HomeEntertainmentFilmမင်းသားကြီး Johnny Depp ရဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား(၇)ကား

မင်းသားကြီး Johnny Depp ရဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား(၇)ကား

မင်းသားကြီး Johnny Depp ကတော့ ဟောလိဝုဒ်ရဲ့ အအောင်မြင်ဆုံး သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူပါဝင်ထားတဲ့ ရုပ်ရှင်တွေထဲက ဇာတ်ကောင်အများစုဟာလည်း တစ်မျိုးစီ ထူးခြားတဲ့ ပုံစံတွေ ဖြစ်နေပါတယ်။ ဒါကပဲ မင်းသားကြီးကို အခုလို အောင်မြင်မှုကို ဆောင်ကျဉ်းပေးလာတယ်လို့လည်း ပြောနိုင်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Johnny Depp ရဲ့ ပရိသတ်တွေအတွက် သူ့ရဲ့အကောင်းဆုံး ရုပ်ရှင်ကားတချို့ကို ဖော်ပြပေးချင်ပါတယ်။

(7) Corpse Bride

photo via screenrant

ဒီ Animation ကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ Victor ဟာ မင်္ဂလာဆောင်မှာ ပြောရမယ့် စကားတွေကို တောအုပ်ထဲမှာ တစ်ယောက်တည်း လေ့ကျင့်နေရင်း Emily ဆိုတဲ့ သေဆုံးပြီးသား ကောင်မလေးတစ်ယောက်နဲ့ မတော်တဆ လက်ထပ်မိသွားပါတယ်။ အဲဒီနောက်မှာတော့ Victor တစ်ယောက် သူ့ရဲ့တကယ်ချစ်သူကို လက်ထပ်နိုင်ဦးမှာလား၊ သရဲမလေး Emily ကိုပဲ လက်ထပ်လိုက်ရမှာလား ဆိုတာကတော့ … ။ အသံသရုပ်ဆောင်တွေကတော့ Johnny Depp ၊ Helena Bonham Carter နဲ့ Emily Watson တို့ပဲ ဖြစ်ပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။

(6) Sweeney Todd: The Demon Barber of Fleet Street

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.3) ရရှိထားပါတယ်။ Benjamin ဟာ သူ မကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် အကွက်ဆင်ပြီး အဖမ်းခံခဲ့ရတာကို မကျေနပ်တာကြောင့် အမိန့်ချခဲ့တဲ့ တရားသူကြီးကို လက်စားချေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ဆံပင်ညှပ်ဆိုင်ကို ပြန်ဖွင့်ခဲ့ပြီး Customer တွေကို စတင်သတ်ဖြတ်ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Johnny Depp ၊ Helena Bonham Carter နဲ့ Alan Rickman တို့ ပါဝင်ထားပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

(5) Sleepy Hollow

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်တစ်ယောက်ဟာ နယူးယော့ခ်မြို့မှာ ဖြစ်ပျက်နေတဲ့ ကွင်းဆက်လူသတ်မှုတွေကို စုံစမ်းဖို့ ရောက်ရှိလာပါတယ်။ ဒါ့အပြင် ဒီလူသတ်မှုတွေကိုတော့ ခေါင်းမပါတဲ့ မြင်းစီးသမားတစ်ယောက်က ကျူးလွန်နေတယ်ဆိုပြီး သတင်းထွက်နေပါသေးတယ်။ Johnny Depp ၊ Christina Ricci နဲ့ Christopher Walken တို့ ပါဝင်ထားပြိး အော်စကာတစ်ဆု ရရှိထားပါတယ်။

(4) Blow

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အလွန်အမင်း ဆင်းရဲမှုဒဏ်ကို ကြုံတွေ့နေရတာကြောင့် George ဟာ မူးယစ်ဆေးရောင်းပြီး ပိုက်ဆံရှာနေပါတယ်။ ဒီလုပ်ငန်းကြောင့်ပဲ သူဟာ အောင်မြင်လာပေမယ့်လည်း မကြာခင်မှာတော့ သူ့ကို ဒုက္ခအကြီးအကျယ် ရောက်သွားစေနိုင်တဲ့ အခက်အခဲတွေကို ကြုံတွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Johnny Depp ၊ Ted Demme နဲ့ Penelope Cruz တို့က အဓိက ပါဝင်ထားပါတယ်။

(3) What’s Eating Gilbert Grape

photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၉၃ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (7.7) ရထားပါတယ်။ ဒီကားထဲမှာတော့ အသက်နှစ်ဆယ်ကျော်စအရွယ် Johnny Depp ဟာ ဆယ်ကျော်သက်ရွယ်သာ ရှိသေးတဲ့ Leonardo DiCaprio နဲ့အတူတူ သရုပ်ဆောင်ထားပါတယ်။ Johnny ကတော့ Gilbert ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားပြီး သူဟာ သိပ်ကျပ်မပြည့်တဲ့ သူ့ရဲ့ညီကိုလည်း ဂရုစိုက်ရတဲ့အပြင် မိခင်ဖြစ်သူကလည်း အဝလွန်ရောဂါ ခံစားနေရတာကြောင့် မိသားစုရဲ့တာဝန်ကိုလည်း ထမ်းထားရပါသေးတယ်။ အဲဒီနောက် သူချစ်ရတဲ့ လူတစ်ယောက် ထပ်တိုးလာတဲ့အခါမှာတော့…..။ သရုပ်ဆောင်တွေကတော့ Johnny Depp ၊ Leonardo DiCaprio နဲ့ Darlene Cates တို့ ပါဝင်ထားကာ အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။

(2) Edward Scissorhands

photo via screenrant

ဒီဇာတ်လမ်းကတော့ ၁၉၉၀ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (7.9) ရထားသလို အော်စကာတစ်ဆုအတွက်လည်း စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။။ ဒီကားထဲမှာတော့ Johnny Depp ဟာ မင်းသမီး Winona Ryder နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ တကယ်တော့ သူဟာ ဒီဇာတ်ကားနဲ့ စတင်ပြီး နာမည်ကြီးလာခဲ့တာလို့တောင် ပြောလို့ရပါတယ်။

Edward ဟာ တီထွင်ဖန်တီးထားတဲ့ လူတစ်ယောက်ဖြစ်ပြီး အပြည့်အစုံ မပြီးပြတ်သေးတာကြောင့် လက်နေရာမှာ ကတ်ကြေးတွေကို တပ်ထားရပါတယ်။ သူဟာ အမြဲတမ်း တစ်ယောက်တည်း နေခဲ့ရပေမယ့်လည်း မိန်းကလေးတစ်ယောက်နဲ့ တွေ့မိပြီးနောက်မှာတော့ သူ့ရဲ့ဘဝကြီးဟာ ပြောင်းလဲသွားပါတော့တယ်။

(1) Pirates of the Caribbean: The Curse of the Black Pearl

photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.0) ရရှိထားပါတယ်။ ဒီကားထဲမှာတော့ Johnny Depp ဟာ Orlando Bloom ၊ Keira Knightley တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြီးတော့ Captain Jacksparrow ဆိုရင် မသိတဲ့သူ မရှိသလောက်ကို အောင်မြင်ခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Will Turner လို့ခေါ်တဲ့ ပန်းပဲဆရာတစ်ယောက်ဟာ သူ့ရဲ့ချစ်သူကို ကာကွယ်ဖို့အတွက် ပင်လယ်ဓားပြတစ်ယောက် ဖြစ်တဲ့ Jack နဲ့အတူ ပူးပေါင်းလိုက်ပါတော့တယ်။ ဒီရုပ်ရှင်ကတော့ အော်စကာငါးဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

ဒါကတော့ မင်းသားကြီး Johnny Depp ရဲ့ ဇာတ်ကားပေါင်းများစွာထဲက အကောင်းဆုံးလို့ ပြောလို့ရတဲ့ ဇာတ်ကား(၇)ကားကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ မင်းသားကြီးရဲ့ အခြားသော ဇာတ်ကားတွေ ရှိရင်လည်း ကောမန့်မှာ ပြန်လည်မျှဝေပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular