HomeCelebs Update NewsInternationalရှားပါးတဲ့ အာရုံကြောရောဂါတစ်ခု ခံစားနေရကြောင်း ပြောပြလာတဲ့ Justin Bieber

ရှားပါးတဲ့ အာရုံကြောရောဂါတစ်ခု ခံစားနေရကြောင်း ပြောပြလာတဲ့ Justin Bieber

Justin Bieber ဟာ ရှားပါးတဲ့ အာရုံကြောရောဂါတစ်ခုကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ရောဂါလက္ခဏာက ပိုမိုပြင်းထန်လာတဲ့အတွက် နိစ္စဓူဝကိစ္စတွေမှာ ခက်ခဲလာတဲ့အကြောင်း ပြောပြလာပါတယ်။ ဒီရောဂါကြောင့် မျက်နှာတစ်ခြမ်းပါ အကြောသေသလို ဖြစ်သွားတာကြောင့် ရောဂါဝေဒနာက အမြန်ဆုံး သက်သာပျောက်ကင်းစေဖို့ ပရိသတ်တွေကိုလည်း ဝိုင်းဝန်းဆုတောင်းပေးကြဖို့ တောင်းဆိုထားပါသေးတယ်။

အသက်(၂၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Justin ဟာ Ramsay Hunt Syndrome လို့ခေါ်တဲ့ ရှားပါးအာရုံကြောရောဂါတစ်ခုကို ခံစားနေရတာလို့ သိရပါတယ်။ ဒီရောဂါကြောင့် မျက်နှာတစ်ခြမ်းပါ အကြောသေသလို ဖြစ်သွားတဲ့အတွက် နေ့စဉ် စားသောက်တဲ့အခါမှာတောင် အခက်အခဲများစွာ ဖြစ်နေရတယ်လို့လည်း ဆိုပါတယ်။

Photo: justinbieber/ Instagram

“အစားစားဖို့တောင် တစထက်တစ ပိုပိုခက်ခဲလာတော့ အရမ်းကိုစိတ်တိုဖို့ကောင်းပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်အတွက် ဆုတောင်းပေးကြပါဦး …” လို့ မကြာသေးခင်ကပဲ Justin ဟာ သူ့ရဲ့ IG Story မှာ ပရိသတ်တွေကို ပြောထားပါတယ်။ ဒီရောဂါကို ခံစားနေရတဲ့အကြောင်းကိုတော့ သောကြာနေ့မှာပဲ အင်စတာဂရမ်မှာ ဗွီဒီယိုတစ်ခုနဲ့ အသိပေးထားပါတယ်။

အဆိုပါဗွီဒီယိုထဲမှာတော့ Ramsay Hunt Syndrome ကြောင့် မျက်နှာတစ်ခြမ်းပါ အကြောသေသလို ဖြစ်နေတာကိုလည်း ပရိသတ်တွေကို ပြသခဲ့ပါသေးတယ်။

Photo: justinbieber/ Instagram

“အခုကျွန်တော့်မျက်နှာကို အားလုံးမြင်ရတဲ့အတိုင်းပါပဲ။ ကျွန်တော်ဟာ Ramsay Hunt Syndrome လို့ခေါ်တဲ့ ရောဂါတစ်ခုကို ခံစားနေရပါတယ်။ ဒီဗိုင်းရပ်စ်က ကျွန်တော့်နားထဲက အာရုံကြောနဲ့ မျက်နှာပေါ်က အာရုံကြောတွေကို တိုက်ခိုက်တဲ့အတွက် မျက်နှာက အကြောသေသလို ဖြစ်သွားပါတယ် …”

“အခုမြင်ရတဲ့အတိုင်းပဲ ဒီဘက်မျက်လုံးဆိုရင် မျက်တောင်ခပ်လို့ မရတော့ပါဘူး။ မျက်နှာရဲ့ဒီဘက်အခြမ်းက ပြုံးလို့ရယ်လို့ မရတော့ပါဘူး။ ဒီဘက်နှာခေါင်းပေါက်က မလှုပ်တော့ဘူး။ အဲဒီတော့ပြောရရင် မျက်နှာဒီဘက်တစ်ခြမ်းလုံးက အကြောသေသွားတဲ့ပုံစံပေါ့ …” လို့ Justin က သူခံစားနေရတဲ့ ရောဂါဝေဒနာအကြောင်းကို ပရိသတ်တွေဆီ အသိပေးထားပါတယ်။

ဒါ့အပြင် ယခုလက်ရှိမှာ ရုပ်ပိုင်းဆိုင်ရာအနေနဲ့လည်း လှုပ်ရှားလို့ မရတာတွေ ဖြစ်နေတာကြောင့် သူ့ရဲ့ဖျော်ဖြေပွဲတွေကိုတော့ ရက်ရွှေ့ဆိုင်းထားရတယ်လို့ Justin က ပြောထားပါတယ်။

 

View this post on Instagram

 

A post shared by Justin Bieber (@justinbieber)

“အခုအားလုံးမြင်ရတဲ့အတိုင်းပါပဲဗျာ။ ကျွန်တော်ဖြစ်နေတာ တော်တော်လေး ပြင်းထန်ပါတယ်။ ကျွန်တော်က မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေပေမယ့် ကျွန်တော့်ခန္ဓာကိုယ်ကတော့ အားလုံးကို ဖြည်းဖြည်းဆေးဆေးနဲ့ ခဏအရှိန်လျှော့ဖို့ ပြောနေပါပြီ။ အဲဒါကြောင့် အားလုံးလည်း ကျွန်တော့်ကို နားလည်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒီအချိန်အတွင်းမှာ ကျွန်တော်လုံးဝနားပလိုက်မယ်။ ပြီးရင် အရင်လိုပဲ (၁၀၀)ရာခိုင်နှုန်း ပြန်ကောင်းလာအောင် လုပ်ပြီး ကျွန်တော်လုပ်ချင်တဲ့အရာတွေ လုပ်နိုင်ဖို့ ကြိုးစားပါ့မယ် …” လို့ပြောပြီး ဖျော်ဖြေပွဲတွေကို ရက်ရွှေ့ရတာနဲ့ ပတ်သက်ပြီး Justin က ပရိသတ်တွေကို မေတ္တာရပ်ခံထားပါတယ်။

Justin ဟာ ယခုတစ်ပတ်တည်းမှာတင် ဖျော်ဖြေပွဲသုံးခုကို ရက်ရွှေ့ဆိုင်းခဲ့ရပါတယ်။ Justin ဟာ 2022 Justice World Tour ရဲ့ အစိတ်အပိုင်းအဖြစ် ယခုလာမယ့် အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ Scotiabank Arena မှာ ပြုလုပ်ကျင်းပမယ့် ဖျော်ဖြေပွဲသုံးခုကို ရက်ရွှေ့ဆိုင်းလိုက်ရပါတယ်။ အဲဒီဖျော်ဖြေပွဲတွေ ပြီးရင်တော့ သူဟာ ဝါရှင်တန်ဒီစီမြို့က Capital One Arena မှာ ပြုလုပ်မယ့်ပွဲကို ဆက်သွားရမှာ ဖြစ်ပါတယ်။

Photo: justinbieber/ Instagram

“အခုလိုပြောနေရတာ မယုံနိုင်စရာပါပဲ။ ကျွန်တော် နေထိုင်မကောင်းတာကို သက်သာလာဖို့ အကုန်လုံး လုပ်ကြည့်ပြီးပါပြီ။ မသက်သာလာဘဲ ပိုပိုဆိုးလာပါတယ်။ ကျွန်တော် စိတ်မကောင်းပေမယ့် ဆရာဝန်တွေရဲ့ ပြောကြားချက်အရ လာမယ့် ရှိုးတချို့ကို ကျွန်တော် ရက်ရွှေ့ဆိုင်းရပါလိမ့်မယ်…” လို့ IG Story မှာ ပြောပြထားပါသေးတယ်။

အလားတူပဲ Justin ရဲ့ဇနီးသည် Hailey Baldwin ဟာလည်း ပြီးခဲ့တဲ့ မတ်လတုန်းက လေဖြန်းသလို ဖြစ်သွားတာကြောင့် ဆေးရုံတက်လိုက်ရပါသေးတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular