HomeCharacterစတူဒီယိုGhibli ရဲ့ anime တွေထဲက အမှတ်ရစရာအကောင်းဆုံး ကာရိုက်တာများ

စတူဒီယိုGhibli ရဲ့ anime တွေထဲက အမှတ်ရစရာအကောင်းဆုံး ကာရိုက်တာများ

Anime တွေ ကြည့်ရတာ ကြိုက်နှစ်သက်တဲ့သူတွေဆိုရင် စတူဒီယို Ghibli ကို သိကြမှာပါ။ စတူဒီယို Ghibli က ဇာတ်ကားတွေဟာ ရသမြောက်ပြီးတော့ ကြည့်ပြီးသွားရင်လည်း ရင်ထဲမှာ တစ်ခုခုတော့ ကျန်နေခဲ့တာက ထုံးစံပါပဲ။ Spirited Away လို ကားမျိုးဆိုရင် ထွက်ထားတာ ကြာပြီဆိုပေမယ့် အခုချိန်ထိ လူကြိုက်များနေတုန်းပဲဖြစ်ပြီး ဇာတ်လမ်းသာမက ဇာတ်ကောင်တွေကလည်း လုံးဝကို အမှတ်ရနေစေပါတယ်။ ဒါကြောင့် စတူဒီယို Ghibli ကထွက်ခဲ့တဲ့ anime တွေထဲက စိတ်ထဲမှာ အမြဲအမှတ်ရနေစေတဲ့ ဇာတ်ကောင်တွေကို ဖော်ပြပေးချင်ပါတယ်။

Princess Mononoke ဇာတ်ကားထဲက Princess Mononoke
photo via screenrant

Princess Mononoke ဟာ Ghibli စတူဒီယိုက ထုတ်လုပ်တဲ့ ဇာတ်ကားတွေထဲက ရင့်ကျက်မှုအများဆုံးပါတဲ့ ဇာတ်ကားတွေထဲမှာ ပါဝင်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးသူတိုင်းက ရင်သပ်ရှုမောကျန်ခဲ့ပြီး နှစ်ခြိုက်သွားကြပေမယ့် ငယ်ရွယ်တဲ့ ပရိသတ်အတွက်ဆိုရင်တော့ ဇာတ်ကားရဲ့ theme ဟာ အနည်းငယ် ပြင်းထန်တယ်လို့လည်း ပြောနိုင်ပါတယ်။

ဒီဇာတ်ကားဟာ ကမ္ဘာပေါ်က လူသားတွေနဲ့ တိရစ္ဆာန်တွေ နှစ်ဘက် ပဋိပက္ခဖြစ်ပွားတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ယခင်က ရှိခဲ့ဖူးတဲ့ ငြိမ်းချမ်းမှုဟာ ဘယ်လိုမြန်မြန်ဆန်ဆန်နဲ့ပဲ ပြိုပျက်သွားနိုင်တဲ့အကြောင်း မက်ဆေ့ချ်ပေးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

Princess Mononoke ဟာ ဝံပုလွေတွေရဲ့ စောင့်ရှောက်မှုနဲ့ ကြီးပြင်းအရွယ်ရောက်လာခဲ့သူဖြစ်ပြီး လူသားတစ်ယောက်ဖြစ်ပေမယ့် လူသားနဲ့တိရစ္ဆာန်တို့ကြားက စစ်ပွဲမှာတော့ တိရစ္ဆာန်တွေဘက်က ရပ်တည်ပေးခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ဇာတ်ကောင်ဟာ တိရစ္ဆာန်တစ်ကောင်လိုပဲ ကြမ်းကြမ်းရမ်းရမ်းနဲ့ ပြတ်သားခိုင်မာတဲ့ စိတ်ဓာတ်လည်း ရှိပါတယ်။

ဒီဇာတ်ကားဟာ မြေကမ္ဘာကို ချစ်မြတ်နိုးတန်ဖိုးထားတတ်မှု၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ အသိ၊ လူသားတွေရဲ့ လောဘနဲ့ တိရစ္ဆာန်တွေရဲ့ ဘဝ၊ နောက်ဆက်တွဲဖြစ်တဲ့ ကမ္ဘာမြေရဲ့ အနာဂတ်စတာတွေကို ပုံဖော်ထားသလို ဒီရသတွေကို ပြည့်စုံသွားစေတဲ့ ကာရိုက်တာတွေထဲမှာ Princess Mononoke ကလည်း မှတ်မှတ်ရရ ဖြစ်နေစေတဲ့ ဇာတ်ကောင်တစ်ခုလို့ ပြောနိုင်ပါတယ်။

 My Neighbor Totoro ဇာတ်ကားထဲက Totoro
photo via screenrant

Anime fan တွေထဲမှာ Totoro ကို မသိတဲ့သူတော့ ရှိလောက်မယ် မထင်ပါဘူး။ Totoro ဟာ စတူဒီယို Ghibli က ထုတ်လုပ်လိုက်တဲ့ ဇာတ်ကောင်တွေထဲမှာ လူသိအများဆုံးနဲ့ အအောင်မြင်ဆုံး ကာရိုက်တာတစ်ခုလို့ ပြောနိုင်ပါတယ်။

My Neighbor Totoro ဟာ Alice in Wonderland တို့၊ Winnie the Pooh တို့နဲ့ ဆင်တူတဲ့ စိတ်ကူးယဉ်ဆန်ပြီး ချစ်စရာကောင်းတဲ့ ကလေးတို့ရဲ့ကမ္ဘာတစ်ခုကို ရသမြောက်အောင် ရိုက်ကူးထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ နယ်မြို့လေးတစ်မြို့ကို အိမ်ပြောင်းလာရပြီး တစ်ဖက်မှာလည်း ဆေးရုံပေါ်မှာ ရောဂါနဲ့ လဲနေတဲ့ မိခင်ကို လွမ်းဆွတ်တမ်းတစွာနဲ့ ပျော်သလို နေရတဲ့ ကလေးအရွယ် ညီအစ်မနှစ်ယောက်တို့ရဲ့ ချစ်စရာအမူအကျင့်လေးတွေနဲ့အတူ သူတို့အိမ်နားက ဝိဉာဉ်တွေနဲ့ သူငယ်ချင်းတွေဖြစ်ပြီး ဆော့ကစားကြပုံလေးတွေက ကိုယ်တိုင် အိပ်မက်ထဲ ရောက်သွားသလို ခံစားရစေမှာပါ။

ဒီဇာတ်ကားကို ကြည့်ပြီးပြီဆိုရင် အမွေးထူထူနဲ့ ဖက်အိပ်ချင်စရာကောင်းတဲ့ ကလေးတို့ရဲ့ မိတ်ဆွေကြီး Totoro ကိုလည်း အမြဲတမ်း မျက်လုံးထဲ မြင်ယောင်နေမိမှာပါ။

Castle In The Sky ဇာတ်ကားထဲက Sheeta
photo via screenrant

ရိုးအီနေတဲ့ နေ့စဉ်ဘဝထဲက ထွက်သွားပြီး မှော်ဆန်တဲ့ ကမ္ဘာထဲမှာ စွန့်စားခန်းတွေအပြည့်နဲ့ နေထိုင်ချင်တဲ့ အိပ်မက်မျိုး တစ်ခါလောက်တော့ မက်ဖူးကြမှာပါ။ Castle in the Sky ထဲက Sheeta ကတော့ ဒီလိုအိပ်မက်မျိုးနဲ့ နေထိုင်သူ ကောင်မလေး ဖြစ်ပါတယ်။

Sheeta ရဲ့ ကာရိုက်တာကိုတော့ ယဉ်ကျေးလိမ္မာပြီး ကြင်နာသနားတတ်တဲ့အပြင် ဉာဏ်လည်းကောင်းတဲ့ မိန်းကလေးတစ်ယောက်အဖြစ် သိထားကြမှာပါ။ Sheeta ဟာ သူမနဲ့ ထဲထဲဝင်ဝင် ပြောဆိုဆက်ဆံဖူးလိုက်တာနဲ့ သူမရဲ့ညို့ဓာတ်မှာ နစ်ဝင်သွားရပြီး သူမရဲ့ဉာဏ်ပညာ ပြည့်စုံမှုကြောင့် လူတွေဟာ သူတို့ကိုယ်ကို ပြန်လည်သိရှိ၊ နားလည်သွားစေတဲ့ ကာရိုက်တာမျိုး ဖြစ်ပါတယ်။

ဘဝခရီးရှည်ကြီးဟာ တစ်ကိုယ်တည်း ထွက်သွားတာထက် ဘေးနားကလူတွေနဲ့အတူ စုစုစည်းစည်း နေထိုင်ရင်း ကြုံလာတဲ့ ပြဿနာတွေကို ဝိုင်းဝန်းဖြေရှင်းရတာက ပိုအဓိပ္ပာယ်ရှိတဲ့အကြောင်း Sheeta က သင်ကြားပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီဇာတ်ကောင်ဟာ အမှတ်တရ ရှိနေရတဲ့ ဇာတ်ကောင်တစ်ခု ဖြစ်နေတာပါပဲ။

Grave Of The Fireflies ဇာတ်ကားထဲက Seita
photo via screenrant

Ghibli ဇာတ်ကားတွေထဲမှာ လူအများစု ရှောင်ကြတဲ့ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းက ခံစားရလွန်းတာကြောင့် ကြည့်မယ်ဆိုရင်လည်း moody ဖြစ်နေတဲ့အချိန်၊ မျက်ရည်ကျချင်နေတဲ့ အချိန်မျိုးမှာမှ ကြည့်မယ်ဆိုရင် ပိုအဆင်ပြေမယ့် ဇာတ်ကားမျိုး ဖြစ်ပါတယ်။

ဟဲဗီးဒရာမာဖြစ်ပေမယ့် ကာရိုက်တာတွေအရဆိုရင်တော့ Seita ရဲ့ကာရိုက်တာဟာ အပြင်လောကက လူတွေအားလုံး တိုက်ဆိုင်ခံစားကြည့်လို့ရတဲ့ ဇာတ်ကောင်တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ဘဝမှာ အခက်အခဲတွေ အများကြီး ရင်ဆိုင်ခံစားခဲ့ရသူတွေဆိုရင် Seita ရဲ့ ကာရိုက်တာကို အပြည့်အဝ ပိုပြီးနားလည်ခံစားပေးနိုင်ပါလိမ့်မယ်။

အမေဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး အငယ်ဖြစ်သူကို စောင့်ရှောက်ရမယ့် အစ်ကိုကြီးတစ်ယောက်အဖြစ် လျင်လျင်မြန်မြန်ပဲ ရင့်ကျက်သွားရတဲ့ ကောင်လေး Seita က လူ့လောကရဲ့ ဥပမာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဘဝမှာ အဆုံးအရှုံးတွေ များနေပေမယ့် ကိုယ့်ဘဝအတွက် တန်ဖိုးရှိသူတွေကို တံတိုင်းတစ်ခုလို ကာကွယ်စောင့်ရှောက်ပေးခြင်းဟာ လူပီသပြီး တန်ဖိုးရှိတဲ့လူဆိုတာ ပြသပေးထားတဲ့ ဇာတ်ကောင်လည်း ဖြစ်ပါတယ်။ ဒီကားကို ကြည့်ပြီးတဲ့သူဆိုရင် သူ့ကို မေ့လို့ရမယ် မထင်ပါဘူး။

Spirited Away ဇာတ်ကားထဲက Haku
photo via screenrant

ဇာတ်ကားထဲက ကာရိုက်တာတွေထဲမှာ လူအသွင်နဲ့ရော နဂါးအသွင် နှစ်မျိုးလုံးမှာပါ ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိထားတဲ့ ဇာတ်ကောင် ဖြစ်ပါတယ်။ Haku ဟာ သူ့ရဲ့နာမည်ကို အယူခံလိုက်ရပြီးနောက်မှာ သူ့နာမည်ကို မမှတ်မိတော့ဘဲ ရေချိုးရုံပိုင်ရှင်ရဲ့ အစေခံတစ်ယောက် ဖြစ်သွားခဲ့ပါတယ်။ မြစ်စောင့်နတ်ဖြစ်လို့ သူ့ရဲ့အစွမ်းတွေနဲ့ Chihiro ကို ကာကွယ်ပေးပြီးတော့ လူ့လောကကို အမြန်ဆုံး ပြန်ရောက်အောင် ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

Haku ဟာ တစ်ခါတစ်လေမှာ ကြမ်းတမ်းတဲ့ ပုံစံဖြစ်နေတတ်ပေမယ့်လည်း သူ့ရဲ့အတွင်းစိတ်ကတော့ ကူညီတတ်ပြီး စိတ်ကောင်းရှိတာကြောင့် Spirited Away ကို ကြည့်ပြီးသူတိုင်းက Haku ကိုလည်း အမှတ်တရ ရှိနေကြတာ ဖြစ်ပါတယ်။

Kiki’s Delivery Service ဇာတ်ကားထဲက Ursula
photo via screenrant

Ghibli ဇာတ်ကောင်တွေထဲမှာ လူတွေ အားအကျရဆုံး ကာရိုက်တာတွေထဲက တစ်ခုလို့ ပြောနိုင်ပါတယ်။ Ursula ဟာ သူမရဲ့အချိန်တွေကို ပန်းချီတွေဆွဲနေရင်းနဲ့သာ ကုန်ဆုံးစေပြီးတော့ လူမှုရေးအရှုပ်အရှင်းတွေရဲ့ အဝေးမှာ နေထိုင်သူလည်း ဖြစ်ပါတယ်။

Ursula ဟာ သူမရဲ့ဘဝတစ်ခုလုံးကို ဝါသနာပါရာ ပန်းချီထဲမှာပဲ နှစ်မြှပ်ထားသူ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ဖူးတဲ့သူ တော်တော်များများလည်း ကိုယ်တာဝန်ယူရမှာတွေ အကုန်လုံးရဲ့အဝေးကို ပြေးပြီးတော့ သူမလိုမျိုးပဲ တောထဲမှာနေတဲ့ သတ္တဝါလေးတွေနဲ့ သစ်ပင်တွေနဲ့ အေးအေးလူလူ ရိုးရှင်းတဲ့ ဘဝလေးမှာ နေချင်တယ်လို့ တွေးဖူးကြမှာပါ။

Spirited Away ဇာတ်ကားထဲက Chihiro
photo via screenrant

ပုံပြင်ဇာတ်လမ်းကောင်းဆိုတာ သာမန်လူတစ်ယောက်က မှော်ဆန်တဲ့ကမ္ဘာတစ်ခုကို ရှာတွေ့သွားပြီး အဲ့ဒီ့ကမ္ဘာကို ဖျက်ဆီးပစ်မယ့်သူတွေဆီကနေ ကာကွယ်ပြီး ကယ်တင်ပေးတဲ့ ဇာတ်လမ်းလို့လည်း တစ်မျိုးတစ်မည် အဓိပ္ပာယ် ဖွင့်နိုင်ပါတယ်။

Chihiro ဟာ ဘယ်အရာကိုမှ ထူးထူးထွေထွေ မက်မောနေတာမျိုးမရှိဘဲ မိဘတွေနဲ့အတူ သူတို့မြို့လေးက အိမ်ကို ပြန်ချင်တဲ့ ဆန္ဒတစ်မျိုးတည်းသာ ရှိနေတဲ့ သာမန်ကလေးမလေးတစ်ယောက်ပါ။ ဒီလိုလွတ်မြောက်ဖို့ ကြိုးစားရင်းနဲ့ပဲ မှော်ဆန်တဲ့ ရေချိုးရုံကြီးထဲမှာ ပိတ်မိနေကြတဲ့ အခြားသူတွေကိုလည်း ကယ်တင်ပေးနိုင်ခဲ့ပါသေးတယ်။

Chihiro ဟာ ကြင်နာသနားတတ်ပြီး စူးစမ်းရှာဖွေလိုစိတ် ရှိသလို ဆုံးဖြတ်ချက်လည်း ပြတ်သားသူဖြစ်လို့ သူမရဲ့လောကထဲကို လိုက်ကြည့်လိုက်ရုံနဲ့ ပရိသတ်တွေ အလွယ်တကူ တိုက်ဆိုင်ခံစားလို့ရတဲ့ ဇာတ်ကောင်တစ်ခု ဖြစ်ပါတယ်။

ဒါကတော့ Ghibli စတူဒီယိုက ထုတ်လုပ်ခဲ့တဲ့ anime ဇာတ်ကားတွေထဲက အမှတ်ရစရာအကောင်းဆုံး ကာရိုက်တာတွေကို ဖော်ပြပေးထားတာပါ။ စာဖတ်သူတို့ စိတ်ထဲမှာ အမြဲတမ်း စွဲလန်းပြီးအမှတ်ရနေမိတဲ့ အခြားကာရိုက်တာတွေ ရှိရင်လည်း ပြောပြခဲ့ပါဦး။

Lego Les
RELATED ARTICLES

Most Popular