HomeEntertainmentFilmSprite ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောပြလာတဲ့ Eternals သရုပ်ဆောင် Lia McHugh 

Sprite ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောပြလာတဲ့ Eternals သရုပ်ဆောင် Lia McHugh 

Lia McHugh သရုပ်ဆောင်ထားတဲ့ Eternals ရုပ်ရှင်ထဲက Sprite ရဲ့ ဇာတ်လမ်းကတော့ အခြားသော Eternals ဇာတ်ကောင်တွေလိုပဲ စိတ်ဝင်စားစရာကောင်းနေပါတယ်။

ဒီဇာတ်ကားကို ကြည့်ရှုပြီးသူတွေ သိပြီးကြတဲ့အတိုင်းပဲ Sprite ဟာ ကလေးတစ်ယောက်လို ပုံစံမျိုးနဲ့ ကမ္ဘာပေါ်မှာ နေထိုင်လာခဲ့ရတာ နှစ်ပေါင်းထောင်နဲ့ချီနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Eternals ရဲ့ ဇာတ်လမ်းအဆုံးမှာတော့ Sersi ဟာ Sprite တစ်ယောက် အမြဲတမ်း လိုချင်တောင့်တနေတဲ့ ဆန္ဒဖြစ်တဲ့ သာမန်လူသားတစ်ယောက်လို အရွယ်ရောက် ကြီးပြင်းလာဖို့ အခွင့်အရေးကို ဖန်တီးပေးလိုက်ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

ဇာတ်လမ်းသဘောတရားကို ကြည့်မယ်ဆိုရင် Makkari ၊ Druig နဲ့ Thena တို့ဟာ သူတို့သိထားတဲ့ အကြောင်းအရာတွေကို အခြား Eternals တွေဆီ လိုက်လံဖြန့်ဝေပေးဖို့ ကမ္ဘာပေါ်က ထွက်ခွာသွားကြပါတယ်။ တစ်ဘက်မှာတော့ Sersi ၊ Kingo နဲ့ Phastos တို့ဟာ သူတို့ရဲ့ အမိန့်မနာခံမှုကြောင့် Celestial Arishem ရဲ့ ဖမ်းဆီးခြင်းကို ခံထားရပါတယ်။ ဒီအခါမှာ Sprite ဟာ သူမ တစ်ယောက်တည်း ကမ္ဘာပေါ်မှာ ကျန်ရစ်နေခဲ့တာ တွေ့ရပါတယ်။

ဒါဟာ Sprite ဇာတ်ကောင်အတွက်တော့ MCU ထဲမှာ ဖြစ်နိုင်ချေများစွာ ရှိနေတာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးလေး Lia McHugh ကိုယ်တိုင်ကလည်း Sprite ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ရေရေရာရာ မသိရသေးဘူးလို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ Screen Rant သတင်းဌာနနဲ့ ပြုလုပ်ထားတဲ့ အင်တာဗျူးမှာ Lia McHugh က အခုလို ပြောပြထားပါတယ်။

Photo: liaryanmchugh/ Instagram

“သေချာတာကတော့ ကျွန်မက လူကြီးဖြစ်လာလို့ ရတာပါပဲ။ နောက်ကားတွေမှာ ကျွန်မက ကလေးပုံစံမျိုးပဲ ဆက်လုပ်နေစရာ မလိုတော့တာကတော့ မိုက်ပါတယ်။ ပြောရရင် ကျွန်မလည်း မသိသေးပါဘူး။ ဒီကာရိုက်တာနဲ့ ပတ်သက်ရင် ဖြစ်လာနိုင်ချေ ရှိတာတွေကတော့ အများကြီးပါပဲ … ”

“ကျွန်မ တွေးမိတာကတော့ ကျွန်မက ကမ္ဘာပေါ်မှာ တစ်ယောက်တည်း ကျန်ခဲ့တာဆိုတော့ အဲဒီအချက်က မိုက်လည်း မိုက်တယ်။ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ ကျွန်မရဲ့ ပါဝါတွေ ဆက်ပြီး ရှိနေသေးလား၊ မရှိတော့ဘူးလားဆိုတာတော့ ကျွန်မလည်း မသိပါဘူး။ ပြောရရင် သူတို့က ကျွန်မကို ဘာမှ သိပ်ပြီးမပြောပြထားကြပါဘူး … ” လို့ Lia က ဆိုပါတယ်။

Photo via Marvel Fandom

တကယ်တော့ Sprite ကို သာမန်လူသားတစ်ယောက်လို အရွယ်ရောက်၊ အသက်ကြီးလာအောင် ဖန်တီးလိုက်တဲ့ ဇာတ်ကွက်ဟာ အတော်လေး စမတ်ကျပါတယ်။ ဒါကြောင့်ပဲ နောင်အနာဂတ်မှာ ထွက်ရှိလာမယ့် Eternals ရုပ်ရှင်တွေထဲမှာဆိုရင် သရုပ်ဆောင် Lia McHugh ကို ကလေးပုံစံပဲ ဖြစ်နေအောင် အတင်းလုပ်ယူနေစရာ မလိုအပ်တော့ဘဲ သရုပ်ဆောင်နဲ့ ကာရိုက်တာတို့ဟာ ပြိုင်တူ အရွယ်ရောက်လာတော့မှာ ဖြစ်ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

ဇာတ်လမ်းပိုင်းကို ပြန်ဆက်ရမယ်ဆိုရင်တော့ Sprite ဟာ ကမ္ဘာပေါ်မှာ တစ်ယောက်တည်း ကျန်ခဲ့တာနဲ့အညီ Sersi တို့သုံးယောက်ကို လူစုပြီး သွားကယ်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ တကယ်တော့ လာမယ့် Eternals 2 မှာ Sprite နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို MCU က အဖြေပေးသွားရဖို့ ရှိနေပါတယ်။

ဒါ့အပြင် ကမ္ဘာပေါ်မှာ တစ်ယောက်တည်း ရှိနေတဲ့ Eternal တစ်ယောက်အနေနဲ့ Sprite ဟာ MCU ရဲ့ ဘယ်နေရာမှာမဆို ပေါ်ထွက်လာနိုင်ပါသေးတယ်။ ဒါကြောင့်ပဲ နောက်ထပ် Eternals ရုပ်ရှင်အသစ် မထွက်ခင်မှာပဲ တခြား MCU ပရောဂျက်တွေမှာလည်း Sprite ကို မြင်တွေ့ရနိုင်ချေ ရှိနေပါသေးတယ်။

Glasgow

Source: screenrant

 

RELATED ARTICLES

Most Popular