HomeCelebs Update NewsInternationalနေပြန်ကောင်းပြီး ပထမဆုံးအကြိမ် ရှိုးပွဲကို ဖျော်ဖြေခဲ့တဲ့ Justin Bieber

နေပြန်ကောင်းပြီး ပထမဆုံးအကြိမ် ရှိုးပွဲကို ဖျော်ဖြေခဲ့တဲ့ Justin Bieber

Justin Bieber ကတော့ Ramsay Hunt Syndrome က သက်သာလာပြီးနောက် သူ့ရဲ့ပထမဆုံး ဖျော်ဖြေပွဲကို Budapest မြို့မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

Bieber ဟာ Ramsay Hunt Syndrome လို့ခေါ်တဲ့ ရှားပါးတဲ့ အာရုံကြောရောဂါတစ်ခုကို ခံစားခဲ့ရပြီး အကျိုးဆက်အနေနဲ့ မျက်နှာတစ်ခြမ်း အကြောသေသွားတာကို ခံစားခဲ့ရပါတယ်။ Bieber ဟာ ဒီရောဂါကြောင့်ပဲ သူ့ရဲ့နယ်လှည့်ဖျော်ဖြေရေးခရီးစဉ်က ဖျော်ဖြေပွဲ(၁၄)ခုကို cancel လုပ်ခဲ့ရပါတယ်။

သို့သော်လည်း အခုဆိုရင်တော့ Sorry သီချင်းရှင် Bieber ဟာ ပြန်လည် နေကောင်းကျန်းမာလာပြီ ဖြစ်တာကြောင့် သူ့ရဲ့ကျန်ရှိနေတဲ့ ဖျော်ဖြေပွဲတွေကို ဆက်လက် ဖျော်ဖြေသွားတော့မှာ ဖြစ်ပါတယ်။ နေကောင်းလာပြီး ပထမဆုံး ပြန်လည်ဖျော်ဖြေတဲ့ ပွဲကိုတော့ ဩဂုတ်လ(၁၂)ရက် သောကြာနေ့မှာပဲ ဟန်ဂေရီနိုင်ငံရဲ့မြို့တော် Budapest မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါပွဲမှာတော့ Bieber ဟာ အပေါ်ပိုင်း ဗလာကျင်းထားပြီး ဘေ့စ်ဘောဦးထုပ်နဲ့ ဘောင်းဘီတိုကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ ပွဲကပုံရိပ်တွေကို ကြည့်ရသလောက်ဆိုရင်တော့ Bieber ဟာ လူကောင်းပကတိအတိုင်းပဲ နေကောင်းကျန်းမာနေတာကို တွေ့ရမှာပါ။ Bieber တစ်ယောက် အခုလို ပြန်လည်ပြီး နေကောင်းကျန်းမာလာကာ ဖျော်ဖြေပွဲတွေ ပြန်လုပ်လာနိုင်တာကို ပရိသတ်တွေကတော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပြီး အရင်ကထက် ပိုမိုအားပေးနေကြတာကိုလည်း တွေ့ရပါတယ်။

Photo: justinbieber/ Instagram

Bieber ကတော့ ပြီးခဲ့တဲ့ ဇွန်လမှာပဲ Ramsay Hunt Syndrome ကို ခံစားနေရကြောင်း အသိပေးခဲ့တာ ဖြစ်ပြီး သူ့ရဲ့နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ်အတွင်းက ဖျော်ဖြေပွဲတွေကို ရက်ရွှေ့ဆိုင်းဖို့ ပရိသတ်တွေကို မေတ္တာရပ်ခံခဲ့တာလည်း ဖြစ်ပါတယ်။ ဒီရောဂါကတော့ စောလျင်စွာ ကုသမယ်ဆိုရင် ရောဂါလက္ခဏာတွေကို ပျောက်ကင်းစေမှာ ဖြစ်ပေမယ့် အသိနောက်ကျမယ်ဆိုရင်တော့ မျက်နှာပေါ်က ကြွက်သားတွေကို အားနည်းစေတာ၊ အကြားအာရုံ ချို့ယွင်းစေတာအထိ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Bieber တစ်ယောက် အခုလို ပြန်လည် နေကောင်းကျန်းမာလာတာဟာ ဝမ်းသာစရာပဲ ဖြစ်ပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular