HomeEntertainmentFilmShe-Hulk ထွေလာထဲမှာ Hulk ရဲ့လက်ဟာ ဘာကြောင့် အကောင်းတိုင်း ဖြစ်နေရတာလဲ?

She-Hulk ထွေလာထဲမှာ Hulk ရဲ့လက်ဟာ ဘာကြောင့် အကောင်းတိုင်း ဖြစ်နေရတာလဲ?

She-Hulk ဇာတ်လမ်းတွဲရဲ့ ပထမဆုံး ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Jennifer Walters လို့ခေါ်တဲ့ ရှေ့နေတစ်ယောက်အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပြီး သူမကတော့ Bruce Banner ရဲ့ ဝမ်းကွဲတော်စပ်သူလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲထဲမှာတော့ Bruce Banner ရဲ့ Smart Hulk ကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

နောက်ဆုံးထွက်ရှိခဲ့တဲ့ Avengers ရုပ်ရှင်ဖြစ်တဲ့ Endgame ထဲမှာတော့ Hulk ဟာ ပျောက်ဆုံးသွားတဲ့ လူဦးရေတစ်ဝက်ကို ပြန်ခေါ်ဖို့အတွက် Infinity Stone ခြောက်လုံးအပြည့် တပ်ထားတဲ့ လက်အိတ်နဲ့ လက်ဖျောက်တီးခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့်ပဲ သူ့ရဲ့ လက်တစ်ဘက်လုံးဟာ စုတ်ပြတ်သွားခဲ့ပါတယ်။

photo via screenrant

Hulk ဟာ MCU ထဲမှာတော့ ကြီးမားတဲ့ တိုက်ခိုက်မှုတွေများစွာကို ခံခဲ့ဖူးပေမယ့်လည်း Infinity Stone ခြောက်လုံးရဲ့ သက်ရောက်မှုကတော့ ယခင်တိုက်ခိုက်မှုတွေနဲ့ လားလားမှ မတူဘဲ သူ့အတွက်တောင် ကြီးမားတဲ့ ထိခိုက်မှု ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း အသစ်ထွက်ရှိလာတဲ့ She-Hulk ထွေလာထဲမှာတော့ Hulk ရဲ့လက်ဟာ ဘာဒဏ်ရာမှ ရှိမနေဘဲ အကောင်းတိုင်း ဖြစ်နေပြီး အမာရွတ်တောင် မကျန်ခဲ့တာကို တေွ့ရပါတယ်။

ဒီအချက်အတွက် ရိုးရှင်းတဲ့ အဖြေတစ်ခုကတော့ She-Hulk ဇာတ်လမ်းတွဲဟာ Endgame ရုပ်ရှင်မတိုင်ခင်မှာ ဇာတ်အိမ်တည်ထားတာကြောင့်လို့ ယူဆနိုင်ပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲထဲမှာတော့ Hulk ဟာ လက်ဖျောက်မတီးရသေးတာကြောင့် သူ့ရဲ့လက်မောင်းက ဒဏ်ရာ မဖြစ်သေးဘူးလို့ ယူဆနိုင်ပါတယ်။

photo via screenrant

ဒါ့အပြင် Shang-Chi and the Legend of Ten Rings ရုပ်ရှင်ရဲ့ Credit Scene ထဲမှာလည်း Bruce Banner ဟာ Smart Hulk ပုံစံ မဟုတ်တော့ဘဲ သာမန်လူပုံစံအဖြစ် ပြောင်းလဲနေပါတယ်။ အဲဒီဇာတ်ဝင်ခန်းမှာတော့ Bruce ဟာ လက်ဖျောက်တီးထားတာကြောင့် ဒဏ်ရာရထားတဲ့ လက်တစ်ဘက်ကို ကြိုးနဲ့ သိုင်းထားတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ Shang-Chi ရုပ်ရှင်ရဲ့ အဖြစ်အပျက်တွေအထိ Bruce ဟာ အဲဒီဒဏ်ရာကို ခံစားနေရဆဲဆိုတာ မြင်တွေ့နိုင်ပါတယ်။

photo via screenrant

နောက်ထပ် ဖြစ်နိုင်ချေတစ်ခုကတော့ Bruce ဟာ ဒီဒဏ်ရာတွေကို အမာရွတ် မကျန်တဲ့အထိတောင် Heal လုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုသာဆိုရင်တော့ Hulk ရဲ့ Healing Power ဟာ အရင်က MCU ထဲမှာ မြင်တွေ့ခဲ့ရတာထက်ကို အဆပေါင်းများစွာ သာလွန်နေပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Shang-Chi ရုပ်ရှင်ရဲ့ Credit Scene နဲ့ ယှဉ်ကြည့်မယ် ဆိုရင်တော့ ကိုက်ညီမှုမရှိ ဖြစ်နေတာကြောင့် ဒီဇာတ်လမ်းတွဲဟာ Endgame မတိုင်ခင်အချိန်မှာ ဇာတ်အိမ်တည်ထားတယ် ဆိုတာက ပိုပြီးတော့ ဖြစ်နိုင်ချေ ရှိတယ်လို့ ယူဆရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular