HomeCelebs Update NewsInternationalဖခင်ဖြစ်သူကွယ်လွန်ပြီးနောက် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ပြောပြလာတဲ့ MGK

ဖခင်ဖြစ်သူကွယ်လွန်ပြီးနောက် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ပြောပြလာတဲ့ MGK

MGK လို့ အတိုကောက်ခေါ်ဝေါ်ကြတဲ့ Machine Gun Kelly ဟာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အပြင်းအထန် ရုန်းကန်ခဲ့ရဖူးကာ ဖခင်ကွယ်လွန်ပြီးနောက် အဆုံးစွန်ထိ ရောက်ခဲ့တယ်လို့ ဖွင့်ဟပြောဆိုလာပါတယ်။ ဒီအကြောင်းကိုတော့ MGK ရဲ့ documentary အသစ် “Life in Pink” ထဲမှာ ပြောပြထားတာ ဖြစ်ပါတယ်။ Life in Pink documentary ကိုတော့ ပြီးခဲ့တဲ့ တနင်္လာနေ့က Hulu မှာ စတင်ထုတ်လွှင့် ပြသနေတာ ဖြစ်ပါတယ်။

အဆိုပါ documentary ရဲ့တစ်ဝက်လောက်နားမှာတော့ MGK ဟာ ၂၀၂၀ ခုနှစ်မှာ ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက် သူခံစားခဲ့ရတဲ့ စိတ်အခြေအနေတွေကို ပြောပြထားပါတယ်။ MGK ရဲ့အဖေကတော့ သူ့ရဲ့အယ်လ်ဘမ် “Hotel Diablo” ထွက်ရှိပြီး တစ်နှစ်ပြည့်တဲ့နေ့မှာပဲ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

Photo: machinegunkelly/ Instagram

“အဖေဆုံးပြီးတော့ သူ့ရဲ့ပစ္စည်းတွေကို ရှင်းလင်းဖို့ သူ့တိုက်ခန်းကို ကျွန်တော်သွားခဲ့တာပေါ့။ ဖြစ်ချင်တော့ အဲဒီမှာ အဖေ့ရဲ့အိမ်နီးချင်းနဲ့ စကားတွေ ပြောဖြစ်ခဲ့တယ်။ အဲဒီမှာ ကျွန်တော် မကြားချင်တဲ့ အရာတွေအားလုံးကို ကြားခဲ့ရတယ်။ ပိုဆိုးတာက အဲဒီအကြောင်းအရာတွေကို ဘယ်လိုမှ ခေါင်းထဲက ထုတ်လို့မရတော့တာပဲ။ အဲဒီနောက်ပိုင်းကစပြီး ကျွန်တော် အခန်းထဲကလည်း လုံးဝမထွက်တော့ဘူး။ ပြီးတော့ လူက အမှောင်ထုရဲ့ ဖုံးကွယ်မှုကို သိသိသာသာ ခံစားလာရတယ် …”

“အဲဒီအချိန်မှာ Megan က ရုပ်ရှင်ရိုက်ဖို့ ဘူလ်ဂေးရီးယားကို ရောက်နေတာ။ ကျွန်တော်ကတော့ ဒီမှာ ကမ္ဘာတွေပျက်နေတာပေါ့ဗျာ။ လူက အလိုလိုနေရင်း စိတ်ခြောက်ခြားလာတယ်။ တစ်ယောက်ယောက်က ကိုယ့်ကို လာသတ်တော့မယ်လို့ ထင်နေတယ်။ အိပ်ရာဘေးမှာ နှစ်လုံးပြူးကို အမြဲတမ်းထားပြီး အိပ်နေတဲ့ ကာလတွေပေါ့။ တချို့နေ့တွေမှာဆို လုံးဝ control လွတ်နေတာပေါ့ …”

Photo: machinegunkelly/ Instagram

“တစ်ရက်ကျတော့ Megan ကို ဖုန်းခေါ်လိုက်တယ်။ ပြီးတော့ သူ့ကို ပြောတာပေါ့။ ခင်ဗျားက ကျုပ်အနားမှာ ရှိမနေဘူး ဘာညာဆိုပြီး။ အဲဒီတုန်းက ကျွန်တော်က ကျွန်တော့်အခန်းထဲမှာ Megan ကိုပြောရင်း ဒေါသတွေ ထွက်လာပြီး သေနတ်ကို ပါးစပ်ထဲ ထိုးထည့်လိုက်ပြီးပြီ။ ပြီးတော့ ဖုန်းထဲကနေ ဝူးဝူးဝါးဝါးတွေ အော်နေတာပေါ့ဗျာ။ အဲဒီမှာ သေနတ်ကို မောင်းတင်လိုက်တယ်။ ကံကောင်းချင်တော့ ကျည်ဆန်က ဂျမ်းဖြစ်နေတယ်။ Megan ကတော့ အသံတောင် မထွက်နိုင်တော့ဘူး။ ကြောက်နေတာ …” လို့ သူ့ရဲ့စိတ်ကျန်းမာရေး အခြေအနေနဲ့ ကြောက်စရာ အဖြစ်အပျက်ကို ပြောပြထားပါတယ်။

အဲဒီအဖြစ်အပျက်ပြီး နောက်မှာတော့ သူ့ရဲ့စိတ်ထဲမှာ တစုံတခုက အလင်းပွင့်သွားခဲ့ပြီး သူခံစားနေရတဲ့ အရာတွေဟာ အမှန်တွေမဟုတ်ဘူးဆိုတာကို သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီ documentary ထဲမှာတော့ MGK ရဲ့သမီးဖြစ်သူ Casie နဲ့ ချစ်သူ Megan Fox တို့ရဲ့ သူ့အပေါ် စိုးရိမ်ပူပန်မှုတွေကိုလည်း ပြောပြထားပါသေးတယ်။

Photo: machinegunkelly/ Instagram

“အဲဒါပြီးတည်းက သူတို့က ကျွန်တော့်ဆီကို တောက်လျှောက်တွေ လာပြောကြတာ။ မျက်လုံးတွေ ကြည့်ဦးမယ်။ ပြဦး။ ကြားထဲမှာ ပဝါကြီးခြားပြီး စကားပြောနေရတာမျိုး မလိုချင်တော့ဘူး။ အဖေ့ကို အဖေတစ်ယောက်အနေနဲ့ပဲ မြင်ချင်တယ်။ Megan ကလည်း မင်းကို ငါလက်ထပ်မယ့် ခင်ပွန်းတစ်ယောက်လိုပဲ မြင်ချင်တယ်ဆိုပြီး လာပြောကြတာပေါ့ဗျာ။ အဲဒီတော့မှ ငါတော့ ဒီတစ်ခါ ဆေးတွေကို တကယ် ဖြတ်လိုက်မှ ဖြစ်တော့မယ်လို့ နားလည်လိုက်တယ် …” လို့ ပြောပြထားပါတယ်။

MGK ဟာ ၂၀၂၀ ခုနှစ် နောက်ပိုင်းတည်းက စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြင်းထန်စွာ ခံစားခဲ့ရတဲ့အကြောင်း အင်တာဗျူးတွေမှာလည်း ပွင့်ပွင့်လင်းလင်း ပြောပြထားပါတယ်။ ဒီ documentary ထဲမှာဆိုရင်လည်း Megan ကြောင့် သူ့ဘဝမှာ ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ဖြစ်ခဲ့တယ်ဆိုတာ ပြောသွားပါသေးတယ်။

Photo: machinegunkelly/ Instagram

“Megan ကတော့ ကျွန်တော့်အတွက် နေမင်းကြီးတစ်စင်းလိုပါပဲ။ ကျွန်တော်က သူ့ကိုဗဟိုပြုပြီး လည်ပတ်နေရတဲ့သူလိုပေါ့။ ကျွန်တော့်ကို ရှင်သန်မှုတွေပေးပြီး ကြီးထွား သန်မာလာအောင်လည်း သူက ကူညီပေးတယ်။ ပြောရရင် သူနဲ့ကျွန်တော့်ကြားက ဆက်ဆံရေးက ကျောင်းတွေမှာ တစ်ခါမှ သင်မပေးလိုက်တဲ့ နတ်သမီးပုံပြင်လိုမျိုးပဲ။ ကျွန်တော်တို့နှစ်ယောက်ကြားက တပ်မက်မှု၊ ခင်တွယ်မှုတွေဟာ စကားလုံးနဲ့ ဖော်ပြဖို့ရာ မဖြစ်နိုင်ပါဘူး။ သူ့ကို တခြားဘဝတွေများစွာမှာလည်း ကျွန်တော်သိခဲ့ဖူးတယ်ဆိုတာ ခံစားမိပါတယ် …” လို့ MGK က ဆိုထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular