HomeCelebs Update NewsInternationalကံသီလို့ သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရတဲ့ Jeremy Renner

ကံသီလို့ သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရတဲ့ Jeremy Renner

သရုပ်ဆောင် Jeremy Renner ဟာ နှစ်သစ်ကူးနေ့မှာပဲ နေအိမ်အနီးဝန်းကျင်မှာ နှင်းတွေကို ရှင်းလင်းရင်း ပြင်းထန်တဲ့ မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ယခုဆိုရင်တော့ အရေးပေါ် ခွဲစိတ်ကုသမှု ခံယူပြီး အထူးကြပ်မတ်ကုသဆောင်ထဲမှာ စောင့်ကြည့်ခံရတဲ့ အနေအထားထိ ဖြစ်စေခဲ့တဲ့ မတော်တဆမှုရဲ့ ဖြစ်စဉ်ကို သိရှိရပြီ ဖြစ်ပါတယ်။

အဆိုပါမတော်တဆမှု ဖြစ်ပွားပြီးစ အချိန်ကတည်းက ဒေသခံရဲအရာရှိတွေဟာ ဘယ်လိုအကြောင်းအချက်တွေကြောင့် ယခုလိုပြင်းထန်တဲ့ မတော်တဆမှုကို ဖြစ်ပွားစေခဲ့လည်းဆိုတာ စုံစမ်းစစ်ဆေးနေခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဖြစ်စဉ်ရဲ့ အလုံးစုံကို သေချာစွာ အဖြေပေါ်ခဲ့ပြီမို့ Washoe County ရဲ့ ရဲမှူး Darrin Balaam ကိုယ်တိုင်က မကြာသေးခင်ကပဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ရှင်းပြခဲ့ပါတယ်။

Photo: jeremyrenner/ Instagram

ဖြစ်ပုံကတော့ အဆိုပါ နှစ်သစ်ကူးအကြိုညမှာတည်းက Jeremy Renner တို့ နေထိုင်ရာ ဒေသဝန်းကျင်မှာ နှင်းမုန်တိုင်းတိုက်ခတ်ပြီး နှင်းတွေ ထူထပ်စွာ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မုန်တိုင်းကြောင့် လျှပ်စစ်မီးတွေလည်း ပြတ်တောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ အထူသုံးပေခန့်ရှိအောင် ကျဆင်းထားတဲ့ နှင်းတွေကြောင့် လမ်းတွေဟာလည်း အသုံးပြုလို့ မရတော့တဲ့အတွက် Jeremy ဟာ သူ့ရဲ့နှင်းရှင်းတဲ့ယာဉ်ကြီးကို မောင်းနှင်ပြီး ကားလမ်းတွေကို ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် သူ့ရဲ့အိမ်အပြင် အိမ်နီးချင်းတွေရဲ့ ကားလမ်းတွေကိုပါ ရှင်းလင်းပေးခဲ့သေးတယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ အထူသုံးပေခန့် ကျဆင်းထားတဲ့ နှင်းတွေကြောင့် သူတို့အိမ်က ကားတွေဟာလည်း နှင်းတောထဲမှာ နစ်မြုပ်နေခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ Jeremy ဟာ သူ့ရဲ့ Pistenbully နှင်းကော်ယာဉ်ကြီးနဲ့ သူ့မိသားစုဝင်တစ်ယောက်ရဲ့ကားကို နှင်းတောထဲက ဖယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

 

View this post on Instagram

 

A post shared by Jeremy Renner (@jeremyrenner)

ကားကို နှင်းတောထဲက ဖယ်ထုတ်ပြီး နောက်မှာတော့ Jeremy ဟာ အဲဒီယာဉ်ကြီးပေါ်က ဆင်းလာပြီး သူ့ရဲ့မိသားစုဝင်ကို စကားပြောဖို့ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သို့သော်လည်း ရပ်ထားတဲ့ Pistenbully နှင်းကော်ယာဉ်ကြီးဟာ သူ့ဘာသာ လိမ့်လာတဲ့အတွက် အဲဒီယာဉ်ကြီးကိုရပ်ဖို့ Jeremy ဟာ ယာဉ်မောင်းနေရာမှာ ဝင်ထိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ အဲဒီယာဉ်ကြီးနဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။

Snowcat လို့လည်းခေါ်ကြတဲ့ အဆိုပါ Pistenbully နှင်းကော်ယာဉ်ကြီးဟာ အလေးချိန် ပေါင်(၁၄၀၀၀)ကျော် လေးလံတာကြောင့် Jeremy ဟာ ရင်ခေါင်းပိုင်းမှာ ပြင်းထန်စွာ ထိခိုက်မိခဲ့ပြီး အရေးပေါ် ခွဲစိတ်ခဲ့ရတာ ဖြစ်ပါတယ်။ ရဲမှူးကြီးရဲ့ ဖြေကြားရှင်းလင်းချက်အရ ဒါဟာ ကံဆိုးလို့ဖြစ်ရတဲ့ မတော်တဆမှုတစ်ခုသာ ဖြစ်ပြီး အခြားသံသယဖြစ်စရာ တစုံတခုမှ မရှိဘူးလို့ ဆိုပါတယ်။

Photo: jeremyrenner/ Instagram

လက်ရှိမှာ‌တော့ ဒီဖြစ်ရပ်ကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်လားဆိုတာ အတည်ပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး People မဂ္ဂဇင်းက Pistenbully ကုမ္ပဏီကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိဘူးလို့ သိရပါတယ်။

Jeremy ကတော့ လက်ရှိမှာ ခွဲစိတ်မှုခံယူပြီး သတိပြန်ရနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့အခြေအနေကို ပြသတဲ့အနေနဲ့ ဆေးရုံကုတင်ပေါ်က ပုံစံကိုလည်း အင်စတာဂရမ်မှာ ပို့စ်တင်ထားပါသေးတယ်။ အဆိုပါပို့စ်မှာတော့ “အားလုံးပဲ စိတ်ပူပေးကြလို့ ကျေးဇူးတင်ပါတယ်။ အခု ကျွန်တော့်အခြေအနေကတော့ စာရိုက်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် အားလုံးဆီကိုတော့ ချစ်ခြင်းမေတ္တာတွေ ပို့သပေးနေပါတယ် …”လို့ ကပ်ပရှင် တပ်ထားပါတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular