HomeEntertainmentFilmGoT အပြီးက Jon Snow ရဲ့စိတ်အခြေအနေကို ပြောပြထားတဲ့ Kit Harington

GoT အပြီးက Jon Snow ရဲ့စိတ်အခြေအနေကို ပြောပြထားတဲ့ Kit Harington

သရုပ်ဆောင် Kit Harington ကတော့ Game of Thrones ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းပြီးနောက် အဓိကဇာတ်ကောင် Jon Snow ရဲ့ စိတ်အခြေအနေကို ပြောပြထားပါတယ်။ Harington ဟာ ဒီအကြောင်းကိုတော့ မကြာသေးခင်က ပြုလုပ်သွားတဲ့ Game of Thrones Convention ပွဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

Game of Thrones ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးဇာတ်သိမ်းမှာတော့ Jon Snow ဟာ Daenerys ကို သတ်ပြီး ပြစ်ဒဏ်အဖြစ် မြောက်ပိုင်းက နံရံကြီးဆီကို ထွက်ခွာသွားခဲ့ရပါတယ်။ ဒီအဖြစ်အပျက်တွေအားလုံးကို  ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ Jon Snow ဟာ ဘယ်လိုစိတ်အခြေအနေနဲ့ ရှိနေမလည်းဆိုတာကိုတော့ သရုပ်ဆောင် Kit Harington က အခုလိုပြောထားပါတယ်။

Photo Credit: HBO

“ကျွန်တော့်အထင်တော့ သူ့ကို မေးကြည့်မယ်ဆိုရင် သူ့အနေနဲ့ ပေါ့ပေါ့လျော့လျော့ ခံလိုက်ရတယ်လို့ပဲ ခံစားရလိမ့်မယ်။ ရှိုးပြီးခါနီး ကျွန်တော်တို့ သူ့ကိုအချုပ်ခန်းထဲမှာ တွေ့လိုက်တုန်းကဆိုရင် ခေါင်းဖြတ်ခံရဖို့ အသင့်ပြင်ထားတဲ့ ပုံစံမျိုးလေ။ သူကိုယ်တိုင်ကလည်း ဒီအပြစ်ကို ခံယူချင်တာ။ သူ့ဘဝက ပြီးသွားပြီ။ အဲဒီလိုမျိုးပေါ့။ ဒါပေမယ့် နံရံကြီးဆီကိုပဲ ပြည်နှင်ဒဏ်သင့်သွားတာက သူ့အတွက် အကောင်းဆုံး လက်ဆောင်လည်း ဖြစ်သလို၊ အကြီးမားဆုံး ကျိန်စာလည်း ဖြစ်ပါတယ် …”

“ကိစ္စတွေအများကြီး ဖြစ်ပျက်ထားတဲ့ နေရာကို ပြန်သွားပြီးနေရမှာ ဖြစ်တဲ့အတွက် Dany ကို သူဘယ်လို သတ်လိုက်တယ်ဆိုတာ တွေးရင်း သူ့ဘဝကို နေထိုင်သွားရလိမ့်မယ်။ ပြီးတော့ သူ့လက်ထဲမှာတင် သေသွားတဲ့ Ygritte အကြောင်းတွေးရင်း၊ သူကိုယ်တိုင် ကြိုးပေးကွပ်မျက်လိုက်တဲ့ Olly အကြောင်းတွေးရင်း၊ ဒီစိတ်ဒဏ်ရာတွေအားလုံးကို တွေးရင်း နေထိုင်သွားရမှာပဲ။ အဲဒါက စိတ်ဝင်စားဖို့တော့ကောင်းတယ်ဗျ …”

Photo Credit: HBO

“အဲဒီတော့ ရှိုးအပြီးမှာ ကျွန်တော်တို့စိတ်ထဲ တွေးမိတာလေးတစ်ခု ရှိကြတယ်ဗျ။ Jon ကို ဒီလိုမျိုး ထားရစ်ခဲ့ရတော့ သူအဆင်ပြေနေပါတယ်လေဆိုပြီး စိတ်ချချင်ကြတာလေးပေါ့။ ဒါပေမယ့် သူဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူးဗျ …”လို့ Kit Harington က သူ့ရဲ့ဇာတ်ကောင်အကြောင်းကို ပြောပြထားပါတယ်။

Kit Harington ဟာ HBO ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ Game of Thrones ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ကောင် Jon Snow အဖြစ် ၂၀၁၁ ခုနှစ်က စတင်ကာ သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၉ ခုနှစ်မှာ ဇာတ်သိမ်းသွားပြီးနောက် ဒီဇာတ်ကောင်မှာ သရုပ်ဆောင်ခဲ့ရတဲ့အတွက် စိတ်ဒဏ်ရာတွေပါ ရရှိခဲ့လို့ သရုပ်ဆောင်လောကကနေ တစ်နှစ်ကျော်ကြာ အနားယူခဲ့ပြီး စိတ်ဒဏ်ရာတွေကိုပါ ကုစားခဲ့ရတယ်လို့ ဆိုပါတယ်။

Photo Credit: HBO

သို့သော်လည်း The Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ GoT အလွန်က Jon Snow ဇာတ်ကောင်ရဲ့အကြောင်းကို တင်ဆက်ပြသသွားမယ့် spin-off ဇာတ်လမ်းတွဲတစ်ခုကို HBO က ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဒါကြောင့်ပဲ ရှေ့လာမယ့် နှစ်အတွင်းမှာတော့ Jon Snow ကို ပြန်လည် မြင်တွေ့ကြရဦးမှာပါ။

Glasgow

Source: people

RELATED ARTICLES

Most Popular