HomeEntertainmentFilmMCU ထဲက သရုပ်ဆောင်အကောင်းဆုံး ကလေးသရုပ်ဆောင်(၁၀)ယောက်

MCU ထဲက သရုပ်ဆောင်အကောင်းဆုံး ကလေးသရုပ်ဆောင်(၁၀)ယောက်

Marvel Cinematic Universe ဟာ နာမည်ကြီးသရုပ်ဆောင်တွေကို ထည့်သွင်းခဲ့ရုံသာမကဘဲ မျက်နှာသစ်သရုပ်ဆောင်များစွာကိုလည်း ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါတင်မက MCU ထဲမှာ လူကြီးသရုပ်ဆောင်တွေနဲ့ တန်းတူ သရုပ်ဆောင်နိုင်ခဲ့တဲ့ ကလေးသရုပ်ဆောင်တွေလည်း ရှိပါတယ်။ ဒါကြောင့်ပဲ MCU ဇာတ်ကားတွေထဲက သရုပ်ဆောင်အကောင်းဆုံး ကလေးသရုပ်ဆောင်(၁၀)ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။

(10) Lexi Rabe

Photo Credit: Marvel Studios/ Disney Studios

Lexi Rabe ကတော့ Tony Stark နဲ့ Pepper Potts တို့ရဲ့ တစ်ဦးတည်းသော သမီးလေး Morgan Stark အဖြစ် သရုပ်ဆောင်ထားပါတယ်။ Avengers: Endgame ထဲမှာတော့ Blip ဖြစ်စဉ်ကြောင့် ပေါ်ပေါက်ခဲ့တဲ့ ကမောက်ကမတွေထဲမှာ အနည်းငယ်သော ကောင်းမွန်ခြင်းတရားတစ်ခုအဖြစ် Morgan Stark ပါဝင်ခဲ့ပါတယ်။

Lexi Rabe ဟာ Tony Stark ရဲ့ အဖိုးတန်သမီးလေး Morgan Stark အဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သလို သူမရဲ့ချိုသာတဲ့ အသံလေးကလည်း တကယ် ချစ်စရာကောင်းလှပါတယ်။ သူမဟာ ဇာတ်ဝင်ခန်းအနည်းငယ်မှာသာ ပါဝင်ခဲ့ရပေမယ့် “I Love You 3000” ဆိုတဲ့ သူမရဲ့ဒိုင်ယာလော့ခ်လေးကတော့ ပရိသတ်တွေကြားထဲမှာ အလွန်ရေပန်းစားခဲ့ပါတယ်။

(9) Ever Gabo Anderson

Photo Credit: Marvel Studios/ Disney Studios

ပရိသတ်တွေ ကာလကြာရှည်စွာ စောင့်မျှော်ခဲ့ရတဲ့ Black Widow ဆိုလိုရုပ်ရှင် ထွက်ရှိလာချိန်မှာတော့ Natasha Romanoff ရဲ့ နောက်ကြောင်းရာဇဝင်နဲ့ ငယ်ဘဝကိုပါ မြင်တွေ့ခွင့်ရခဲ့ပါတယ်။ Natasha ရဲ့ငယ်ဘဝအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Ever Gabo Anderson ကတော့ နာမည်ကျော် အက်ရှင်မင်းသမီး Milla Jovovich ရဲ့ သမီးလေး ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်ပုံကို ကြည့်ရုံနဲ့တင် Anderson ဟာ မိခင်ဖြစ်သူဆီက သရုပ်ဆောင်ကောင်းတဲ့ အမွေကို ရရှိထားတာ သေချာပါတယ်။

(8) Carlos S. Sanchez

Photo Credit: Marvel Studios/ Disney Studios

Carlos S. Sanchez ကတော့ Moon Knight ဇာတ်လမ်းတွဲထဲက စိတ်မကောင်းစရာ အကောင်းဆုံးအပိုင်းမှာ Marc Spector ရဲ့ငယ်ဘဝအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီအပိုင်းထဲမှာတော့ Marc နဲ့ Steven တို့ဟာ သူတို့ရဲ့ကလေးဘဝမှာ စိတ်ဒဏ်ရာတွေ ရရှိစေခဲ့တဲ့ အဖြစ်အပျက်တွေဆီကို ပြန်လည် သွားရောက်ကြတာ ဖြစ်ပါတယ်။ ဒီအပိုင်းထဲက ဇာတ်ဝင်ခန်းတွေထဲမှာတော့ Carlos ဟာ ကလေးတစ်ယောက်အရွယ်နဲ့ မမျှတဲ့ စိတ်ဒဏ်ရာ၊ ဝမ်းနည်းကြေကွဲစရာတွေကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်သွားတာကို ကြည့်ရတာ တကယ် ကြေကွဲစရာကောင်းလှပါတယ်။

(7) Ty Simpkins

Photo Credit: Marvel Studios/ Disney Studios

Iron Man 3 ထဲမှာတော့ Tony Stark ဟာ တန်နက်ဆီပြည်နယ်ရဲ့ လူသူမနီးတဲ့ နေရာတစ်ခုမှာ သောင်တင်သွားပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ကလေးအရွယ် ဂျီးနီးယက်စ်တစ်ယောက် ဖြစ်တဲ့ Harley Keener နဲ့ တွေ့ဆုံခဲ့ပါတယ်။ Harley ဟာ Iron Man ရဲ့ suit ကို ကူပြင်ပေးခဲ့ပြီး သူ့ရဲ့ပြဿနာတွေကိုလည်း ကူညီပေးခဲ့ပါသေးတယ်။ Ty Simpkins ကတော့ ဒီဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ်ဆောင်ထားပါတယ်။ ပရိသတ်တွေကတော့ သူနဲ့ Iron Man ကြားက ဇာတ်လမ်းကို ပိုပြီးကြည့်ချင်ခဲ့ကြပေမယ့် ဒီလောက်အတိုင်းအတာနဲ့လည်း ပရိသတ်ရဲ့သဘောကျ နှစ်ခြိုက်မှုကို ရရှိခဲ့ပါတယ်။

(6) Jett Klyne

Photo Credit: Marvel Studios/ Disney Studios

Jett Klyne ကတော့ Wanda Maximoff ရဲ့ အမွှာသားနှစ်ယောက်ထဲက Tommy Maximoff အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ Tommy ကတော့ သူ့ရဲ့မိဘတွေလိုပဲ အစွမ်းပိုင်ဆိုင်ထားပြီး မြန်ဆန်တဲ့ အရှိန်နဲ့ သွားလာနိုင်တဲ့ စူပါပါဝါရှိပါတယ်။ Klyne ကတော့ ဒီဇာတ်ရုပ်အတွက် ပီပီပြင်ပြင် သရုပ်ဆောင်ထားနိုင်ပြီး ဦးလေးဖြစ်သူ Pietro ကို လေးစားအားကျတဲ့ ကောင်လေးအဖြစ်လည်း မြင်ရပါတယ်။

(5) Julian Hilliard

Photo Credit: Marvel Studios/ Disney Studios

Tommy ရဲ့ အမွှာညီကိုဖြစ်တဲ့ Billy Maximoff ကတော့ အမေနဲ့ပိုတူပါတယ်။ သူကတော့ ကိစ္စတွေကို အရင်ဆုံးမေးခွန်းထုတ်တတ်သူ ဖြစ်ပြီး Tommy ထက် နူးညံ့သိမ်မွေ့သူ ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင် Julian Hilliard ကတော့ Haunting of Hill House ၊ The Conjuring: Devil Made Me Do It တို့လို horror ဇာတ်ကားတွေထဲမှာ ပီပြင်စွာ သရုပ်ဆောင်ပြီး ပရိသတ်အားပေးမှု ရရှိထားသူ ဖြစ်ပါတယ်။ အလားတူပဲ MCU ထဲမှာလည်း ပရိသတ်ရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ကလေးသရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။

(4) Jack Veal

Photo Credit: Marvel Studios/ Disney Studios

Void ထဲမှာတော့ timeline ပေါင်းစုံက Loki variant ပေါင်းစုံ ရှိနေပါတယ်။ ဒီထဲကမှ အံ့အားသင့်စရာတစ်ခုကတော့ အကြမ်းဆုံးနဲ့ အသန်မာဆုံး Loki variant ဟာ ကလေးတစ်ယောက် ဖြစ်နေတာပါပဲ။ ဒီကလေး Loki ကတော့ Thor ကို သတ်လိုက်လို့ Void ထဲကို ပို့ခံလိုက်ရတာ‌ ဖြစ်ပါတယ်။

Loki ဇာတ်လမ်းတွဲထဲက Jack Veal ရဲ့ သရုပ်ဆောင်မှုကတော့ တော်တော်လေး ကောင်းမွန်တယ်လို့ ပြောနိုင်ပါတယ်။ သူဟာ တခြား Loki variant တွေထက်စာရင် ပို cool ဖြစ်ပြီး သူ့စတိုင်လ်နဲ့သူ God of Mischief ရဲ့ အရှိန်အဝါကို ပြသနိုင်ခဲ့ပါတယ်။ ဒါတင်မက ဝါရင့်သမ္ဘာရင့် သရုပ်ဆောင်ကြီးတွေကြားထဲမှာ ယုံကြည်ချက်ရှိရှိနဲ့ ဇာတ်ကောင်စရိုက် ပီပြင်အောင် သရုပ်ဆောင်ထားတာကလည်း ချီးကျူးစရာပါပဲ။

(3) Lia McHugh

Photo Credit: Marvel Studios/ Disney Studios

Eternals တွေအားလုံးထဲမှာတော့ Sprite ဟာ အကန့်အသတ်တစ်ခုနဲ့ နှစ်ပေါင်းထောင်ချီကြာ နေထိုင်နေရသူ ဖြစ်ပါတယ်။ သူ့ရဲ့စိတ်ဝိဉာဉ်ဟာ အိုမင်းနေပြီ ဖြစ်ပေမယ့်လည်း ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ နေထိုင်နေရပါတယ်။ ဒါကြောင့်ပဲ သူဟာ အခြား Eternals တွေ ပျော်ပါးခဲ့သလိုမျိုး ဘဝမှာ ပျော်ပါးခွင့် မရရှိခဲ့ပါဘူး။ ကလေးသရုပ်ဆောင် Lia McHugh ကတော့ Sprite ဇာတ်ကောင်ကို အသက်ဝင်လာအောင် အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

(2) Abby Ryder Fortson

Photo Credit: Marvel Studios/ Disney Studios

Scott Lang ကို လူကောင်းတစ်ယောက် ဖြစ်လာအောင် အကြီးမားဆုံး လှုံ့ဆော်ပေးသူကတော့ သူ့ရဲ့သမီးလေး Cassie Lang ပဲ ဖြစ်ပါတယ်။ သူတို့သားအဖနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အပြစ်မြင်လေ့မရှိဘဲ အမြဲတမ်း အားပေးကူညီနေတာကြောင့်လည်း တကယ့် ချစ်စရာသားအဖအဖြစ် ပေါ်လွင်ခဲ့ပါတယ်။

Cassie Lang နေရာမှာတော့ Abby Ryder Fortson ဟာ တကယ် ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူမဟာ ဝါရင့်သရုပ်ဆောင် Paul Rudd နဲ့လည်း တကယ့်သားအဖတွေအလား chemistry မိနေသလို ကလေးတစ်ယောက်ရဲ့ သိချင်စိတ်ကြောင့် စူးစမ်းမေးမြန်းတဲ့ ဇာတ်ဝင်ခန်းလေးတွေကလည်း တကယ် ချစ်စရာကောင်းပြီး သဘာဝလည်းကျပါတယ်။

(1) Xochitl Gomez

Photo Credit: Marvel Studios/ Disney Studios

America Chavez ကတော့ ထူးခြားပြီး အစွမ်းကြီးမားလွန်းတဲ့ ပါဝါကို ပိုင်ဆိုင်ထားတဲ့ ကောင်မလေးတစ်ယောက်အဖြစ် MCU ထဲမှာ မိတ်ဆက်ခဲ့ပါတယ်။ သူမဟာ သူမရဲ့အစွမ်းကို ထိန်းချုပ်နိုင်ဖို့ မလွယ်ကူပေမယ့် အန္တရာယ်များတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ရသူလည်း ဖြစ်ပါတယ်။

Xochitl Gomez ကတော့ ဝါရင့်သရုပ်ဆောင် Benedict Cumberbatch နဲ့ အတူတွဲသရုပ်ဆောင်ထားနိုင်ပါတယ်။ သူမဟာ ကိုယ်တိုင်က ထိတ်လန့်နေပေမယ့် တတ်နိုင်တဲ့နေရာကနေ ပါဝင်ကူညီပေးချင်တဲ့ ကလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားပါတယ်။

Vancouver

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular