HomeEntertainmentFilmမတူညီတဲ့ ခံစားမှုရသကို ပေးစွမ်းမယ့် Horror ဇာတ်ကားကောင်းများ

မတူညီတဲ့ ခံစားမှုရသကို ပေးစွမ်းမယ့် Horror ဇာတ်ကားကောင်းများ

Horror ရုပ်ရှင်တွေဟာ ရုပ်ရှင်ချစ်သူအများစု နှစ်သက်ကြတဲ့ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ သို့သော်လည်း Horror ဇာတ်ကားတွေမှာ မတူညီတဲ့ တင်ဆက်ပုံနဲ့ ခံစားမှုရသကို ပေးစွမ်းကြတဲ့ စတိုင်လ်တွေ ကွဲပြားပါတယ်။ တချို့ဇာတ်ကားတွေဟာ ထိတ်လန့်တုန်လှုပ်ရတဲ့ ခံစားမှုကို ပေးစွမ်းသလို တချို့ဇာတ်ကားတွေကတော့ ကြည့်ရှုပြီးတော့မှ တမြည့်မြည့်နဲ့ ထိတ်လန့်ခြောက်ခြားတဲ့ ခံစားမှုကို ပေးစွမ်းကြတာမျိုး ရှိပါတယ်။ ဒါကြောင့် မတူညီတဲ့ တင်ဆက်ပုံနဲ့ ခံစားမှုရသတွေကို ပေးစွမ်းမယ့် Horror ဇာတ်ကားကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

The Host

Photo Via Screenrant

ဒီဇာတ်ကားကတော့ နာမည်ကျော် ကိုရီးယားဒါရိုက်တာ Bon Joon-ho ရဲ့လက်ရာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ၂၀၀၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 7.1 ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ အမည်မသိသတ္တဝါကြီးတစ်ကောင်ဟာ ဟန်မြစ်ဘေးတလျှောက်မှာ အပြစ်မဲ့လူသားတွေကို လိုက်လံသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ဒီသတ္တဝါကြီးဟာ Hyun-seo ဆိုတဲ့ ကောင်မလေးတစ်ယောက်ကိုပါ ဖမ်းဆီးချုပ်နှောင်သွားတဲ့ နောက်မှာတော့ သူ့ရဲ့မိသားစုဟာ ဒီသတ္တဝါဆိုးကြီးကို နှိမ်နှင်းပြီး ကောင်မလေးကို ပြန်လည်ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Song Kang Ho ၊ Bae Doona ၊ Go Ah Sung နဲ့ Park Hae Il တို့ အဓိက ပါဝင်ထားပါတယ်။

Stoker

Photo Via Screenrant

ဒီဇာတ်ကားကိုတော့ ကိုရီးယားဒါရိုက်တာ Park Chan wook က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ Park Chan Wook ကတော့ The Vengeance Trilogy ရုပ်ရှင်နဲ့ လူသိများတဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်ပြီး Oldboy ကတော့ သူ့ရဲ့ နာမည်အကြီးဆုံးရုပ်ရှင် ဖြစ်ပါတယ်။

Stoker ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb ကတော့ 6.8 ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ India Stoker ဆိုတဲ့ ကောင်မလေးဟာ သူမ သိပ်ချစ်ရတဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက်မှာ သူတို့ရဲ့ အိမ်ကြီးထဲမှာ သူမရဲ့မိခင်ဖြစ်သူနဲ့ နှစ်ယောက်တည်း ကျန်ရစ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူ့မှာ ရှိမှန်းတောင်မသိခဲ့တဲ့ ဦးလေးတစ်ယောက်က သူတို့ရဲ့အိမ်ကို ရောက်လာတဲ့နောက်မှာတော့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Mia Wasikowska ၊ Nicole Kidman နဲ့ Matthew Goode တို့က အဓိက ပါဝင်ထားပါတယ်။

Us

Photo Via Screenrant

Jordan Peele ဆိုတာကတော့ Get Out လို horror ဇာတ်ကားကောင်းတွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်ပြီး နောက်ပိုင်းမှာလည်း အလားတူ စိတ်ကိုလှည့်စားနိုင်တဲ့ ဇာတ်ကားတွေကို ဖန်တီးထားသူ ဖြစ်ပါတယ်။

IMDb 6.8 ရရှိထားတဲ့ Us ရုပ်ရှင်ထဲမှာတော့ သာယာနေတဲ့ Wilson မိသားစုလေးယောက်ဟာ တစ်နေ့မှာတော့ သူတို့နဲ့ တစ်ပုံစံတည်း တူညီနေတဲ့ လူတွေရဲ့ အနှောင့်အယှက်ပေး၊ အကြမ်းဖက်မှုကို အံ့အားသင့်စရာ ကြုံတွေ့လိုက်ရပါတယ်။ သို့သော်လည်း မကြာခင်မှာပဲ ဒီလိုကြုံတွေ့နေရတာဟာ သူတို့ချည်းပဲ မဟုတ်ဘူးဆိုတာကိုပါ သိရှိလိုက်ရတဲ့နောက်မှာတော့ … ။ Lupita Nyong’O ၊ Winston Duke ၊ Elisabeth Moss ၊ Yahya Abdul-Mateen II အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။

Hereditary

Photo Via Screenrant

Hereditary ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အမေရိကန်ဒါရိုက်တာ Ari Aster ရဲ့ နာမည်ကြီးလက်ရာတစ်ခု ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ Sundance ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး တမဟုတ်ချင်း နာမည်ကြီးသွားပြီး A24 စတူဒီယိုရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်တစ်ကားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ဇာတ်လမ်းကတော့ Annie Graham ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ မိခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့မိသားစုဟာ ချစ်ခင်ရတဲ့ မိခင်ဖြစ်သူ၊ အဘွားဖြစ်သူကို လွမ်းဆွတ်တမ်းတနေကြပါတယ်။ သို့သော်လည်း မကြာခင်မှာပဲ သူမရဲ့မိသားစုကို တစုံတခုကို လိုက်လံခြောက်လှန့်နေတယ်လို့ ခံစားလာရပြီးနောက်မှာတော့ သူမစိတ်ထဲမှာ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးတဲ့ ဖြစ်ရပ်တွေ ဖြစ်လာပါတော့တယ်။

သရုပ်ဆောင်တွေကတော့ Toni Collette ၊ Alex Wolff ၊ Milly Shapiro နဲ့ Gabriel Byrne တို့က အဓိကပါဝင်ထားပါတယ်။ IMDb rating ကတော့ 7.3 ရရှိထားပါတယ်။

A Tale Of Two Sisters

Photo Via Screenrant

A Tale of Two Sisters ကတော့ နာမည်ကျော် ကိုရီးယား horror ရုပ်ရှင်တစ်ကား ဖြစ်ပြီး ဟောလိဝုဒ်က remake တောင် ပြန်ရိုက်ရတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb rating 7.2 ရရှိထားပါတယ်။

ဒါရိုက်တာ Kim Jee Woon ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကတော့ စိတ္တဇဆေးရုံက ဆင်းလာတဲ့ ကောင်မလေးတစ်ယောက်ဟာ အိမ်ပြန်ရောက်တဲ့အချိန်မှာပဲ မိထွေးအသစ်နဲ့ ရင်ဆိုင်ရပါတော့တယ်။ ဒါတင်မက ဆုံးသွားတဲ့ မိခင်ဖြစ်သူရဲ့ ဝိဉာဉ်ကပါ သူမတို့ကို စတင်ခြောက်လှန့်လာတဲ့အခါမှာတော့ … ။ Im Soo Jung ၊ Yum Jung Ah ၊ Moon Geun Young နဲ့ Kim Kap Soo တို့က အဓိက ပါဝင်ထားပါတယ်။

The Wailing

Photo Via Screenrant

ကိုရီးယားဒါရိုက်တာ Na Hong Jin ရိုက်ကူးထားတဲ့ The Wailing ကတော့ ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့ပြီး Imdb 7.4 ရရှိထားပါတယ်။ သရုပ်ဆောင်တွေကတော့ Chun Woo Hee ၊ Hwang Jung Min နဲ့ Kwak Do Won တို့က အဓိကပါဝင်ထားပါတယ်။

ဇာတ်လမ်းကတော့ ဝေးလံခေါင်သီတဲ့ ကျေးလက်တောရွာလေးတစ်ခုမှာ လူစိမ်းတစ်ယောက် ရောက်ရှိလာပြီးနောက်မှာပဲ ပဟေဠိဆန်တဲ့ လူသတ်မှုတွေ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။ ဒီလိုနဲ့ ဒီအမှုတွေကို ရဲအရာရှိတွေက စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာတော့ သဘာဝလွန်ဖြစ်ရပ်တွေကပါ ဆက်စပ်နေတာကို အံ့အားသင့်ဖွယ်ရာ သိရှိလိုက်ရပါတော့တယ်။

ဒါကတော့ မတူညီတဲ့ ခံစားမှုရသတွေကို ပေးစွမ်းမယ့် Horror ဇာတ်ကားကောင်းတွေ ဖြစ်ပါတယ်။ စာဖတ်သူတို့ ကြိုက်နှစ်သက်တဲ့ အလားတူဇာတ်ကားတွေရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။

C21

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular