HomeCelebs Update NewsInternationalဆိုင်သူရှိတဲ့ အမျိုးသမီးတစ်ယောက်ကိုမှ ချစ်မိခဲ့ကြောင်း ရင်ဖွင့်လာတဲ့ မင်းသားကြီး Liam Neeson 

ဆိုင်သူရှိတဲ့ အမျိုးသမီးတစ်ယောက်ကိုမှ ချစ်မိခဲ့ကြောင်း ရင်ဖွင့်လာတဲ့ မင်းသားကြီး Liam Neeson 

နာမည်ကျော်မင်းသားကြီး Liam Neeson ဟာ မကြာသေးခင်ကပဲ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပြီး အချစ်ကို တွေ့ခဲ့ပေမယ့် ကံမကောင်းခဲ့တဲ့အကြောင်း ဖွင့်ဟပြောဆိုလာပါတယ်။

မင်းသားကြီးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ သူ့ရဲ့ ရုပ်ရှင်အသစ် Blacklight ရဲ့ ပရိုမိုးရှင်းအတွက် ဩစတျေးလျ သတင်းဌာနတစ်ခုဖြစ်တဲ့ Sunrise နဲ့ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ရာမှာ သူ့ရဲ့ ကံဆိုးခဲ့တဲ့ အချစ်အကြောင်းကိုပါ ပြောပြသွားတာ ဖြစ်ပါတယ်။

Blacklight ရုပ်ရှင်ကိုတော့ ၂၀၂၀ ခုနှစ်ရဲ့ တင်းကြပ်တဲ့ ကိုဗစ်စည်းမျဉ်းတွေအောက်မှာ ရိုက်ကူးခဲ့ရတာ ဖြစ်ပြီး ရိုက်ကူးရေးကာလအတွင်း အတွေ့အကြုံတွေကို မင်းသားကြီးက အခုလို ဝေမျှခဲ့ပါတယ်။

Photo: neeson_liam/ Instagram

“Melbourne မြို့ကို ကျွန်တော် ချစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဩစတျေးလျသား ရိုက်ကူးရေးအဖွဲ့သားတွေကိုလည်း ချစ်ပါတယ်။ သူတို့ဟာ တကယ့်ကို အလုပ်ကြိုးစားသူတွေပါ။ ကျွန်တော် ဒီရုပ်ရှင် ရိုက်နေရင်း မိတ်ဆွေတွေလည်း အတော်လေး ရခဲ့ပါတယ် … ” လို့ ဆိုပြီးမှ မင်းသားကြီးဟာ ပြုံးပြီးတော့ သူ့ရဲ့ အချစ်အကြောင်းကို ပြောပြခဲ့ပါတယ်။

“ကျွန်တော် အမျိုးသမီးတစ်ယောက်ကို ချစ်မိခဲ့ပါသေးတယ်။ ဒါပေမယ့် သူက ဆိုင်သူရှိပြီးသား ဖြစ်နေတယ်ဗျ … ” လို့ မချိတင်ကဲ ပြောပြခဲ့ပါတယ်။ အစီအစဉ်တင်ဆက်သူကတော့ အဲဒီအမျိုးသမီးက ဘယ်သူလည်းဆိုတာ အစ်အောက် မေးမြန်းတာမျိုး မလုပ်ခဲ့ပေမယ့် မင်းသားကြီးရဲ့ ပရိသတ်တွေကတော့ ဘယ်သူလည်းဆိုတာ သိချင်နေကြပါတယ်။

Photo: neeson_liam/ Instagram

အသက်(၆၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသားကြီး Liam Neeson ဟာ တကယ်တော့ တစ်ကိုယ်တည်းသမားအဖြစ် နေလာခဲ့တာ (၁၃)နှစ်ကျော် ရှိနေပါပြီ။ ဒါဟာ သူ့ရဲ့ အမျိုးသမီးဖြစ်သူ သရုပ်ဆောင် Natasha Richardson ကွယ်လွန်သွားတဲ့ အချိန်ကတည်းကပဲ ဖြစ်ပါတယ်။

မင်းသားကြီးရဲ့ ကြင်သူကတော့ အသက်(၄၅)နှစ်အရွယ်မှာ ဦးနှောက်သွေးယိုပြီး ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ ၂၀၀၉ ခုနှစ်မှာ ကနေဒါနိုင်ငံ Quebec မှာ ရေခဲပြင်စကိတ်စီး သင်နေရင်း မတော်တဆမှုဖြစ်ကာ ဦးခေါင်းကို ထိခိုက်မိခဲ့တာကြောင့် ကွယ်လွန်ခဲ့ရတာ ဖြစ်ပါတယ်။

မင်းသားကြီးနဲ့ ဇနီးဖြစ်သူ Natasha
Photo: neeson_liam/ Instagram

အဲဒီတုန်းက အဖြစ်အပျက်တွေကိုတော့ ၂၀၁၄ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ CBS သတင်းဌာနနဲ့ အင်တာဗျူးမှာ မင်းသားကြီးက ပြောပြခဲ့ပါသေးတယ်။ မင်းသားကြီး ဆေးရုံကို လိုက်သွားချိန်မှာ ဆရာဝန်တွေရဲ့ ပြောပြချက်အရ ဇနီးဖြစ်သူဟာ ဦးနှောက်သေသွားကြောင်း သိခဲ့ရတယ်လို့ ဆိုပါတယ်။

“သူ့ကို ပိုက်တွေ၊ ဆေးတွေနဲ့ အသက်ဆွဲဆန့်ထားရတာ တွေ့တယ်။ ကျွန်တော် သူ့ဘေးနားလေး သွားပြီး သူ့ကို ချစ်တဲ့အကြောင်း ပြောတယ်။ ပြီးတော့ အချစ်ရေ … မင်းကတော့ ခေါင်းကို ခိုက်မိသွားပြီ။ မင်း ဒီပုံစံကနေ ကောင်းလာမှာ မဟုတ်တော့ဘူးတဲ့လို့ ကျွန်တော် သူ့ကို ပြောပြလိုက်တယ် … ”

“သူနဲ့ကျွန်တော် အရင်တုန်းတည်းက သဘောတူထားတာ တစ်ခုရှိတယ်။ အဲဒါကတော့ ကျွန်တော်တို့ နှစ်ယောက်ထဲက ဘယ်သူပဲဖြစ်ဖြစ် သတိမလည်တော့တဲ့ အခြေအနေ၊ ဆေးနဲ့ပဲ အသက်ကို ဆွဲဆန့်ရတော့မယ့် အခြေအနေမျိုး ကြုံလာရရင် ဆွဲမထားဘဲ ပေးသွားလိုက်ဖို့ပါ။ အဲဒါနဲ့ ကျွန်တော်လည်း သူ့ကို ပေးသွားလိုက်ပါတယ်။ အဲလိုနဲ့ သူ ကျွန်တော့်ဆီက ထွက်ခွာသွားခဲ့တာပါပဲ … ” လို့ မင်းသားကြီးက ပြောပြဖူးပါတယ်။

မင်းသားကြီးနဲ့ ဇနီးဖြစ်သူတို့ဟာ ၁၉၉၄ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး သားနှစ်ယောက် ထွန်းကားခဲ့ပါတယ်။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular