HomeCelebs Update NewsInternationalရှိရင်းစွဲ အသက်ထက် နုပျိုနေကြတဲ့ ဟောလိဝုဒ်ရဲ့ နာမည်ကျော်ဆယ်လီ(၅)ယောက်

ရှိရင်းစွဲ အသက်ထက် နုပျိုနေကြတဲ့ ဟောလိဝုဒ်ရဲ့ နာမည်ကျော်ဆယ်လီ(၅)ယောက်

ဇရာဆိုတာ ဘယ်သူမှ လွန်ဆန်လို့မရတဲ့ သဘာဝတရားတစ်ခု ဖြစ်ပါတယ်။ သို့သော်လည်း တချို့လူတွေမှာတော့ ဇရာရဲ့ ထိုးနှက်ချက်ကို ကြီးကြီးမားမား မခံစားရတာ ရှိပါတယ်။ နှစ်ကာလအချိန်တွေသာ ကြာညောင်းသွားပေမယ့် သူတို့ရဲ့ ရုပ်ရည်ကတော့ ငယ်စဉ်ကလိုပဲ နုပျိုလန်းဆန်းနေဆဲ ဖြစ်ကာ သိသိသာသာ အိုမင်းရင့်ရော်သွားတာမျိုး မတွေ့ရပါဘူး။ အလားတူပဲ ဟောလိဝုဒ်ရဲ့ နာမည်ကျော်ဆယ်လီတွေထဲမှာလည်း ရှိရင်းစွဲ အသက်ထက် နုပျိုနေကြသူတွေ ရှိပါတယ်။ သူတို့ကတော့ …

Paul Rudd
Photo: paulrudd_/ Instagram

Paul Rudd ကတော့ အမေရိကန်သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး အများအားဖြင့် ဟာသဇာတ်ကားတွေမှာ သရုပ်ဆောင်လေ့ ရှိပါတယ်။ သူဟာ ၁၉၉၁ ခုနှစ်တည်းက သရုပ်ဆောင်လောကကို ဝင်ရောက်ခဲ့တာ ဖြစ်ပြီး ယနေ့အထိလည်း ဟောလိဝုဒ်မှာ အခိုင်အမာ နေရာရထားဆဲ ဖြစ်ပါတယ်။

သူ့ရဲ့ ထင်ရှားတဲ့ဇာတ်ရုပ် အများအပြား ရှိတဲ့အထဲက မြန်မာပရိသတ်တွေ အရင်းနှီးဆုံးဖြစ်မယ့် ဇာတ်ရုပ်တွေကတော့ နာမည်ကျော် F.R.I.E.N.D.S ဇာတ်လမ်းတွဲထဲက Mike Hannigan နဲ့ Marvel Cinematic Universe ထဲက Ant-Man တို့ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ရုပ်ရည်ကို ကြည့်ရင် ဘယ်သူကမှ ဒီလောက်အသက်အရွယ် ရှိနေပြီလို့ ထင်မှာမဟုတ်ပေမယ့် Paul Rudd ဟာ ၁၉၆၉ ခုနှစ် ဧပြီလ(၆)ရက်နေ့မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး အခုဆိုရင် အသက်(၅၂)နှစ် ရှိနေပါပြီ။

Jennifer Lopez
Photo: jlo/ Instagram

J. Lo လို့ ချစ်စနိုးနဲ့ အတိုကောက်ခေါ်ကြတဲ့ Jennifer Lopez ကတော့ နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ၁၉၉၀ ပြည့်နှစ်ကာလတွေတည်းက “Jenny on the Block” သီချင်းနဲ့ အောင်မြင်ကျော်ကြားခဲ့သူ ဖြစ်ပြီး ယနေ့အထိလည်း ရုပ်ရှင်ဘက်မှာရော၊ ဂီတဘက်မှာပါ အရှိန်အဟုန်နဲ့ အောင်မြင်နေဆဲ ဖြစ်ပါတယ်။

J. Lo ဟာ သူမရဲ့ ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့အတူ သူမရဲ့ ရုပ်ရည်ကလည်း နည်းနည်းလေးမှ အရွယ်ကျမသွားဘဲ နုပျိုလှပနေဆဲ ဖြစ်ပါတယ်။ ယနေ့အချိန်ထိ ပုရိသတွေရဲ့ အသည်းနှလုံးကို ဆွဲကိုင်လှုပ်ရမ်းနိုင်စွမ်း မြင့်မားနေသေးတဲ့ J. Lo ဟာ တကယ်တော့ ၁၉၆၉ ခုနှစ် ဇူလိုင်လ(၂၄)ရက်နေ့မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး အခုဆိုရင် အသက်(၅၂)နှစ် ရှိနေပါပြီ။

Keanu Reeves
Photo: keanureevesoffIcial_/ Instagram

မြန်မာပရိသတ်တွေကြားမှာရော၊ နိုင်ငံတကာ ပရိသတ်တွေကြားမှာပါ ချစ်ခင်နှစ်သက်ခံရတဲ့ နာမည်ကျော်မင်းသားတစ်လက်ကတော့ Keanu Reeves ပဲ ဖြစ်ပါတယ်။ Reeves ဟာ တကယ်တော့ ၁၉၈၀ နဲ့ ၁၉၉၀ ကာလတွေတည်းက ဟောလိဝုဒ်ရဲ့ အသည်းစွဲမင်းသားတစ်လက် ဖြစ်ခဲ့တာပါ။

သူဟာ ထင်ရှားကျော်ကြားတဲ့ ဇာတ်ရုပ်များစွာမှာ သရုပ်ဆောင်ထားသူ ဖြစ်ပြီး Bill and Ted Face The Music ၊ Speed ၊ The Matrix franchise ၊ John Wick franchise အစရှိတဲ့ နာမည်ကျော်ဇာတ်ကားများစွာကို ရိုက်ကူးထားသူ ဖြစ်ပါတယ်။

John Wick ဇာတ်ကားထဲက သူ့ရဲ့ သွက်လက်တဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီး ဘယ်သူကမှတော့ ဒီအသက်လောက် ရှိပြီ ထင်မှာမဟုတ်ပေမယ့် တကယ်တမ်းမှာတော့ မင်းသားကြီးဟာ ၁၉၆၄ ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး အခုဆိုရင် အသက်(၅၇)နှစ် ရှိနေပါပြီ။

Jared Leto
Photo: jaredleto/ Instagram

Jared Leto ကတော့ နာမည်ကျော် သရုပ်ဆောင်၊ အဆိုတော်တစ်ယောက် ဖြစ်ပြီး My So-Called Life တီဗွီဇာတ်လမ်းတွဲထဲက Jordan Catalano ဇာတ်ရုပ်နဲ့ စတင်အောင်မြင်လာသူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Fight Club ၊ American Psycho ၊ Requiem for a Dream တို့လို နာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ အစ်ကိုဖြစ်သူ Shannon Leto နဲ့အတူ Thirty Seconds To Mars band ကို တည်ထောင်ခဲ့ပါတယ်။

Leto ဟာ Dallas Buyers Club ရုပ်ရှင်နဲ့ အော်စကာဆု ရရှိထားပြီး မကြာခင်မှာလည်း သူ့ရဲ့ Morbius ရုပ်ရှင်အသစ် ထွက်ရှိလာဖို့ ရှိနေပါတယ်။ ရုပ်ရှင်၊ ဂီတနဲ့ ဖက်ရှင်လောကမှာပါ နာမည်ကျော်ကြားတဲ့ Leto ဟာ ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး အခုဆိုရင် အသက်(၅၀)နှစ် ရှိနေပါပြီ။

Elijah Wood
Photo: eli.jah.wood/ Instagram

Elijah Wood ကတော့ သူ့ရဲ့ သရုပ်ဆောင်ဘဝအစက ရုပ်ရှင်ဖြစ်တဲ့ The Ice Storm မှာတည်းက လူပြောအများဆုံး သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့တာပါ။ ဒီလိုနဲ့ နောက်ပိုင်းမှာတော့ Lord of the Rings franchise ထဲမှာ Frodo Baggins အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေ ချစ်ခင်အားပေးတဲ့ ဟောလိဝုဒ်ရဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Wood ဟာ တကယ်လို့ Frodo ရဲ့ အဝတ်အစားဒီဇိုင်းတွေကို ပြန်ဝတ်ဆင်ပြီး သရုပ်ဆောင်ရဦးမယ်ဆိုရင်တောင် ငယ်ရွယ်နုပျိုနေအောင် CGI သုံးစရာမလိုတဲ့သူ ဖြစ်ပါတယ်။ Wood ဟာ ၁၉၈၁ ခုနှစ် ဇန်နဝါရီလ(၂၈)ရက်နေ့မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး အခုဆိုရင် အသက်(၄၁)နှစ် ရှိနေပါပြီ။

ဒါကတော့ အသက်တွေသာ ကြီးလာပေမယ့် သိသိသာသာ အိုမင်းမသွားတဲ့ ဟောလိဝုဒ် ဆယ်လီ(၅)ယောက်ပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ တွေးမိတဲ့ အလားတူ နာမည်ကျော်ဆယ်လီတွေ ရှိရင်လည်း ပြန်လည်ဆွေးနွေးပေးခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular