HomeCelebs Update NewsInternationalမအောင်မြင်ခင်ဘဝတုန်းက ဆေးခြောက်ရောင်းပြီး အသက်ဆက်ခဲ့ရဖူးတယ်ဆိုတဲ့ Idris Elba 

မအောင်မြင်ခင်ဘဝတုန်းက ဆေးခြောက်ရောင်းပြီး အသက်ဆက်ခဲ့ရဖူးတယ်ဆိုတဲ့ Idris Elba 

သရုပ်ဆောင် Idris Elba ကတော့ သူ့ရဲ့သရုပ်ဆောင်ဘဝအစ မအောင်မြင်ခင် အချိန်တုန်းက ဆေးခြောက်ရောင်းပြီး အသက်ဆက်ခဲ့ရတယ်လို့ ဖွင့်ဟလာပါတယ်။

Idris Elba ဟာ မကြာသေးခင်ကပဲ SiriusXM ရဲ့ The Jess Cagle Show ကို ဧည့်သည်အဖြစ် လာရောက်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ သရုပ်ဆောင်ဘဝအစ မအောင်မြင်သေးခင် အချိန်မှာ ရုန်းကန်ခဲ့ရပြီး ကြားပေါက်အလုပ်အနေနဲ့ ဆေးခြောက်ရောင်းပြီး ပိုက်ဆံရှာခဲ့ရတယ်လို့ ပြောပြသွားပါတယ်။

Photo: idriselba/ Instagram

လက်ရှိမှာတော့ Elba ဟာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီ ဆိုပေမယ့် သူ့ရဲ့အစောပိုင်းနေ့ရက်တွေကတော့ ခက်ခဲခဲ့ပါတယ်။ Elba ဟာ ယူကေနိုင်ငံမှာတော့ သရုပ်ဆောင်အဖြစ် လုပ်ကိုင်နေခဲ့တာ နှစ်တွေ ကြာမြင့်နေပြီ ဖြစ်ပေမယ့် ယူအက်စ်မှာတော့ ၂၀၀၂ ခုနှစ်ကျမှသာ HBO ရဲ့ နာမည်ကျော် ဇာတ်လမ်းတွဲ The Wire ထဲက ဇာတ်ရုပ်နဲ့ စတင်လူသိများလာတာ ဖြစ်ပါတယ်။

အဆိုပါ The Wire ဇာတ်လမ်းတွဲထဲမှာတော့ Elba ဟာ Stringer Bell ဆိုတဲ့ အဓိက ဗီလိန်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွဲထဲမှာ season သုံးခုအထိ သရုပ်ဆောင်ခဲ့ပြီး နောက်မှာတော့ Elba ဟာ ဟောလိဝုဒ်ရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းကျမှသာ Marvel Cinematic Universe ၊ Fast & Furious အစရှိတဲ့ နာမည်ကြီး franchise တွေမှာ ပါဝင်ခဲ့ရပြီး နာမည်ကျော် သရုပ်ဆောင်တစ်ယောက်ဘဝကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

Photo: idriselba/ Instagram

ရုပ်ရှင်လောကထဲမှာ အခုလို နာမည်တစ်လုံး ရရှိဖို့အတွက် Elba ဟာ ရုန်းကန်ခဲ့ရပြီး သရုပ်ဆောင်ဘဝအစမှာလည်း အသက်ရှူချောင်ဖို့အတွက် ကြားပေါက်အလုပ်တွေ လုပ်ခဲ့ရပါတယ်။ Elba ဟာ DJ အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးပြီး Caroline’s Comedy Club မှာလည်း doorman အဖြစ် လုပ်ကိုင်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကြားပေါက် အပိုဝင်ငွေ ရဖို့အတွက် ဆေးခြောက်လည်း ရောင်းခဲ့ပါသေးတယ်လို့ ဝန်ခံခဲ့ပါတယ်။ သူ့ဆီက ဆေးခြောက်အားပေးတဲ့ ဖောက်သည်တွေထဲမှာတော့ နာမည်ကျော် ဟာသပညာရှင် Dave Chappelle လည်း ပါဝင်တယ်လို့ ပြောပြထားပါတယ်။

တကယ်တော့ Elba ကို နာမည်စကြီးစေခဲ့တဲ့ ဇာတ်လမ်းတွဲ The Wire ထဲက သူ့ရဲ့ဇာတ်ရုပ်ဟာလည်း အင်မတန် ပါဝါကြီးတဲ့ မူးယစ်ဘုရင်တစ်ယောက် ဖြစ်ပါတယ်။ အခုလို Elba ရဲ့ ဘဝအစ အတွေ့အကြုံတွေကို သိလိုက်ရတဲ့အခါ သူ့ရဲ့တကယ့်ပြင်ပဘဝက အတွေ့အကြုံတွေကို အခြေခံပြီး ဒီဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့တာများလားဆိုတာ တွေးစရာပါပဲ။ မည်သို့ပင်ဖြစ်စေ ခက်ခဲလှတဲ့ နှစ်ကာလတွေကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့တဲ့ Elba ဟာ အခုဆိုရင်တော့ ဟောလိဝုဒ်ရဲ့ နာမည်ကျော် သရုပ်ဆောင်တစ်ယောက် ဖြစ်နေပါပြီ။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular