HomeEntertainmentFilmLightyear ထွေလာထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ (Breakdown)

Lightyear ထွေလာထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ (Breakdown)

Pixar က ထုတ်လုပ်ခဲ့တဲ့ Toy Story ဇာတ်လမ်းကတော့ အခုဆိုရင် Spin-Off အနေနဲ့ Lightyear animation ရုပ်ရှင် ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ Lightyear ကတော့ Toy Story ထဲက အရုပ်လေး Buzz Lightyear အကြောင်း မဟုတ်ဘဲ တကယ့် Buzz Lightyear လူအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီ Animation ရဲ့ ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိခဲ့ပြီး Animation Style ကောင်းကောင်းတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားတာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ ဒီထွေလာထဲက Easter Egg တွေနဲ့ စိတ်ဝင်စားစရာအချက်တွေကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

(1) အာကာသယာဉ်မှူး Buzz
photo via screenrant

ဒီထွေလာရဲ့ အစမှာတော့ Buzz ဟာ သူ့ရဲ့ အာကာသဝတ်စုံကို ဝတ်ဆင်နေတာ တွေ့ခဲ့ရပြီး သူ့ရဲ့ နာမည်အပြည့်အစုံကလည်း တကယ်ပဲ Buzz Lightyear ဖြစ်ပါတယ်။ သူ့ရဲ့ တီရှပ်မှာတော့ Star Command ဆိုတဲ့ စာသားကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကတော့ Toy Story ဇာတ်လမ်းအစမှာ Buzz Lightyear အရုပ်လေးဟာ Andy ရဲ့ အိပ်ယာပေါ်ကနေ Star Command ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့တဲ့ ဇာတ်ဝင်ခန်းနဲ့ ဆက်စပ်ထားပါတယ်။

အဲ့ဒီအချိန်တုန်းကတော့ Star Command ဟာ Star Trek ရုပ်ရှင်ထဲက Starfleet ကို နောက်ပြောင်ထားတာလို့ ပရိသတ်တွေက ယူဆခဲ့ကြပါတယ်။ သို့သော်လည်း ဒီထွေလာထဲမှာတော့ Star Command ဟာ NASA လို အဖွဲ့အစည်းမျိူး ဖြစ်တယ်ဆိုတာကို မြင်တွေ့ခဲ့ရသလို သူတို့ကပဲ Buzz ကို အာကာသထဲ လွှတ်လိုက်တာ ဖြစ်ပါတယ်။

(2) အနာဂတ်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားတဲ့ Lightyear
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Star Command အဖွဲ့အစည်းရဲ့ စခန်းကို မြင်တွေ့ခဲ့ရပြီး ပုံစံတွေကို ကြည့်ရသလောက်တော့ အနာဂတ်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားတယ်လို့ ယူဆနိုင်ပါတယ်။ Buzz ရဲ့ ပတ်ပတ်လည်မှာတော့ အလုပ်များနေကြတဲ့ လူတွေကို မြင်တွေ့ခဲ့ရသလို နည်းပညာမြင့် စက်ပစ္စည်းတွေကိုလည်း မြင်တွေ့ရပါတယ်။

(3) အပြာရောင် ကျောက်တုံးကို လောင်စာအဖြစ် အသုံးထားတဲ့ ယာဉ်ပျံ
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Buzz ရဲ့ ယာဉ်ပျံအတွက် လောင်စာနေရာမှာ ထူးဆန်းတဲ့ အပြာရောင် ကျောက်တုံးတစ်တုံးကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဒီအပြာရောင်ကျောက်တုံးဟာ တစ်ခုခု ချို့ယွင်းသွားပြီး Buzz ရဲ့ ယာဉ်ပျံ ပျက်ကျသွားတာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း လူသားတွေဟာ အာကာသထဲကို ခရီးသွားဖို့ လိုအပ်တဲ့ ဒီအပြာရောင်ကျောက်တုံးကို ရယူဖို့အတွက် ကြီးမားတဲ့ တန်ဖိုးတွေ ပေးဆပ်ရတာမျိူးတွေလည်း ပါဝင်လာနိုင်ပါတယ်။

(4) Ivan
photo via screenrant

Buzz ဟာ အာကာသထဲကို ခရီးသွားဖို့အတွက် သူ့ရဲ့ယာဉ်ပျံကို စစ်ဆေးနေတဲ့အချိန်မှာတော့ Ivan ဆိုတဲ့ စာလုံးတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ များသောအားဖြင့်တော့ Pixar ဟာ စက်ပစ္စည်းတွေကို နာမည်ပေးတဲ့နေရာမှာ တစ်ခုခုကို ရည်ညွှန်းတဲ့ Easter Egg တွေ ထည့်သွင်းထားတတ်ပါတယ်။

Cars 2 ထဲမှာတော့ Ivan ဆိုတဲ့ ဇာတ်ကောင်တစ်ယောက် ပါဝင်ပြီး ဒီစာတန်းဟာ အဲ့ဒီအချက်ကို ဆိုလိုတာ ဖြစ်နိုင်သလို တကယ့် လက်တွေ့ဘဝမှာလည်း Ivan Sutherland ဆိုတဲ့ ကွန်ပြူတာ သိပ္ပံပညာရှင်တစ်ယောက် ရှိတာကြောင့် သူ့ကို ရည်ညွှန်းတာလည်း ဖြစ်နိုင်ပါတယ်။

(5) Alicia Hawthorne
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ အရံဇာတ်ကောင် ဖြစ်တဲ့ Alicia Hawthorne ကို မြင်တွေ့ခဲ့ရပါတယ်။ သူမဟာ Buzz ရဲ့ မစ်ရှင်နဲ့ ပတ်သက်ပြီး စိတ်ပူနေတဲ့ပုံစံ ဖြစ်နေတာကြောင့် Buzz နဲ့ Alicia တို့ဟာ မိတ်ဆွေတွေ ဖြစ်နေနိုင်ပါတယ်။ လောလောဆယ်မှာတော့ သူမ နေရာမှာ ဘယ်သူက အသံသရုပ်ဆောင်ထားလည်းဆိုတာကို မသိရသေးပါဘူး။

သူမရဲ့ နောက်နာမည်ဖြစ်တဲ့ Hawthorne ကတော့ California ပြည်နယ်၊ Hawthorne မြို့မှာ ရှိတဲ့ Space X ရဲ့ စခန်းကို ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။ သူမဟာ Buzz ရဲ့ ယာဉ်ထဲက အပြာရောင်ကျောက်တုံးကို ကြည့်နေရင်း ဒီမစ်ရှင်နဲ့ ပတ်သက်ပြီး စိတ်ပူနေတဲ့ပုံစံ ဖြစ်နေတာကြောင့် အပေါ်မှာ ဖော်ပြခဲ့သလိုပဲ အဲ့ဒီကျောက်တုံးကြောင့် Buzz ရဲ့ ယာဉ်ဟာ အခက်အခဲတစ်ခုခု ကြုံတွေ့ရနိုင်ပါတယ်။

(6) စိတ်ကူးယဉ်သိပ္ပံ အမျိူးအစားအနေနဲ့ မြင်တွေ့ရမယ့် Lightyear
photo via screenrant

Buzz ရဲ့ ယာဉ်ပျံဟာ ကမ္ဘာပေါ်က ထွက်လာပြီး အာကာသထဲကို ရောက်သွားတာနဲ့ ယာဉ်ပျံကို ပိုပြီးခံနိုင်ရည်ရှိစေမယ့် Force Field တွေကို အသုံးပြုထားတာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ အနာဂတ်ကာလတစ်ခုခုမှာ ဇာတ်အိမ်တည်ထားတယ်ဆိုတာကို သိသာစေပါတယ်။ သို့သော်လည်း Lightyear ရုပ်ရှင်ထဲက အဖြစ်အပျက်တွေဟာ Toy Story ထဲက အဖြစ်အပျက်တွေ မတိုင်ခင်မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။

အကြောင်းကတော့ Toy Story ထဲက ဇာတ်ကောင် Andy မွေးနေ့လက်ဆောင်ရခဲ့တဲ့ Buzz Lightyear အရုပ်ဟာ ဒီရုပ်ရှင်ထဲက Buzz ကို အခြေခံပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုမြင်တွေ့ခဲ့ရတဲ့ အတိုင်းဆိုရင် Lightyear ရုပ်ရှင်ဟာ အနာဂတ်ကာလတစ်ခု ဖြစ်နေပြီး Toy Story ကတော့ ၁၉၉၀ ကျော်လောက်က အချိန် ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ ဖြစ်နိုင်တာကတော့ ဒီ Lightyear ဇာတ်လမ်းဟာ Toy Story ထဲက Andy ကြည့်ရှုခဲ့ဖူးတဲ့ ရုပ်ရှင်တစ်ကား ဖြစ်နေနိုင်ပါတယ်။

(7) နေတစ်ပတ် ခရီးထွက်ခဲ့တဲ့ Buzz
photo via screenrant

ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့အတိုင်း ဆိုရင်တော့ Buzz ရဲ့ ပထမဆုံးမစ်ရှင်ဟာ နေကို တစ်ပတ်ပတ်ပြီး ကမ္ဘာပေါ်ကို အချိန်မီပြန်လာရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းထဲမှာလည်း Buzz ကို Star Command ရဲ့ စမ်းသပ်မောင်းနှင်သူလို့ ဖော်ပြထားပါသေးတယ်။ ဒါကြောင့်ပဲ အာကာသထဲကို လူသားတွေ ဘယ်လောက်အထိ ခြေဆန့်နိုင်မလည်းဆိုတာကို Buzz က စမ်းသပ်ပေးရမှာပဲ ဖြစ်ပါတယ်။

(8) Buzz ကို ဆံပင်နဲ့ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း
photo via screenrant

ကျွန်တော်တို့တွေက Buzz ကို တစ်သက်လုံး ခရမ်းရောင်ခေါင်းစွပ်နဲ့ပဲ မြင်တွေ့ခဲ့ရပြီး တစ်ခါမှ သူ့ကို ဆံပင်နဲ့ မမြင်တွေ့ခဲ့ဖူးပါဘူး။ အခုကျမှသာ Buzz ကို ပထမဆုံးအကြိမ် ဆံပင်နဲ့ မြင်တွေ့ရတဲ့အခါမှာတော့ ကျွန်တော်အပါအဝင် ပရိသတ်များစွာအတွက် အထူးအဆန်းတစ်ခုလို ဖြစ်နေပါတယ်။ ဆိုရှယ်မီဒီယာပေါ်တွေမှာဆိုရင် တချို့ပရိသတ်တွေဟာ Buzz ကို ကတုံးလို့ပဲ ထင်နေကြပြီး ခရမ်းရောင်အသားအရေကို ပိုင်ဆိုင်ထားတယ်လို့တောင် ယူဆထားတာကြောင့် အခုလိုမျိူး မြင်တွေ့ရတော့ တကယ်ကို ကြောင်တောင်တောင် ဖြစ်နေပါတယ်။

(9) စက်ရုပ်ပါတနာ ရှိတဲ့ Buzz
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Buzz ဟာ တခြားဂြိုဟ်တစ်ခုပေါ်ကို ရောက်ရှိနေတယ်လို့ ယူဆလို့ရပြီး သူ့ရဲ့ဘေးမှာ စက်ရုပ်တစ်ရုပ်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီစက်ရုပ်ဟာ ဘယ်ကရောက်လာလည်းဆိုတာကို သေချာမသိရသေးပေမယ့်လည်း သူတို့နှစ်ယောက်ဟာ Toy Story ထဲက Woody နဲ့ Buzz တို့လို မိတ်ဆွေကောင်းတွေ ဖြစ်လာနိုင်ပါတယ်။

(10) ပျက်ကျသွားတဲ့ Buzz ရဲ့ ယာဉ်ပျံ
photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Buzz ရဲ့ ယာဉ်ပျံ ပျက်ကျသွားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဘာကြောင့် ဒီလိုပျက်ကျသွားတာလည်း ဆိုတာကိုတော့ သေချာမသိရသေးဘဲ အပြာရောင်ကျောက်တုံးကြောင့်ပဲ စက်တစ်ခုခု ချို့ယွင်းသွားတာ ဖြစ်ဖို့များပါတယ်။

(11) Toy Story Easter Egg
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Buzz ဟာ စက်ရုပ်ကြောင်လေးကြောင့် လန့်သွားပြီး ကရာတေးတိုက်ကွက်ကို ပြုလုပ်ခဲ့ပါတယ်။ ဒီအချက်ကတော့ ပရိသတ်တွေအများစု မှတ်မိလောက်တဲ့ Toy Story ထဲက ဇာတ်ဝင်ခန်းတစ်ခုကို Easter Egg အနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Toy Story ထဲက Buzz မှာတော့ Karate Mode ဆိုတာ ပါဝင်ပြီး ဒီဇာတ်ဝင်ခန်းထဲမှာ မြင်တွေ့ခဲ့ရတဲ့ တိုက်ကွက်ပုံစံအတိုင်း တစ်ပုံစံတည်း ပြုလုပ်ခဲ့ပါတယ်။

(12) စက်ရုပ်လေး Eric
photo via screenrant

ဒီဇာတ်ဝင်ခန်းမှာတော့ Buzz ပြုလုပ်ရမယ့် နောက်ထပ်မစ်ရှင်တစ်ခုကို Eric ဆိုတဲ့ စက်ရုပ်လေးက ရှင်းပြနေတာကို မြင်တွေ့ခဲ့ရပါတယ်။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Pixar ရဲ့ ထုံးစံအတိုင်း ဒီစက်ရုပ်ရဲ့ နာမည်ကလည်း Easter Egg တစ်ခု ဖြစ်နေပါတယ်။ အဲ့ဒါကတော့ ၁၉၂၈ ခုနှစ်က ပထမကမ္ဘာစစ်ထဲမှာ ပါဝင်ခဲ့တဲ့ စစ်သားဟောင်းတစ်ယောက် တီထွင်ခဲ့တဲ့ စက်ရုပ်ရဲ့ အမည်ကလည်း Eric ပဲ ဖြစ်ပါတယ်။ ဒီစက်ရုပ်ကလည်း လူသားတွေရဲ့ အစောဆုံး စက်ရုပ်ဖန်တီးမှုတွေထဲမှာ ပါဝင်နေပါတယ်။

(13) ဂြိုဟ်သားတစ်ကောင် တိုက်ခိုက်တာ ခံခဲ့ရတဲ့ Buzz
photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Star Command က ဖမ်းဆီးထားတယ်လို့ ယူဆရတဲ့ လက်တံအရှည်ကြီးတွေနဲ့ ဂြိုဟ်သားဟာ Buzz ကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့်ပဲ အနီးအနားမှာ ရှိနေတဲ့သူတွေက နည်းပညာမြင့် လက်နက်တစ်ခုနဲ့ အဲ့ဒီလက်တံတွေကို ခုတ်ဖြတ်လိုက်ရပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် Buzz ဟာ ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်းထဲတင်မဟုတ်ဘဲ ဝေးလံတဲ့ ဂြိုဟ်တွေကိုပါ သွားရောက်ပြီး ဂြိုဟ်သားတွေနဲ့ တွေ့ဆုံကြမယ်လို့ ယူဆရပါတယ်။

(14) Sox
photo via screenrant

Buzz မှာ Sox လို့ခေါ်တဲ့ Android ကြောင်လေးတစ်ကောင်လည်း ရှိပါသေးတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ နံပါတ်(၁၁) အချက်ထဲမှာ Buzz က ကရာတေးတိုက်ကွက်ကို ပြုလုပ်ခဲ့ရတဲ့ အကြောင်းကလည်း ဒီကြောင်လေးကြောင့်ပဲ ဖြစ်ပါတယ်။ ဒီကြောင်လေးဟာ Buzz ရဲ့ ယာဉ်ပျံထဲက ပလပ်တစ်ခုကို သူ့အမြီးနဲ့ ထိုးနိုင်သလို ခေါင်းကလည်း (၃၆၀)ဒီဂရီ လှည့်နိုင်တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဒီကြောင်လေးဟာ Buzz ရဲ့ စွန့်စားခန်းတွေထဲမှာလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

(15) အင်ပါယာ Zurg လည်း ပါဝင်နေနိုင်ပါတယ်။
photo via screenrant

ဒီဇာတ်လမ်းရဲ့ ဒါရိုက်တာဖြစ်တဲ့ Angus MacLane ကတော့ ဒီဇာတ်လမ်းရဲ့ အဓိကဗီလိန်ဟာ အင်ပါယာ Zurg ဖြစ်နေနိုင်တယ်ဆိုတာကို အရိပ်အမြွက် ပြောပြခဲ့ဖူးပါတယ်။ ဒီထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Buzz ဟာ အမှောင်ထဲကနေ လူမသိအောင် သွားလာနေပြီး တံခါးကြီးတစ်ချပ် ပွင့်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီတံခါးကြီး ပွင့်သွားတဲ့အချိန်မှာတော့ အငွေ့တွေနဲ့ အနီရောင်တွေ ထွက်လာနေပြီး ဒီအချက်တွေဟာ အင်ပါယာ Zurg ကို ရည်ညွှန်းထားတာ ဖြစ်နိုင်ပါတယ်။

(16) The Avengers Reference
photo via screenrant

ဒီထွေလာရဲ့ အဆုံးသတ်မှာတော့ Buzz ကို သာမန်အဝတ်အစားတွေနဲ့ မြင်တွေ့ခဲ့ရပြီး သူဟာ ဝတ်စုံအသစ်ကို ငေးကြည့်နေခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ The Avengers ရုပ်ရှင်ထဲမှာ Steve Rogers က သူ့ရဲ့ Captain America ဝတ်စုံကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့တဲ့ ဇာတ်ဝင်ခန်းနဲ့ အတော်လေးကို ဆင်တူနေပါတယ်။

ဒါကတော့ Lightyear animation ရုပ်ရှင်ရဲ့ ထွေလာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက်တွေပဲ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular