HomeCelebs Update NewsInternationalOscars မှာ Best Actress စံကာတင်ဝင်တဲ့ ပထမဆုံးအာရှမင်းသမီး ဖြစ်လာတဲ့ Michelle Yeoh

Oscars မှာ Best Actress စံကာတင်ဝင်တဲ့ ပထမဆုံးအာရှမင်းသမီး ဖြစ်လာတဲ့ Michelle Yeoh

(၉၅)ကြိမ်မြောက် အော်စကာဆုပေးပွဲအတွက် စံကာတင်စာရင်းတွေကိုတော့ မကြာသေးခင် အချိန်ကပဲ ထုတ်ပြန်လာပါတယ်။ ဝါရင့်မင်းသမီးကြီး Michelle Yeoh ကတော့ အာရှက သရုပ်ဆောင်တွေ အားလုံးအတွက်ရော၊ အမျိုးသမီး သရုပ်ဆောင်တွေအတွက်ပါ လေးစားအားကျစရာ စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပါပြီ။

အကြောင်းကတော့ သူမဟာ ယခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုအတွက် ပထမဆုံးအကြိမ် စံကာတင်ဝင်သွားလို့ပါပဲ။ ဒါဟာ အော်စကာရဲ့သမိုင်းမှာတော့ အမျိုးသမီးဇာတ်ဆောင်ဆုအတွက် ပထမဆုံး စံကာတင်ဝင်လာတဲ့ အာရှအမျိုးသမီးပဲ ဖြစ်ပါတယ်။

အသက်(၆၀)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသမီးကြီးဟာ အော်စကာရဲ့ စံကာတင်စာရင်းကို ကြားသိပြီးပြီးချင်မှာပဲ Deadline သတင်းဌာနမှာ သူမရဲ့ခံစားချက်တွေကို ပြောပြထားပါသေးတယ်။

Photo Credit: A24

“ဒီဟာက ကျွန်မအတွက် ဘယ်လိုအဓိပ္ပာယ်လည်းဆိုတော့ အပြင်မှာရှိနေတဲ့ အာရှတိုက်သားတွေ အားလုံးအတွက် တွေ့လား … ဖြစ်နိုင်ပါတယ် ဆိုတာမျိုးပေါ့။ သူတောင် လုပ်နိုင်သေးရင် ငါတို့လည်း လုံးဝကို လုပ်နိုင်တာပေါ့ဆိုတဲ့ အတွေးမျိုးပေါ့။ ဒါက အရေးကြီးဆုံးပါပဲ …”

“တကယ်တော့ ကျွန်မဟာလည်း သာမန်လူတစ်ယောက်ပါ။ အလုပ်ကို အရမ်းကြိုးစားတာတစ်ခုပဲ ရှိတာပါ။ ဒီစားပွဲဝိုင်းမှာ သူတို့အတွက် ခုံတစ်နေရာစာ ရှိနေပြီဆိုတာ သိသွားပြီဖြစ်တဲ့ အင်မတန်မှ တော်ကြတဲ့ သရုပ်ဆောင်တွေ အများကြီး ရှိပါသေးတယ်။ သူတို့လုပ်ရမှာက အခွင့်အလမ်းတစ်ခု ရှာဖွေဖို့နဲ့ အဲဒါကို အမိအရ အသုံးချဖို့ပါပဲ …” လို့ Yeoh က ပြောထားပါတယ်။

Photo Credit: Allyson Riggs/ A24

မလေးရှားနိုင်ငံမှာ မွေးဖွားခဲ့တဲ့ မင်းသမီးကြီး Yeoh ကတော့ Everything Everywhere All At Once ရုပ်ရှင်ထဲက Evelyn ဆိုတဲ့ သူမရဲ့ဇာတ်ရုပ်အတွက် ယခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ဆောင်အမျိုးသမီးဆုအတွက် လျာထားခံရသူ ဖြစ်နေတာပါ။

တကယ်တော့ အော်စကာဆုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့လတုန်းကလည်း Yeoh ဟာ TIME မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ သူမရဲ့အမြင်ကို ပြောပြသွားပါသေးတယ်။ အဲဒါကတော့ ဘယ်အာရှသရုပ်ဆောင် မင်းသမီးတစ်ယောက်ကမှ အော်စကာမှာ Best Actress ဆုကို မရဖူးသေးတာကို တွေးမိတယ်လို့ ဆိုပြီး သူမတစ်ယောက်တည်းတင် မဟုတ်ဘဲ အာရှအသိုင်းအဝိုင်းတစ်ခုလုံးက ဒီအကြောင်းကို တွေးမိကြပါတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: A24

“ဒီဟာကို ငါတို့အားလုံးအတွက် နင်က လုပ်ပေးနေတာပါလို့ သူတို့ ကျွန်မကို လာပြောကြတယ် …” လို့ Yeoh က ထပ်လောင်း ပြောထားပါသေးတယ်။ လက်တွေ့မှာတော့ အော်စကာဆုပေးပွဲဟာ လူဖြူသရုပ်ဆောင်တွေကိုပဲ ဆုပေးမယ့်စာရင်းမှာ အဓိကထား စဉ်းစားရွေးချယ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျယ်ကျယ်လောင်လောင် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

သို့သော်လည်း ယခုနှစ်မှာတော့ အပြောင်းအလဲတွေ စတင်ဖြစ်ပေါ်နေပြီလို့ ပြောရမှာပါ။ အကြောင်းကတော့ ၂၀၂၃ ခုနှစ် အော်စကာရဲ့ စံကာတင်စာရင်းမှာ Michelle Yeoh အပြင် အခြားသော အာရှသရုပ်ဆောင်တွေလည်း စံကာတင်ဝင်ထားတာကြောင့်ပါပဲ။ Everything Everywhere All At Once ထဲက Yeoh နဲ့ တွဲဖက်သရုပ်ဆောင်တွေ ဖြစ်တဲ့ Ke Huy Quan နဲ့ Stephanie Hsu တို့အပြင် The Whale ထဲက Hong Chau ဟာလည်း ယခုနှစ်မှာ စံကာတင်ဝင်ထားပါတယ်။

Photo Credit: Allyson Riggs/ A24

Variety ရဲ့ဖော်ပြချက်အရ ဒါဟာ အော်စကာရဲ့ သမိုင်းမှာတော့ အာရှသရုပ်ဆောင်အများဆုံး စံကာတင်ဝင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ Yeoh ကတော့ သူမရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး အသိအမှတ်ပြုခံရဖို့မှာ ဆုတွေရဖို့ ဆိုတာမျိုးထက် သူမရဲ့သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေက ကြိုက်နှစ်သက် အားပေးတာမျိုးကိုသာ ပိုလိုချင်တယ်လို့လည်း ပြောထားပါသေးတယ်။

Yeoh ဟာ မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ ရွှေကမ္ဘာလုံးဆုမှာတော့ Best Actress ဆုကို ရရှိသွားပြီ ဖြစ်ပါတယ်။ Golden Globe ရဲ့သမိုင်းမှာတော့ Yeoh ဟာ ဒီဆုကို ရရှိတဲ့ ဒုတိယမြောက် အာရှမင်းသမီး ဖြစ်သွားပါတယ်။ ပထမဆုံး ရရှိခဲ့သူကတော့ Awkwafina ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ The Farewell ဇာတ်ကားနဲ့ Golden Globe မှာ Best Actress ဆု ရရှိခဲ့တာပါ။

Vancouver

Source: people

RELATED ARTICLES

Most Popular