တွေ့ရှိနိုင်ပေမယ့် တချို့အရာတွေကတော့ အလွန်အမင်း အန္တရာယ်ရှိသလို အချို့ကတော့ လျှို့ဝှက်လွန်းတဲ့ ရည်ရွက်ချက်တွေနဲ့ သက်ဆိုင်နေပါတယ်။

အန္တရာယ်လည်းရှိ၊ လျှို့ဝှက် နက်နဲမှုတွေနဲ့လည်း ပြည့်နှက်နေတဲ့ အရာတွေကတော့ horcrux တွေပဲ ဖြစ်ပါတယ်။ horcrux တွေဟာ ထာဝရအသက်ရှင်သန်မှုအတွက် Lord Voldemort အများဆုံး အသုံးပြုခဲ့တဲ့ အရာတွေ ဖြစ်ပြီး ဒါတွေကြောင့်ပဲ Harry နဲ့ သူ့ရဲ့ အပေါင်းအပါတွေအတွက်လည်း ဒုက္ခများစွာ ဖြစ်စေခဲ့ပါတယ်။

Harry Potter ဝတ္ထုတွေနဲ့ ရုပ်ရှင်တွေထဲမှာတော့ “အသက်ရှင် ကျန်ရစ်ခဲ့တဲ့ကောင်လေး”နဲ့ မှော်လောကအတွက်ရော၊ muggle လောကအတွက်ပါ အန္တရာယ်များတဲ့ အစီအစဉ်တွေ ရှိနေတဲ့ အမှောင်သခင်ကြီး Voldemort ရဲ့ ဇာတ်လမ်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။

Photo via IMDb

Harry နဲ့ Voldemort တို့ ရန်သူတွေ ဖြစ်လာရတဲ့ အကြောင်းရင်းကတော့ Voldemort ဟာ လသားအရွယ်သာ ရှိသေးတဲ့ Harry Potter လေးကို မသတ်နိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ Harry ရဲ့ မိခင်ဟာ သူမကိုယ်ကို အနစ်နာခံ စွန့်လွှတ်ပြီး Harry အတွက် “မှော်အကာအကွယ်”တစ်ခု စီမံထားခဲ့လို့ ဖြစ်ပြီး အကျိုးဆက်အနေနဲ့ Harry ကို သတ်ဖို့ကြိုးစားခဲ့တဲ့ Voldemort ကတော့ “ရုပ်အကောင်အထည်” ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

သို့သော်လည်း ဒါဟာ Voldemort အတွက်တော့ အဆုံးသတ် မဟုတ်ခဲ့ပါဘူး။ အကြောင်းကတော့ သူဟာ Potter မိသားစုနောက်ကို မလိုက်ခင် နှစ်တွေအလိုတည်းက သူ့ရဲ့ ဝိဉာဉ်တွေကို horcrux တွေထဲမှာ ထည့်သွင်း သိမ်းဆည်းထားခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ နှစ်တွေ ကြာမြင့်ပြီးနောက်မှာတော့ သူ့ရဲ့ သစ္စာအရှိဆုံး နောက်လိုက်တစ်ယောက် ဖြစ်တဲ့ Peter Pettigrew ရဲ့ အကူအညီနဲ့ ခန္ဓာကိုယ် ပြန်လည် ရရှိခဲ့ပါတယ်။

Photo via IMDb

Voldemort အတွက် ကြံ့ခိုင်သန်မာတဲ့ ခန္ဓာကိုယ်နဲ့ သူ့ရဲ့အစွမ်းအားလုံး ပြန်လည်ရရှိပြီး အသုံးချနိုင်ဖို့အတွက် Peter Pettigrew ဟာ အစီအရင်တစ်ခုကို လုပ်ဆောင်ပေးခဲ့ပါတယ်။ အဲဒီအစီအရင်အတွက် ဖခင်ဖြစ်သူရဲ့ အရိုး၊ အစေခံရဲ့ အသား၊ ရန်သူရဲ့ သွေးတို့ လိုအပ်ပါတယ်။

ဒါကို သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ Harry Potter and the Goblet of Fire ထဲမှာ ပြန်လည်မွေးဖွားလာပြီး သေဆုံးသွားသည်အထိ Voldemort ရဲ့ ခန္ဓာကိုယ်ထဲမှာ Harry ရဲ့ သွေးတွေ စီးဆင်းနေခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ Lily Potter ရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ပိုမိုကြာမြင့်အောင် ထိန်းသိမ်းထားနိုင်ခဲ့ပြီး Harry ကိုလည်း တနည်းတဖုံနဲ့ ကာကွယ်ပြီးသား ဖြစ်စေခဲ့ပါတယ်။

Photo via IMDb

ဒါ့အပြင် တရားဝင် မဟုတ်ပေမယ့် Voldemort ဟာ Harry ရဲ့ ကိုယ်ပိုင် horcrux တစ်ခု ဖြစ်သွားစေခဲ့ပါတယ်။ သို့သော်လည်း horcrux တစ်ခု ဖန်တီးရတဲ့ လုပ်ငန်းစဉ်ဟာ ရှုပ်ထွေးလွန်းတာကြောင့် ဒါကို horcrux လို့ ခေါ်ဆိုလို့ ရ၊ မရဆိုတာကတော့ ပရိသတ်တွေကြားမှာ ငြင်းခုန်နေရဆဲ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။

horcrux တစ်ခု ဖန်တီးရတာဟာ မလွယ်ကူပါဘူး။ ဒါ့အပြင် horcrux တစ်ခုကို ဘယ်လိုဖန်တီးရတယ်ဆိုတဲ့ ဆောင်ရွက်ချက် အပြည့်အစုံကိုလည်း J. K. Rowling က မဖော်ပြထားပါဘူး။ သူမရဲ့အဆိုအရ horcrux ဖန်တီးရာမှာ အလွန်ဆိုးရွား ယုတ်ညံ့လွန်းတဲ့ လုပ်ရပ်တစ်ခု ပါဝင်ပြီး သူမရဲ့ အယ်ဒီတာတွေကိုတောင် နေမကောင်းဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

Photo via IMDb

ပရိသတ်တွေ သိထားရသလောက်ဆိုရင်တော့ horcrux ဖန်တီးဖို့ ဝိဉာဉ်ကို အပိုင်းပိုင်း ဖြစ်စေမယ့် လူသတ်မှုတစ်ခု၊ အဆိုပါ ထိခိုက်သွားတဲ့ ဝိဉာဉ်အပိုင်းအစကို ယူဆောင်ပြီး ပစ္စည်းတစ်ခုတွင်းမှာ သိမ်းဆည်းရမယ့် ဂါထာတစ်ခု လိုအပ်ပါတယ်။ ဝိဉာဉ်ကို ထည့်သွင်း သိမ်းဆည်းရာမှာ သက်ရှိထဲမှာလည်း သိမ်းဆည်းနိုင်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း သက်ရှိမဟုတ်တဲ့ ပစ္စည်းတစ်ခုထဲမှာ သိမ်းဆည်းတာကတော့ ပိုပြီးကောင်းတယ်လို့ ဆိုပါတယ်။

နောက်ထပ် လုပ်ဆောင်ရမယ့် တတိယအဆင့်ကတော့ “ဆိုးရွား ယုတ်ညံ့လွန်းတဲ့ လုပ်ရပ်” လို့သာ ဖော်ပြထားပါတယ်။ အဲဒီအဆင့်လည်း ပြီးသွားပြီဆိုရင်တော့ ကာယကံရှင်ရဲ့ ဝိဉာဉ်အပိုင်းအစဟာ အဆိုပါပစ္စည်းထဲမှာ သိမ်းဆည်းပြီးသား ဖြစ်သွားပြီး သူ့ရဲ့ သက်တမ်းကိုလည်း ဆွဲဆန့်နိုင်မှာ ဖြစ်ပါတယ်။

Photo via IMDb

အခု Harry ရဲ့ ဖြစ်ရပ်မှာတော့ Harry ဟာ ဒီအဆင့်တွေကို မလုပ်ဆောင်ခဲ့သလို သူ့ရဲ့ ဝိဉာဉ်ဟာလည်း အပိုင်းအစတွေ ကွဲထွက်မသွားခဲ့ပါဘူး။ သို့သော်လည်း Voldemort ကိုယ်ထဲက သူ့ရဲ့သွေးကသာ အမှောင်သခင်ကြီးကို သူ့ရဲ့ ကိုယ်ပိုင် horcrux အဖြစ် ပြောင်းလဲသွားစေခဲ့တာ ဖြစ်ပါလိမ့်မယ်။

စာရေးဆရာမ J. K. Rowling ကတော့ ဒါဟာ Harry အတွက် horcrux သဖွယ် ဖြစ်သွားစေတယ်လို့ အတည်ပြုထားပါတယ်။ သို့သော်လည်း Harry ရဲ့ horcrux နဲ့ Voldemort ရဲ့ horcrux တို့ဟာ သိသိသာသာပဲ ကွဲပြားခြားနားနေတာ တွေ့ရမှာ ဖြစ်ပြီး လုပ်ဆောင်ပုံ အဆင့်တွေတင်မကဘဲ horcrux တွေရဲ့ ရည်ရွယ်ချက်ကိုက ကွဲပြားနေတာ ဖြစ်ပါတယ်။

Photo via IMDb

Harry ရဲ့ horcrux မှာတော့ သူ့ရဲ့ ကောင်းမွန်တဲ့ ရပ်တည်ချက်တွေ ပါဝင်သလို မိခင်ဖြစ်သူ Lily ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ ပါဝင်နေတာကြောင့် အားလုံးကို ဒုက္ခပေးမယ့် ရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့တဲ့ Voldemort ရဲ့ horcrux တွေနဲ့ကတော့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေမှာ ဖြစ်ပါတယ်။

Voldemort ကို Harry ရဲ့ horcrux အဖြစ် သတ်မှတ်သင့်သလားဆိုတာကတော့ ပရိသတ်တွေအပေါ်မှာပဲ မူတည်နေပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်တွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ Voldemort ဟာ သူ့ရဲ့အတ္တနဲ့ စွမ်းအားအပေါ် ဆာလောင်မွတ်သိပ်မှုကြောင့် horcrux တွေကို ဖန်တီးခဲ့တာ ဖြစ်ပြီး Harry ကတော့ မရည်ရွယ်ဘဲ ဖန်တီးမိသလို ဖြစ်ခဲ့တာ ဖြစ်ပြီး သူ့မိခင်ရဲ့ စွန့်လွှတ်အနစ်နာခံမှုကသာ ရှေ့ဆက်နိုင်စေခဲ့တာ ဖြစ်ပါတယ်။

Glasgow

Source: screenrant

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular