HomeCelebs Update NewsInternationalနိုင်ငံရေးခံယူချက်မတူညီလို့ သူငယ်ချင်းအဖြစ်က ရပ်စဲလိုက်ကြတဲ့ John Legend နဲ့ Kanye West

နိုင်ငံရေးခံယူချက်မတူညီလို့ သူငယ်ချင်းအဖြစ်က ရပ်စဲလိုက်ကြတဲ့ John Legend နဲ့ Kanye West

နာမည်ကျော်အဆိုတော် John Legend ကတော့ သူနဲ့ သူငယ်ချင်းဖြစ်သူ Kanye West တို့ကြားမှာ နိုင်ငံရေးအရ ခံယူချက်၊ ရပ်တည်ချက်တွေ မတူညီတာကြောင့် ခင်မင်မှုတွေ ရပ်ဆိုင်းသွားရပြီလို့ ဖွင့်ဟလာပါတယ်။ အထူးသဖြင့် Kanye West ဟာ အမေရိကန်သမ္မတဟောင်း Donald Trump ကို အားပေးခဲ့တာနဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ သူကိုယ်တိုင် သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့မှုတွေက သူတို့ကြားက သူငယ်ချင်းသံယောဇဉ်ကို ဝေးကွာစေခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ အရင်တုန်းကလို မိတ်ဆွေ သူငယ်ချင်းတွေ မဟုတ်ကြတော့ပါဘူး။ ကျွန်တော်ထင်တာ ရိုးရိုးသားသား ပြောရရင် သူကိုယ်တိုင် သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်တာနဲ့ Trump ကို အားပေးတာတွေက ကျွန်တော်တို့ကြားမှာ လူသိရှင်ကြား သဘောမတူညီမှုတွေ ဖြစ်ပေါ်စေခဲ့တယ်လေ။ ကျွန်တော်တို့ကြားက ခင်မင်မှုသံယောဇဉ်ကို ထိန်းသိမ်းထားဖို့က အရမ်းခက်ခဲလာခဲ့တယ်လို့ ကျွန်တော်တော့ ထင်တယ် …” လို့ John Legend က The Axe File podcast မှာ ပြောသွားပါတယ်။

Photo: johnlegend/ Instagram

အသက်(၄၃)နှစ်အရွယ် John Legend နဲ့ အသက်(၄၅)နှစ်အရွယ် Kanye West တို့ဟာ ယခင်တုန်းကတော့ နီးနီးကပ်ကပ် ခင်မင်ရင်းနှီးခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါတင်မက သူတို့ခင်မင်လာတဲ့ နှစ်တွေတလျှောက် နှစ်ယောက်အတူတူ သီချင်းတွေ လုပ်ခဲ့ဖူးသလို Kanye က John အတွက် သီချင်းတွေ produce လုပ်ပေးတာမျိုးလည်း ရှိခဲ့ပါတယ်။

သို့သော်လည်း John ရဲ့အဆိုအရ Kanye ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ သူကိုယ်တိုင် သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ ကြေညာခဲ့တုန်းက John ဟာ သူငယ်ချင်းတစ်ယောက်အနေနဲ့ သူ့ဘက်က မရပ်တည်ခဲ့တာကို Kanye ဘက်ကလည်း စိတ်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: johnlegend/ Instagram

“အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲမှာ သူဝင်ပြိုင်တုန်းက ကျွန်တော်က သူ့ကိုအားမပေးခဲ့တာကို စိတ်ဆိုးနေတာဗျ။ သူ့ကို အားမပေးတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူးလေဗျာ။ အကြောင်းပြချက်ကို အားလုံးလည်း သိကြမှာပါ။ ဒါပေမယ့် သူကတော့ မကြိုက်ဘူးပေါ့ဗျာ။ အဲဒါပြီးတည်းက ကျွန်တော်တို့ ခပ်တန်းတန်း ဖြစ်သွားကြတော့တာပဲ …” လို့ John က ပြောပါတယ်။

Kanye ကတော့ သူ့ရဲ့ပုဂ္ဂိုလ်ရေးဘဝမှာ အရှုပ်အထွေးတွေများစွာ ဖြစ်နေတဲ့အပြင် သူကိုယ်တိုင်ကလည်း စိတ်ကျန်းမာရေး အားနည်းနေချိန်မှာ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့မဲဆွယ်တဲ့ ကမ်ပိန်းမှာကိုပဲ Kanye ဟာ စိတ်မထိန်းနိုင်တော့ဘဲ မိသားစုအတွင်းရေးတွေကို ဖွင့်ချပစ်ခဲ့ပါသေးတယ်။ သို့ပေမယ့်လည်း Kanye ဟာ ပြည်နယ်ပေါင်း (၁၂)ခုခန့်မှာ မဲပေါင်း ခြောက်သောင်းခန့် ရရှိခဲ့ပါသေးတယ်။

Photo: kanyewestaurant_/ Instagram

John ကတော့ သူ့ရဲ့ပထမဦးစားပေး ရွေးချယ်မှုအဖြစ် Elizabeth Warren ကို အားပေးထောက်ခံခဲ့ပေမယ့် ဒီမိုကရက်တစ် nominee ဖြစ်ဖို့ မဲအရေအတွက် မလုံလောက်တဲ့အတွက် နောက်ပိုင်းမှာတော့ ယခုလက်ရှိ အနိုင်ရသွားတဲ့ သမ္မတ Joe Biden ကို အားပေးထောက်ခံခဲ့တာ ဖြစ်ပါတယ်။

သမ္မတဟောင်း Donald Trump ကတော့ အမေရိကန်ပြည်သူအများစုရဲ့ ရွံကြောက်ကြီး ဖြစ်ခဲ့ပြီး သူ့ရဲ့သက်တမ်းအတွင်းမှာတော့ အငြင်းပွားစရာ ကိစ္စများစွာ ဖြစ်ပွားခဲ့ပါသေးတယ်။ ဒါကြောင့်လည်း Trump ကို ထောက်ခံအားပေးတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေဟာလည်း ပရိသတ်နဲ့ လူထုတွေရဲ့ ကြီးမား ကျယ်လောင်တဲ့ ဝေဖန်ရှုံ့ချမှုတွေကို ရရှိခဲ့ကြပါတယ်။ ဒီထဲမှာလည်း Kanye West ဟာ တစ်ယောက်အပါအဝင် ဖြစ်ခဲ့ပြီး သူ့ရဲ့တစ်ချိန်က မိတ်ဆွေရင်းကြီးနဲ့ပါ ဝေးကွာတဲ့အဖြစ်ထိ ရောက်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular