HomeCelebs Update NewsInternationalGrammys ပွဲမှာ အိုပယ်ဝါဒီတွေနဲ့ မိန်းမမုန်းတီးဝါဒီတွေကို ကြုံခဲ့ရတယ်ဆိုတဲ့ Madonna

Grammys ပွဲမှာ အိုပယ်ဝါဒီတွေနဲ့ မိန်းမမုန်းတီးဝါဒီတွေကို ကြုံခဲ့ရတယ်ဆိုတဲ့ Madonna

Madonna ကတော့ မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ ဂရမ်မီဆုပေးပွဲက သူမ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံအချို့ကို အင်စတာဂရမ်မှာ ရင်ဖွင့်ထားပါတယ်။ Madonna ဟာ ဂရမ်မီညက သူမအနှစ်သက်ဆုံး အခိုက်အတန့်အချို့ကို ဗွီဒီယိုတစ်ခုနဲ့ မျှဝေထားပါသေးတယ်။

အဆိုပါပို့စ်မှာတော့ Cardi B ၊ Sam Smith တို့နဲ့ ဓာတ်ပုံတွေကိုလည်း တင်ထားသလို artist DOPEY နဲ့ပုံကိုလည်း တင်ထားပါသေးတယ်။ ဒါ့အပြင် အသက်(၃၀)နှစ်အရွယ်သာ ရှိကြသေးတဲ့ Sam Smith နဲ့ Kim Petras တို့ရဲ့ “Unholy” သီချင်းအတွက် ဖျော်ဖြေမှုကို သူမက မိတ်ဆက်ပေးခဲ့တဲ့ အတွေ့အကြုံကိုလည်း အဆိုပါပို့စ်မှာ ပြောထားပါတယ်။

 

View this post on Instagram

 

A post shared by Madonna (@madonna)

“Grammys မှာ Kim Petras နဲ့ Sam Smith တို့ကို မိတ်ဆက်ပေးရတာ တကယ် ဂုဏ်ယူမိပါတယ်။ ကျွန်မက နောက်ဆုံးဆုတစ်ခု ဖြစ်တဲ့ Album of the Year ကို ကြေညာပေးချင်ခဲ့တာ။ ဒါပေမယ့် Grammys ပွဲမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး လိင်ပြောင်းအမျိုးသမီးတစ်ယောက်ကို ကြေညာပေးရတာက ပိုပြီးအရေးကြီးတယ်လို့ ထင်မိပါတယ်။ တကယ့် သမိုင်းတွင်တဲ့ အခိုက်အတန့်တစ်ခုပဲပေါ့။ ဒါတင်မက သူက Grammy လည်း ရသွားသေးတယ်လေ …”လို့ ဆိုကာ ဂရမ်မီရဲ့သမိုင်းမှာ ပထမဆုံး ဆုရရှိသွားတဲ့ လိင်ပြောင်းအမျိုးသမီး artist ဖြစ်သူ Kim Petras ကို ရည်ညွှန်းပြီး ဂုဏ်ယူကြောင်း ပြောထားပါတယ်။

ဒါ့အပြင် အဲဒီနေ့ညက သူမရဲ့အပြင်အဆင်၊ အသွင်အပြင်နဲ့ ပတ်သက်ပြီး ဝေဖန်လှောင်ပြောင်နေကြသူတွေကိုလည်း တပါတည်း တုံ့ပြန်ထားပါသေးတယ်။

Photo: samsmith/ Instagram

“Sam နဲ့ Kim တို့လို artist တွေကို အသိအမှတ်ပြုပေးပြီး ဆုချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောက်အရွံ့ကင်းမဲ့မှု၊ ရဲရင့်မှုတွေကို ကျေးဇူးတင်တဲ့အကြောင်း ပြောနေတဲ့ ကျွန်မရဲ့စကားတွေကို အာရုံစိုက်ရမယ့်အစား လူတော်တော်များများကတော့ စာနယ်ဇင်းက ဓာတ်ပုံဆရာတစ်ယောက်က lens အရှည်ကြီးနဲ့ ဆွဲရိုက်ထားတဲ့ ကျွန်မရဲ့အနီးကပ် မျက်နှာပုံကြီးကို ကြည့်ပြီးတော့ ပြောမိပြောရာတွေ ပြောနေကြတာ တွေ့ရတယ် …”

“ပြီးတော့ ကျွန်မဟာ အသက်အရွယ် ကြီးရင့်သူတွေကို ပယ်ထုတ်ပြီး ဆက်ဆံချင်ကြတဲ့ “အိုပယ်ဝါဒီ”တွေနဲ့ အမျိုးသမီးတွေကို မုန်းတီးနေတဲ့ “misogyny”တွေရဲ့ အပြောအဆိုကို ခံရဖို့ ဖြစ်သွားပြန်ပါတယ်။ အသက်(၄၅)နှစ်ကျော်သွားတဲ့ အမျိုးသမီးတွေကို ချီးမြှောက်ပေးဖို့ ငြင်းဆန်နေတဲ့ ကမ္ဘာတစ်ခုထဲ ရောက်သွားပြန်ပါတယ် …”

Photo Credit: Kevin Winter/ Getty

“ပြီးတော့ အဲဒီအမျိုးသမီးက ဆက်ပြီးတော့ စိတ်ဓာတ်မာကြောနေဦးမယ်၊ အလုပ်တွေ ကြိုးစားနေဦးမယ်၊ စွန့်စားရတာတွေ ကြိုက်နေဦးမယ်ဆိုရင်လည်း သူ့ကိုဝိုင်းပြီး အပြစ်တင်ဖို့ လိုအပ်တယ်လို့ ထင်နေကြတဲ့ ကမ္ဘာကြီးရဲ့အလယ်ကို ရောက်သွားတာပေါ့ …”

“ကျွန်မဟာ ကျွန်မရဲ့အဝတ်အစား၊ အပြင်အဆင်တွေနဲ့ ပတ်သက်ပြီး ကျွန်မ ရွေးချယ်ထားတဲ့ creative တွေနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ မတောင်းပန်ခဲ့ဖူးပါဘူး။ ပြီးတော့ အခုလည်း တောင်းပန်သွားမှာ မဟုတ်ပါဘူး။ ကျွန်မဆိုတဲ့ မိန်းမဟာ career အစတည်းက မီဒီယာတွေရဲ့ ဆွဲချတာကို ခံခဲ့ရတဲ့သူပါ …”

Photo: madonna_fan/ Instagram

“ဒါပေမယ့် ဒါတွေအားလုံးဟာ စမ်းသပ်ချက်တစ်ခုပဲဆိုတာ နားလည်တယ်။ ပြီးတော့ ဒီလိုဆန်းသစ်တဲ့ အတွေးအမြင်တွေကို လုပ်ပြရတာကိုလည်း ပျော်ပါတယ်။ အဲဒါမှ ကျွန်မနောက်မှာ တက်လာမယ့် မိန်းကလေးတွေက နောင်လာမယ့်နှစ်တွေမှာ ပိုပြီးလွယ်ကူတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ Beyonce စကားနဲ့ ပြောရမယ်ဆိုရင်တော့ You Won’t Break My Soul ပေါ့ …”လို့ Madonna က ပြောထားပါတယ်။

Madonna ဟာ ၂၀၂၃ ခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲညမှာ ဆုကြေညာသူအဖြစ် ဆောင်ရွက်ပေးခဲ့ရပြီး စင်ပေါ်တက်လာတဲ့ သူမရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ ပတ်သက်ပြီး အချို့လူတွေကြားထဲမှာတော့‌ ဝေဖန်လှောင်ပြောင်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။

Vancouver

Source: people

 

RELATED ARTICLES

Most Popular