HomeEntertainmentFilmLightyear ဇာတ်ကားထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

Lightyear ဇာတ်ကားထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

Pixar စတူဒီယိုက ထုတ်လုပ်ခဲ့တဲ့ Lightyear Animation ကတော့ မကြာခင်ကပဲ ရုံတင်ခဲ့ပြီး အဓိကဇာတ်ကောင် ဖြစ်တဲ့ Buzz Lightyear နေရာမှာတော့ Chris Evans က အသံသရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကလည်း Pixar ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းပဲ Easter Egg တွေနဲ့ Reference တွေ ပြည့်နှက်နေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Lightyear ဇာတ်လမ်းထဲက စိတ်ဝင်စားစရာအချက်တွေနဲ့ Easter Egg တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Toy Story Reference များ

photo via screenrant

ဒီရုပ်ရှင်ကတော့ Toy Story Franchise ရဲ့ Spin-Off ရုပ်ရှင် ဖြစ်တာကြောင့် Toy Story နဲ့ ပတ်သက်နေတဲ့ Reference တွေများစွာ ပါဝင်နေပါတယ်။ ပထမဆုံး အချက်ကတော့ Buzz ဟာ သူ့ရဲ့စွန့်စားခန်းတွေကို ဇာတ်လမ်းတစ်ပုဒ်လို ဇာတ်ကြောင်းပြောပြရတာကို ကြိုက်နှစ်သက်သူ ဖြစ်ပြီး Toy Story ထဲက Buzz အရုပ်လေးဟာလည်း အလားတူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ရဲ့ အစမှာလည်း Buzz ဟာ Star Command ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပြီး “Buzz Lightyear to Star Command… အကြောင်းပြန်ပါ…” လို့ ပြောခဲ့ပါတယ်။

ဒီဒိုင်ယာလော့ခ်ကတော့ Toy Story ရုပ်ရှင်ထဲမှာ Buzz အရုပ်လေးက ပထမဆုံးပြောခဲ့တဲ့ ဒိုင်ယာလော့ခ်ပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Buzz ရဲ့ အထင်ကရ ဒိုင်ယာလော့ခ်တစ်ခု ဖြစ်တဲ့ “ဒီနားမှာ အသိဉာဏ်ရှိတဲ့ သက်ရှိတွေ ရှိပုံမရဘူး…” ဆိုတဲ့ စကားကိုလည်း ပြောသွားပါသေးတယ်။

နောက်ထပ် Reference တစ်ခုကတော့ Buzz ရဲ့ယာဉ်ပျံမှာ “S.C.o.1.T.S.” လို့ ရေးသားထားတာ ဖြစ်ပြီး ဒီစာလုံးတွေဟာ “Star Command number 1 Toy Story” လို့ ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။ Buzz ဟာ ယာဉ်ပျံပေါ်က ဆင်းလာပြီး သူတို့ရောက်လာတဲ့ ဂြိုဟ်ကို ကြည့်ရှုနေတဲ့ ပုံစံကတော့ Toy Story ထဲမှာ Buzz က Andy ရဲ့ အခန်းထဲကို ပထမဆုံး ရောက်လာတဲ့ အချိန်တုန်းက ကြည့်ရှုခဲ့တဲ့ပုံစံနဲ့ တစ်ပုံစံတည်းပဲ ဖြစ်ပါတယ်။

photo via screenrant

Crystallic Fusion ကတော့ Lightyear ဇာတ်လမ်းရဲ့ အရေးပါတဲ့နေရာမှာ ပါဝင်ခဲ့ပြီး ဒီအချက်ကလည်း Toy Story ထဲမှာ ပါဝင်ခဲ့ပါသေးတယ်။ Buzz ဟာ Andy ရဲ့ အခန်းထဲကို ပထမဆုံး ရောက်လာတဲ့ အချိန်မှာတော့ ဂြိုဟ်အသစ်တစ်ခုကို ရောက်နေတယ်လို့ ယုံကြည်ပြီး Woody ကို မေးခွန်းမျိူးစုံ မေးမြန်းခဲ့ပါတယ်။ အဲဒီမေးခွန်းတွေထဲမှာတော့ “မင်းတို့တွေ Fossil Fuel တွေကို သုံးနေတုန်းလား၊ ဒါမှမဟုတ် Crystallic Fusion ကို ရှာတွေ့သွားပြီလား” ဆိုတာလည်း ပါဝင်ပါတယ်။

နောက်ထပ်သိသာတဲ့ Reference တစ်ခုကတော့ Buzz တို့အဖွဲ့တွေကို ပိတ်မိသွားစေတဲ့ လိမ္မော်ရောင် တြိဂံကြီးတွေဟာ Toy Story 2 ထဲမှာ Buzz နဲ့ တခြားအရုပ်တွေက လမ်းဖြတ်ကူးဖို့အတွက် Traffic Cone တွေကို အသုံးပြုခဲ့တာကို ရည်ညွှန်းထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဆုံးသတ်နားမှာ Zurg က သူဘယ်သူဆိုတာကို ဖော်ပြလိုက်တဲ့ အချိန်မှာတော့ Buzz ဟာ “အဖေလား” လို့ မေးလိုက်ပါတယ်။ အကြောင်းကတော့ Toy Story 2 ထဲမှာ Zurg ဟာ Buzz ရဲ့ အဖေ ဖြစ်တယ်လို့ ဖန်တီးခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ Lightyear ဇာတ်လမ်းရဲ့ အဆုံးသတ်ဟာ Toy Story ရဲ့အစ ဖြစ်နေတာပါပဲ။ အဆုံးသတ်မှာ Buzz ရရှိခဲ့တဲ့ ဝတ်စုံကတော့ Toy Story ထဲမှာ သူဝတ်ဆင်ထားတဲ့ ဝတ်စုံနဲ့ တစ်ပုံစံတည်းပဲ ဖြစ်ပြီး ရရှိခဲ့တဲ့ ယာဉ်ပျံကလည်း Buzz အရုပ်ကို ထည့်သွင်းထားတဲ့ ဘူးပုံစံနဲ့ အတော်လေး ဆင်တူနေပါတယ်။

(2) A113 Easter Egg

photo via screenrant

Pixar ရဲ့ ဇာတ်လမ်းတိုင်းလိုလိုမှာ A113 ဆိုတဲ့ Easter Egg ပါဝင်လေ့ ရှိပြီး ဒီ Easter Egg ကတော့ Pixar ရဲ့ Animator တွေအများစု လေ့လာခဲ့ကြတဲ့ California Institute of Arts ကို ရည်ညွှန်းတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း A113 ပါဝင်ထားပြီး Alisha Hawthorne ရဲ့ ရုံးခန်းပြတင်းပေါက်ကနေ ကြည့်လိုက်ရင် မြင်ရတဲ့ အဆောက်အဦးတစ်ခုမှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

(3) Pizza Planet Truck

photo via screenrant

Pixar ရဲ့ ဇာတ်လမ်းတိုင်းလိုလိုမှာ ပါဝင်လေ့ရှိတဲ့ နောက်ထပ် Easter Egg တစ်ခုကတော့ Pizza Planet Truck ပဲ ဖြစ်ပြီး ဒီရုပ်ရှင်ထဲမှာလည်း တော်ရုံ သတိမထားမိလောက်တဲ့ နေရာမှာ ပါဝင်ထားပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Buzz ဟာ Sox နဲ့အတူ သူ့ရဲ့ယာဉ်ပျံဆီကို အမြန်ထွက်သွားပါတယ်။ အဲဒီအချိန်မှာ သေချာကြည့်မှ သတိထားမိမယ့် အနောက်တစ်နေရာမှာတော့ Pizza Planet Truck ရပ်ထားတာကို တွေ့ခဲ့ရပါတယ်။

(4) Pixar ရဲ့ မီးအိမ်လေး

photo via screenrant

Pixar ဇာတ်လမ်းတွေမှာ အမြဲလိုလို ပါဝင်လေ့ရှိတဲ့ နောက်ထပ် Easter Egg တစ်ခုကတော့ Luxo ဘောလုံးလေးပဲ ဖြစ်ပြီး ဒီရုပ်ရှင်ထဲမှာတော့ အဲဒီဘောလုံးလေးကို ရှာမတွေ့သေးပါဘူး။ ဒါပေမယ့်လည်း Luxo Jr. လို့ ခေါ်တဲ့ Pixar ရဲ့ အဖွင့်ဇာတ်ဝင်ခန်းမှာ I စာလုံးလေးပေါ်ကို တက်ခုန်လေ့ရှိတဲ့ မီးအိမ်လေးတော့ ပါဝင်နေပါတယ်။ အဲဒီမီးအိမ်လေးကတော့ Buzz က အာကာသထဲကို ပျံတက်သွားတဲ့အချိန်မှာ နက္ခတ်တာရာအနေနဲ့ ပါဝင်ထားပါတယ်။

(5) Monster Inc. Easter Egg

photo via screenrant

ဒီဇာတ်လမ်းထဲမှာတော့ Toy Story နဲ့ Pixar ရဲ့ ပါဝင်နေကျ Easter Egg တွေတင် မဟုတ်ဘဲ Monster Inc. နဲ့ ပတ်သက်တဲ့ Easter Egg တစ်ခုလုံးလည်း ပါဝင်နေပါတယ်။ အဲဒီ Easter Egg ကတော့ Monster Inc. ထဲမှာ အော်သံတွေကို သိမ်းဆည်းတဲ့ အဝါရောင်ဘူးလေးကို Buzz က Space Ranger အနေနဲ့ ဝတ်စုံကို ပြန်လည်ဝတ်ဆင်နေတဲ့အချိန်မှာ မြင်တွေ့ခဲ့ရပါတယ်။

(6) Wall-E Easter Egg

photo via screenrant

Lightyear နဲ့ Wall-E ရုပ်ရှင်နှစ်ကားလုံးဟာ အာကာသထဲမှာ ဇာတ်အိမ်တည်ထားပြီး အဆင့်မြင့်နည်းပညာတွေလည်း ပါဝင်နေတာကြောင့် ဒီရုပ်ရှင်နှစ်ကားဟာ အနည်းငယ် ဆင်တူနေပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ Wall-E Easter Egg တစ်ခုလည်း ပါဝင်နေပါတယ်။ အဲဒီ Easter Egg ကို‌တော့ ဒီရုပ်ရှင်ရဲ့ Credit Scene ထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ Burnside ရဲ့ ရုံးခန်းထဲမှာတော့ Burn-E ဆိုတဲ့ စက်ရုပ်ကို မြင်တွေ့ခဲ့ရပြီး ဒီစက်ရုပ်ဟာ Wall-E ဇာတ်လမ်းထဲမှာ ပါဝင်ခဲ့သလို သူ့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းအတိုလေးလည်း ထွက်ခဲ့ဖူးပါတယ်။

(7) Onward ရုပ်ရှင်ထဲက Castle Cake

photo via screenrant

ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ စားစရာတွေကိုလည်း မြင်တွေ့ခဲ့ရပြီး Buzz တို့ စားခဲ့ကြတဲ့ Sandwich ဟာ ပေါင်မုန့်ကို အလယ်မှာထားပြီး အသားပြားနှစ်ပြားနဲ့ ညှပ်ထားပါတယ်။ အဲဒီ Sandwich တွေကို သွားယူခဲ့တဲ့ Vending Machine ထဲမှာတော့ Onward ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့ Castle Cake ကိုလည်း ရရှိနိုင်တာကို သေချာကြည့်ရင် မြင်တွေ့နိုင်ပါတယ်။

(8) Frozen ထဲက Olaf ပါဝင်နေလား?

photo via screenrant

ဒီဇာတ်လမ်းထဲက Easter Egg တစ်ခုကတော့ သတိထားမိဖို့ အလွန်ခက်ခဲပြီး Frozen နဲ့လည်း ဆက်စပ်နေပါတယ်။ ဇာတ်လမ်းရဲ့ အစမှာတော့ Buzz တို့ဟာ ဂြိုဟ်အသစ်တစ်ခုပေါ်ကို ဆင်းသက်လာတဲ့အချိန်မှာ Frozen ထဲက Olaf နဲ့ ဆင်တူတဲ့ အရာတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။

(9) Star Wars Reference

photo via screenrant

Lightyear ဇာတ်လမ်းကတော့ မတူညီတဲ့ စိတ်ကူးယဉ်သိပ္ပံ ဇာတ်လမ်းတွေကို Inspire ယူထားပြီး အများစုကတော့ Star Wars ကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ Buzz ရဲ့ လိမ္မော်ရောင်ဝတ်စုံဟာ Star Wars Original Trilogy ထဲမှာ Luke Skywalker ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံနဲ့ ဆင်တူနေပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းထဲမှာ အသုံးပြုတဲ့ ကိရိယာတွေထဲမှာလည်း Lightsaber နဲ့ တူညီတဲ့ ကိရိယာတွေကို မြင်တွေ့ခဲ့ရပါတယ်။

Buzz ဟာ အလင်းရဲ့အရှိန်နဲ့ အောင်မြင်စွာ ခရီးသွားပြီး သူတို့ရဲ့အဖွဲ့ဆီကို ပြန်ရောက်လာတဲ့ ဇာတ်ဝင်ခန်းမှာတော့ သူ့ရဲ့ယာဉ်ပျံဟာ Luke ရဲ့ X-Wing နဲ့ အတော်လေး ဆင်တူနေပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းထဲက Setting နှစ်ခုကလည်း Star Wars ထဲက အထင်ကရနေရာတွေ ဖြစ်တဲ့ Endor နဲ့ Dagobah တို့နဲ့ ဆင်တူနေပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းထဲက Zurg ကိုယ်တိုင်ကလည်း Star Wars ထဲက Death Vader ကို အခြေခံပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

(10) E.T Reference

photo via screenrant

စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်တွေထဲမှာတော့ ဒါရိုက်တာ Steven Spielberg ရိုက်ကူးခဲ့တဲ့ E.T ရုပ်ရှင်ဟာ Classic စာရင်းဝင်ပဲ ဖြစ်ပြီး Lightyear ထဲမှာလည်း ဒီရုပ်ရှင်ရဲ့ Reference ပါဝင်နေပါတယ်။ အဲဒါကတော့ Buzz ရဲ့ အထင်ကရ ဒိုင်ယာလော့ခ် ဖြစ်တဲ့ “To Infinity and Beyond” ဆိုတဲ့ စကားကို ပြောတဲ့အချိန်မှာ Buzz နဲ့ Hawthorne တို့ဟာ လက်ညှိုးချင်း ထိလိုက်ကြတာပဲ ဖြစ်ပါတယ်။

(11) Sox

photo via screenrant

Buzz ကတော့ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် ဖြစ်ပေမယ့်လည်း ပရိသတ်တွေကတော့ ကြောင်စက်ရုပ်လေး Sox ကို Buzz ထက် ပိုပြီးသဘောကျနေကြပါတယ်။ Sox ကတော့ တခြားစိတ်ကူးယဉ်သိပ္ပံ ဇာတ်လမ်းတွေထဲက Pet တွေကို Reference ယူပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Sox ဟာ Star Wars ထဲက R2-D2 ၊ Star Trek: The Next Generation ထဲက Spot နဲ့ Battlestar Galactica ထဲက Muffit II တို့နဲ့ ဆင်တူနေပါတယ်။

(12) SpaceX Reference

photo via screenrant

ဒီဇာတ်လမ်းကတော့ စိတ်ကူးယဉ်သိပ္ပံ ဇာတ်လမ်းတွေတင် မဟုတ်ဘဲ အပြင်မှာ တကယ်ရှိတဲ့ Elon Musk ရဲ့ SpaceX ကိုလည်း Reference ပြုလုပ်ထားပါသေးတယ်။ Elon Musk ရဲ့ SpaceX ကတော့ California ပြည်နယ် Hawthorne မြို့မှာ တည်ရှိတာ ဖြစ်ပြီး ဒီဇာတ်လမ်းထဲက Alisha Hawthorne ကတော့ အဲဒီအချက်ကို ရည်ညွှန်းတာပဲ ဖြစ်ပါတယ်။

(13) Disneyland

photo via screenrant

Buzz တို့ဟာ ဂြိုဟ်အသစ်မှာ ပိတ်မိသွားပြီး နောက်မှာတော့ အဲဒီဂြိုဟ်ပေါ်မှာပဲ Star Command ဌာနချုပ်အသစ်ကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီဌာနချုပ်ရဲ့ ပုံစံကတော့ Disneyland မှာရှိတဲ့ Space Mountain နဲ့ အတော်လေးကို ဆင်တူနေပါတယ်။ ဒါကြောင့်ပဲ ဒီဌာနချုပ်ကိုတော့ Space Mountain ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။

(14) Elemental Easter Egg

photo via screenrant

Pixar စတူဒီယိုက ထွက်ရှိလာတဲ့ ဇာတ်လမ်းတိုင်းဟာ နောက်ထပ် အသစ်ထွက်လာမယ့် ဇာတ်လမ်းကို ရည်ညွှန်းထားတဲ့ Easter Egg တွေ ပါဝင်နေလေ့ ရှိပါတယ်။ Lightyear ပြီးရင် ထွက်ရှိလာမယ့် ဇာတ်လမ်းကတော့ Elemental ရုပ်ရှင်ပဲ ဖြစ်ပြီး Wade ဆိုတဲ့ ရေလိုမျိူး ဇာတ်ကောင်အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Lightyear ထဲက Sandwich တွေ သွားယူတဲ့ ဇာတ်ဝင်ခန်းမှာတော့ အဲဒီ Vending Machine ထဲမှာ Wade Water ဆိုတဲ့ သောက်စရာတစ်ခု ရရှိနိုင်တာကို မြင်တွေ့ခဲ့ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular