HomeCelebs Update NewsInternationalမီဒီယာတွေရဲ့ ထိုးနှက်မှုကြောင့် ဟောလိဝုဒ်ကနေ ထွက်ခွာဖို့ စဉ်းစားဖူးတယ်ဆိုတဲ့ J.Lo

မီဒီယာတွေရဲ့ ထိုးနှက်မှုကြောင့် ဟောလိဝုဒ်ကနေ ထွက်ခွာဖို့ စဉ်းစားဖူးတယ်ဆိုတဲ့ J.Lo

Jennifer Lopez ကတော့ သူမရဲ့ Netflix documentary အသစ်ထဲမှာ သူမရဲ့ခန္ဓာကိုယ်ပုံစံနဲ့ ပတ်သက်ပြီး တချိန်တုန်းက မီဒီယာတွေရဲ့ ဝေဖန်ထိုးနှက်မှုတွေ ခံစားခဲ့ရတဲ့အကြောင်း ရင်ဖွင့်ပြောပြထားပါတယ်။ အဆိုပါထိုးနှက်မှုတွေထဲမှာတော့ အထူးသဖြင့် သူမရဲ့တင်ပါးကို ဝေဖန်ရေးသား ပြောဆိုကြတာအပြင် လူအများကြား ပျံ့နှံ့သွားတဲ့ ဟာသတွေထဲမှာလည်း မကြာခဏ ထည့်သွင်းအသုံးပြုခံခဲ့ရတဲ့အကြောင်း သူမရဲ့ခံစားချက်ကို ပြောပြထားပါတယ်။

အသက်(၅၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Jennifer Lopez ဟာ Netflix က ထုတ်လွှင့်ပြသနေတဲ့ သူမရဲ့မှတ်တမ်းရုပ်ရှင်အသစ် Halftime ထဲမှာ တချိန်တုန်းက မီဒီယာတွေရဲ့ ထိုးနှက်မှုတွေ ခံစားခဲ့ရတဲ့အကြောင်းကိုလည်း ပြောပြထားပါတယ်။ သူမရဲ့ခန္ဓာကိုယ်ပုံစံနဲ့ အထူးသဖြင့် တင်ပါးကို စနောက်စရာတစ်ခုလို အပြောခံခဲ့ရပြီး ၂၀၀၀ ခုနှစ်က ဂရမ်မီဆုပေးပွဲမှာ သူမ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကြောင့် sexist ဆန်တဲ့ ဝေဖန်မှုတွေ ရရှိခဲ့တဲ့အပေါ် သူမရဲ့အမြင်ကိုလည်း ပြောပြထားပါသေးတယ်။

Photo: jlo/ Instagram

“ကျွန်မ ဒီလောကမှာ အလုပ်စလုပ်တော့ အဲဒီတုန်းက အလှအပစံချိန်ဆိုတာ ပိန်ပိန်ပါးပါးလေး ဖြစ်ရမယ်။ ဆံပင်ရွှေရောင်နဲ့ အရပ်ရှည်ရမယ်။ ပြီးတော့ ခန္ဓာကိုယ်မှာ အဖုအဖောင်း၊ အမို့အမောက်တွေ သိပ်မရှိရဘူးဆိုတဲ့ သတ်မှတ်ချက်မျိုးတွေ ရှိခဲ့တယ်။ ကျွန်မကတော့ ကိုယ်လုံးရှိတဲ့ အမျိုးသမီးတွေကြားထဲမှာ ကြီးပြင်းခဲ့ရတဲ့အတွက် မိန်းမတစ်ယောက်အနေနဲ့ အမို့အမောက်တွေ ရှိတာကို ရှက်စရာတစ်ခုလို့ကို မမြင်ခဲ့ဘူး …” လို့ J.Lo က ဆိုပါတယ်။

“လူတွေက ကိုယ့်ကိုဟာသတစ်ခုလို မြင်နေကြတယ်လို့ ကိုယ့်စိတ်မှာ ထင်မိစေတာက တကယ် ဆိုးရွားပါတယ်။ ဒါပေမယ့် ကျွန်မအရင်တည်းက ထိခိုက်စေဖို့ မရည်ရွယ်ခဲ့တဲ့ အရာတွေပေါ် ထိခိုက်မှုတွေ ဖြစ်ခဲ့တာကိုတော့ ရပ်တန့်ပေးနိုင်ခဲ့ပါတယ် …” လို့ ၂၀၀၀ ခုနှစ် ဂရမ်မီဆုပေးပွဲက သူမရဲ့ဟိုးလေးတကျော် နာမည်ကြီးခဲ့တဲ့ Versace ဝတ်စုံနဲ့ ပတ်သက်ပြီး ဖက်ရှင်လောကကို ဂယက်ရိုက်ခဲ့တဲ့အကြောင်းကိုလည်း ပြောသွားပါသေးတယ်။

Photo: jlo/ Instagram

“ကျွန်မ ဘာတွေပဲ ဖြစ်မြောက်အောင်မြင်နေပါစေ။ သူတို့ရဲ့အာသီသက ကျွန်မရဲ့ ပုဂ္ဂိုလ်ရေးဘဝကို ခုတုံးလုပ်ပြီး ကျွန်မရဲ့အသက်မွေးဝမ်းကျောင်းမှာ အောင်မြင်နေတဲ့ အရာတွေကို အမှောင်ချပစ်ဖို့ပါပဲ။ အဲဒါကြောင့်ပဲ ကျွန်မ ကိုယ့်ကိုယ်ကို ယုံကြည်မှု လုံးဝမရှိခဲ့ပါဘူး။ ကျွန်မက မတော်ပါဘူး၊ မကောင်းပါဘူးလို့ သူတို့အမြဲ ပြောနေတဲ့အရာတွေကို ကျွန်မတကယ် ယုံကြည်ခဲ့တာပါ …”

“ကျွန်မက သီချင်းဆိုတော့လည်း မကောင်းဘူး။ မင်းသမီးလုပ်တော့လည်း မစွံဘူး။ အကကျပြန်တော့လည်း ညံ့ပြန်တယ်။ ကျွန်မက ဘယ်အရာမှာမှ မတော်ဘူးပေါ့။ ပြောရရင် ကျွန်မနဲ့ ဒီလောကက သက်ဆိုင်မှုကို မရှိတာ။ ကျွန်မ ဘာလို့ထွက်မသွားသေးတာလည်းပေါ့ … ” လို့ ဆိုပြီး တချိန်တုန်းက သူမရဲ့ပုဂ္ဂိုလ်ရေးဘဝဟာ မီဒီယာတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့တဲ့အကြောင်း ရင်ဖွင့်ထားပါတယ်။

Photo: jlo/ Instagram

ဒီလိုထိုးနှက်မှုတွေကြောင့်ပဲ ဟောလိဝုဒ်ကနေ ထွက်ခွာဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးတယ်လို့လည်း သူမက ဆိုပါတယ်။ “ငါတော့ ဒီလောကကို စွန့်ခွာလိုက်ရင် ကောင်းမယ်လို့ တွေးမိတာ အကြိမ်ကြိမ် အခါခါပါပဲ။ နောက်တော့ ကိုယ်ဘယ်လိုလူလည်းဆိုတာ ကိုယ့်ဘာသာ ပြန်အဖြေရှာခဲ့ရတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်ပြီး တခြားဘယ်သူပြောတာကိုမှ မယုံမိအောင် ကြိုးစားခဲ့ရတယ် …” လို့ Halftime documentary ထဲမှာ J.Lo က ပြောပြထားပါတယ်။

J.Lo ရဲ့ Halftime documentary ကိုတော့ လက်ရှိ Netflix မှာ ထုတ်လွှင့် ပြသနေပြီ ဖြစ်ပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular