HomeEntertainmentFilm"Master of Puppets" သီချင်းကို ကိုယ်တိုင်တီးခတ်ခဲ့တဲ့ သရုပ်ဆောင် Joseph Quinn

“Master of Puppets” သီချင်းကို ကိုယ်တိုင်တီးခတ်ခဲ့တဲ့ သရုပ်ဆောင် Joseph Quinn

Stranger Things Season 4 Vol.2 ကတော့ မကြာသေးခင်ကပဲ ထွက်ရှိခဲ့ပြီး ဇာတ်လမ်းဇာတ်ကွက်တွေကလည်း ပရိသတ်တွေကို စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်ခဲ့ပါတယ်။ ဒီ Season ထဲမှာတော့ ဇာတ်ကောင်သစ်တွေလည်း ပါဝင်လာပြီး Eddie Munson ကတော့ ဇာတ်ကောင်သစ်တွေထဲက လူကြိုက်အများဆုံး ဇာတ်ကောင်လို့တောင် ပြောနိုင်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲတစ်ခုလုံးရဲ့ Epic အဖြစ်ဆုံး ဇာတ်ဝင်ခန်းတစ်ခုကတော့ Eddie ရဲ့ “Master of Puppets” သီချင်းကို တီးခတ်ခဲ့တဲ့ ဇာတ်ဝင်ခန်းပဲ ဖြစ်ပါတယ်။

Photo Credit: Netflix

“Master of Puppets” သီချင်းကတော့ Metallica အဖွဲ့ရဲ့ ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Master of Puppets ဆိုတဲ့ Album ထဲက သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီသီချင်းဟာ အဲဒီခေတ်ကနေ ယနေ့အချိန်ထိ ရော့ခ်ပရိသတ်တွေကြားမှာ အလွန်နာမည်ကြီးတဲ့ Heavy Metal သီချင်းတစ်ပုဒ် ဖြစ်ပြီး ယခုအချိန် Stranger Things ထဲမှာ ပါဝင်လာပြီးတဲ့ နောက်မှာလည်း လူငယ်ပရိသတ်တွေကြားမှာ တဖန်ပြန်လည် ခေတ်စားလာပါတယ်။ လောလောဆယ်မှာတော့ “Master of Puppets” သီချင်းဟာ အမေရိကန်နိုင်ငံရဲ့ Spotify မှာ လူနားထောင်အများဆုံး သီချင်းအပုဒ်(၅၀)ထဲမှာ ပါဝင်နေပြီး အဆင့်(၁၀)မှာ ရပ်တည်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်ကမ္ဘာလုံးရဲ့ လူနားထောင်အများဆုံး သီချင်းအပုဒ်(၅၀)ထဲမှာတော့ အဆင့်(၁၇)နေရာမှာ ရှိနေပါတယ်။

Eddie Munson နေရာမှာ သရုပ်ဆောင်ထားတဲ့ Joseph Quinn ကတော့ “Master of Puppets” သီချင်းကို ဒီဇာတ်လမ်းတွဲထဲမှာ သူကိုယ်တိုင် တီးခတ်ခဲ့တာ ဖြစ်ပါတယ်။ Joseph ကတော့ ဒီလိုတီးခတ်နိုင်ဖို့အတွက် လေ့ကျင့်မှုတွေများစွာ ပြုလုပ်ခဲ့ရမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ Stranger Things ရဲ့ ဇာတ်ညွှန်းရေးဆရာတွေဟာ Official Twitter စာမျက်နှာကနေ Joseph ရဲ့ ဂစ်တာလေ့ကျင့်နေတဲ့ ဗွီဒီယိုကို မျှဝေပေးခဲ့ပါတယ်။

သရုပ်ဆောင်တိုင်းဟာ ဂီတပညာရှင်တွေ မဟုတ်တာကြောင့် ဒီလိုဇာတ်ဝင်ခန်းတွေဆိုရင် တကယ်တီးခတ်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း Joseph ကတော့ ဒီသီချင်းကို ကိုယ်တိုင်တီးခတ်ခဲ့တယ်ဆိုတာဟာ ချီးကျူးစရာပဲ ဖြစ်ပါတယ်။ Joseph အနေနဲ့ ဒီသီချင်းကို ကျွမ်းကျွမ်းကျင် တီးခတ်နိုင်ဖို့အတွက်တော့ Metallica အဖွဲ့ရဲ့ Bass ဂစ်တာတီးခတ်သူ Robert Trujillo ရဲ့ (၁၇)နှစ်အရွယ် သားဖြစ်သူ Tye က ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် Joseph ကိုယ်တိုင်ကလည်း Season 4 တစ်ခုလုံးရဲ့ အကြိုက်ဆုံး အခိုက်အတန့်ကတော့ အဲဒီဇာတ်ဝင်ခန်းပဲ ဖြစ်တယ်လို့ ပြောထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular