HomeEntertainmentFilm၂၀၀၀ ခုနှစ်အစောပိုင်းက Marvel စတူဒီယိုရဲ့ အကောင်အထည်မဖော်ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများ

၂၀၀၀ ခုနှစ်အစောပိုင်းက Marvel စတူဒီယိုရဲ့ အကောင်အထည်မဖော်ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများ

ယခုအချိန်မှာ လူကြိုက်များနေတဲ့ MCU Franchise ဟာ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Iron Man ရုပ်ရှင်နဲ့ စတင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၀၈ ခုနှစ် မတိုင်ခင်တည်းက Marvel ဇာတ်ကောင်တွေရဲ့ ရုပ်ရှင်တွေဟာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်စတူဒီယိုတွေဟာ အသစ်ဖန်တီးမယ့် ပရောဂျက်တွေကို စီစဉ်ထားပြီးမှ မဖန်တီးဖြစ်လိုက်တာမျိူးဟာလည်း ရုပ်ရှင်လောကရဲ့ ထုံးစံတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Marvel စတူဒီယိုရဲ့ မဖန်တီးဖြစ်ခဲ့တဲ့ ရုပ်ရှင်တွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

(1) Man-Thing

photo via screenrant

တကယ်တော့ ဒီရုပ်ရှင်ဟာ ရိုက်ကူးပြီးစီးခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ ဒီဇာတ်ကောင်ရဲ့ မူပိုင်ခွင့်ကို Artisan Entertainment က ပိုင်ဆိုင်ထားခဲ့ပြီး Marvel စတူဒီယိုက ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ မူလတုန်းကတော့ ဒီရုပ်ရှင်ကို ရုံတင်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း အစမ်းပြသတဲ့ အချိန်မှာ ပရိသတ်တွေရဲ့ တုံ့ပြန်မှုက ဆိုးရွားလွန်းတာကြောင့် ရုံမတင်ဖြစ်တော့ဘဲ ယူအက်စ် တစ်နိုင်ငံတည်းမှာတင် ဗွီဒီယိုအဖြစ် ဖြန့်ချိဖို့ပဲ စီစဉ်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၀၅ ခုနှစ်မှာ Sci-Fi Channel ကနေ Sci-Fi Original ရုပ်ရှင်အဖြစ်ပဲ ပြသခဲ့ပါတယ်။

(2) Namor

photo via screenrant

လောလောဆယ်မှာတော့ Namor ဟာ Black Panther: Wakanda Forever ထဲမှာ ပါဝင်လာမယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့်လည်း Marvel စတူဒီယိုကတော့ ဒီဇာတ်ကောင်ကို Live Action အနေနဲ့ ဖန်တီးဖို့အတွက် ၁၉၉၇ ခုနှစ်တည်းက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းကိုလည်း ခဏခဏ ပြောင်းလဲ ရေးသားခဲ့သလို ဒါရိုက်တာတွေလည်း တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာတော့ အပြောင်းအလဲတွေ များလွန်းတာကြောင့် ဆက်လက် မဖန်တီးဖြစ်ခဲ့တာ ဖြစ်ပါတယ်။

(3) Silver Surfer

photo via screenrant

Marvel စတူဒီယိုကတော့ Silver Surfer ရဲ့ ဆိုလိုရုပ်ရှင်ကို ဖန်တီးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပြီး ၁၉၉၀ ကျော်မှာတော့ အတော်လေး နီးစပ်ခဲ့ပါသေးတယ်။ အဲ့ဒီရုပ်ရှင်ကိုတော့ Geoffrey Wright က ဒါရိုက်တာအဖြစ် ရိုက်ကူးဖို့ စီစဉ်ခဲ့ပြီး Ewan McGregor က သရုပ်ဆောင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီအချိန်တုန်းကတော့ VFX တွေ အသုံးပြုဖို့ ကုန်ကျစရိတ် များလွန်းတာကြောင့် Silver Surfer ကို လူပုံစံနဲ့ပဲ ပြသဖို့ ဆုံးဖြတ်ခဲ့ပြီး Galactus လည်း ပါဝင်ဖို့ စီစဉ်ခဲ့ပါသေးတယ်။ သို့သော်လည်း ဒီပရောဂျက်ဟာ အဲဒီနေရာကနေ ရှေ့မဆက်ဖြစ်ခဲ့ပါဘူး။

(4) Fury

photo via screenrant

Nick Fury ဟာ MCU ထဲက ရုပ်ရှင်အများစုမှာ ပါဝင်ခဲ့ပေမယ့်လည်း ယခုအချိန်ထိ ဆိုလိုရုပ်ရှင် မရှိသေးပါဘူး။ ဒါပေမယ့်လည်း Marvel စတူဒီယိုကတော့ ဒီဇာတ်ကောင်ရဲ့ ဆိုလိုရုပ်ရှင်အတွက် ၂၀၀၆ ခုနှစ်ကတည်းက စီစဉ်ခဲ့တာ ဖြစ်ပြီး အကြောင်းအမျိူးမျိူးကြောင့် ဆက်လက် မဖန်တီးဖြစ်ခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း အသစ်ထွက်ရှိလာမယ့် Secret Invasion ဇာတ်လမ်းတွဲထဲမှာတော့ Nick Fury က အဓိကဇာတ်ကောင်အဖြစ် ပါဝင်လာမှာ ဖြစ်ပါတယ်။

(5) Daredevil 2

photo via screenrant

၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Daredevil ရုပ်ရှင်ထဲမှာတော့ Ben Affleck က Matt Murdock အနေနဲ့ ပါဝင်ခဲ့ပြီး Jennifer Garner က Elektra အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ ဆိုးရွားတဲ့ ဝေဖန်ချက်တွေ ရရှိခဲ့ပေမယ့်လည်း Sequel ကို ထပ်မံဖန်တီးဖို့ အစီအစဉ်တွေ ရှိခဲ့ပါသေးတယ်။ ဒီလိုနဲ့ ၂၀၀၅ ခုနှစ်မှာတော့ Spin-Off ရုပ်ရှင်ဖြစ်တဲ့ Elektra ထွက်ရှိခဲ့ပြီး Ben Affleck ကတော့ Cameo သဘောမျိူး ပါဝင်ခဲ့ပါတယ်။ သို့သော်လည်း အဲ့ဒီအချိန်မှာ စီးပွားရေးအရ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တာကြောင့် Daredevil 2 ကို ဆက်လက် မဖန်တီးဖြစ်ခဲ့တာ ဖြစ်ပါတယ်။

(6) Deathlok

photo via screenrant

၁၉၉၀ အစောပိုင်းမှာတော့ cybernetic နည်းပညာတွေနဲ့ ပြန်လည် ပြုပြင်ပြီး အသက်သွင်းခံထားရတဲ့ ကောမစ်ဇာတ်ကောင် Deathlok ကို ဆိုလိုရုပ်ရှင် ရိုက်ကူးဖို့ ဇာတ်ညွှန်းတောင် ပြင်ဆင် ရေးသားခဲ့ပြီး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုလည်း မရိုက်ကူးဖြစ်ခဲ့တဲ့ Namor ရုပ်ရှင်အတွက် ဇာတ်ညွှန်း ရေးသားသူကပဲ ဇာတ်ညွှန်း ရေးသားပေးခဲ့တာလို့ ဆိုပါတယ်။ သို့သော်လည်း ဒီဇာတ်ကားဟာ ဘာအကြောင်းကြောင့်မှန်း မသိရဘဲ ရှေ့ဆက် မဖန်တီးဖြစ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း Deathlok ဇာတ်ကောင်ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Agents of Shield ဇာတ်လမ်းတွဲထဲမှာ ပါဝင်လာခဲ့ပါတယ်။

ဒါကတော့ Marvel စတူဒီယိုက စီစဉ်ခဲ့ပြီးမှ အကြောင်းကြောင်းကြောင့် အကောင်အထည် မဖော်ဖြစ်ခဲ့တဲ့ ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ အဲဒီအချိန်တွေတုန်းကတော့ Marvel စတူဒီယိုဟာ ငွေရေးကြေးရေးအရ ရုန်းကန်နေရဆဲ ဖြစ်တာကြောင့် တချို့ပရောဂျက်တွေကို လက်လွှတ်ခဲ့ရတာမျိုး ရှိပေမယ့် ဒီနေ့အချိန်မှာတော့ ဘတ်ဂျက်ကို စိတ်ပူနေစရာ မလိုတော့တာကြောင့် ဒီပရောဂျက်တွေကိုလည်း အနာဂတ်မှာတော့ တွေ့ရနိုင်ချေ ရှိပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular