HomeEntertainmentFilmယခုနှစ်အတွင်း ထွက်ရှိလာဦးမယ့် MCU ဇာတ်လမ်းတွဲအသစ်များ

ယခုနှစ်အတွင်း ထွက်ရှိလာဦးမယ့် MCU ဇာတ်လမ်းတွဲအသစ်များ

Marvel Cinematic Universe ကတော့ ၂၀၂၁ ခုနှစ်မှာ စတင်ပြီး ဇာတ်လမ်းတွဲတွေကိုပါ ထုတ်လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့ Universe ကို တဖြည်းဖြည်း ပိုမိုကြီးမားလာအောင် တည်ဆောက်နေပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ Ms. Marvel ဇာတ်လမ်းတွဲကတော့ ယနေ့ ဇူလိုင်လ (၁၃)ရက်နေ့မှာပဲ ဇာတ်သိမ်းမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ MCU ပရိသတ်တွေအတွက် ယခုနှစ်အတွင်း Ms. Marvel အပြီးမှာ ထွက်ရှိလာဦးမယ့် MCU ဇာတ်လမ်းတွဲအသစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) I Am Groot

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ Animation အတိုလေးတွေအဖြစ် ဖန်တီးထားတာ ဖြစ်ပြီး ဒါရိုက်တာ James Gunn က ရိုက်ကူးပေးထားပါတယ်။ ထုံးစံအတိုင်း Vin Diesel ကပဲ Baby Groot နေရာက ပါဝင်ပြီး အသံသရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Avengers: Infinity War မတိုင်ခင်မှာ ဇာတ်အိမ်တည်ထားပြီး အပိုင်း(၅)ပိုင်း ပါဝင်လာမယ်လို့ သိရပါတယ်။ ယခုအချိန်ထိတော့ ဒီဇာတ်လမ်းတွဲဟာ MCU နဲ့ Canon ဖြစ်လာမှာလား ဆိုတာတော့ သေချာမသိရသေးပါဘူး။ ထွက်ရှိလာမယ့် နေ့ရက်ကတော့ ဩဂုတ်လ (၁၀)ရက်နေ့ပဲ ဖြစ်ပါတယ်။

(2) She-Hulk: Attorney at Law

photo via screenrant

She-Hulk ဇာတ်လမ်းတွဲကတော့ အပိုင်း(၉)ပိုင်း ပါဝင်လာမှာ ဖြစ်ပြီး Jennifer Walters ရဲ့ Origin ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Hulk နဲ့ Abomination တို့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး ဘယ်အချိန်ကာလမှာ ဇာတ်အိမ်တည်ထားတယ် ဆိုတာတော့ မသိရသေးပါဘူး။ ထွက်ရှိလာမယ့် နေ့ရက်ကတော့ I Am Groot ထွက်လာပြီး ရက်ပိုင်းအကြာဖြစ်တဲ့ ဩဂုတ်လ (၁၇)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(3) Werewolf By Night

photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့ ထွက်ရှိလာမယ့် ရက်အတိအကျကိုတော့ မသိရသေးပေမယ့်လည်း ယခုနှစ် နှောင်းပိုင်းမှာပဲ ဟောလိုးဝင်း စပါယ်ရှယ်အနေနဲ့ ထုတ်လွှင့် ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ နာမည်ကြီး သီချင်းရေးဆရာ ဖြစ်တဲ့ Michael Giacchino က ရိုက်ကူးပေးထားပါတယ်။ ဒီဇာတ်လမ်းတွဲဟာ သူ့အတွက် ဒါရိုက်တာအဖြစ် ပွဲဦးထွက်တဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ Michael ကတော့ Doctor Strange နဲ့ Spider-Man: No Way Home အပါအဝင် တခြား MCU ရုပ်ရှင်တွေမှာ နောက်ခံဇာတ်တေးဂီတွေ ဖန်တီးပေးခဲ့ပါတယ်။ လောလောဆယ်မှာတော့ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်းအကျဉ်းကိုတော့ မသိရသေးပါဘူး။

(4) Marvel’s What If…? Season 2

photo via screenrant

Marvel’s What If…? ကတော့ Season 2 ရရှိခဲ့တဲ့ ပထမဆုံး MCU ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ MCU ရဲ့ Multiverse ထဲမှာ ပရိသတ်တွေ ရင်းနှီးပြီးသား ဇာတ်ကောင်တွေက မတူညီတဲ့ ရွေးချယ်မှုတွေကို ပြုလုပ်လိုက်တဲ့ အချိန်မှာ လုံးဝမတူညီတဲ့ အဖြစ်အပျက်တွေ ဖြစ်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Season 1 ဟာလည်း ပရိသတ်တွေ သဘောကျတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ခဲ့ပြီး Season 2 ထဲမှာတော့ ဘယ်လိုဇာတ်လမ်းတွေကို မြင်တွေ့ရမလည်းဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ထွက်ရှိလာမယ့် နေ့ရက်အတိအကျကိုလည်း မသိရသေးဘဲ ယခုနှစ်အတွင်းမှာ ထွက်ရှိလာမယ်လို့ပဲ အတည်ပြုပေးထားပါတယ်။

(5) Guardians of the Galaxy Holiday Special

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ Holiday Special ဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်မယ့် ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ I Am Groot နဲ့ မတူညီတဲ့ အချက်ကတော့ ဒီဇာတ်လမ်းတွဲဟာ Holiday Special ဖြစ်နေပေမယ့်လည်း Live Action အနေနဲ့ပဲ ဖန်တီးသွားမယ်လို့ အတည်ပြုထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီဇာတ်လမ်းတွဲဟာ Canon ဖြစ်လာမယ်လို့လည်း အတည်ပြုထားပြီး ဒါရိုက်တာ James Gunn ကတော့ ဒီဇာတ်လမ်းတွဲထဲမှာ GOTG အဖွဲ့ဝင်အားလုံး ပါဝင်လာမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ယခုနှစ် နှောင်းပိုင်းမှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular