HomeCelebs Update NewsInternationalDisney Channel ကနေ ကမ္ဘာ့အဆင့်ကြယ်ပွင့် ဖြစ်လာခဲ့ကြသူများ 

Disney Channel ကနေ ကမ္ဘာ့အဆင့်ကြယ်ပွင့် ဖြစ်လာခဲ့ကြသူများ 

Disney ဆိုတာဟာ တကယ့်နာမည်ကြီး ဖျော်ဖြေရေးကုမ္ပဏီတစ်ခုပါ။ ဒီကုမ္ပဏီကြီးကနေ မစ်ကီးမောက်စ်လိုမျိုး ကလေးတွေရဲ့ အသည်းကျော် ကာရိုက်တာတွေကို ထုတ်လုပ်ခဲ့ရုံသာမက ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်လာမယ့် ဟောလိဝုဒ်စတားမြောက်များစွာကိုလည်း မွေးထုတ်ပေးခဲ့ပါသေးတယ်။ Disney Channel ကနေမှတစ်ဆင့် ကမာ္ဘကျော် ဖျော်ဖြေရေးသမားတွေအဆင့်အထိ တက်လှမ်းနိုင်ခဲ့ကြတဲ့ စတားတွေရဲ့ ငယ်ဘ၀ပုံရိပ်လေးတွေနဲ့ ယခုလက်ရှိ ပုံရိပ်လေးတွေကို ယှဉ်ကြည့်လိုက်တဲ့အခါ အချိန်တွေ ကုန်တာမြန်တယ်ဆိုတဲ့ စကားကို တကယ်ကြီး ထောက်ခံကြမိမှာပါ။ ငယ်ငယ်က Disney မှာ ခြေလှမ်းစခဲ့တဲ့အရွယ်လေးတွေိနဲ့ အခုအနေအထားတွေကို ယှဉ်ကြည့်လိုက်တဲ့အခါမှာတော့ …

Selena Gomez

Sel ဟာ Disney ကုမ္ပဏီရဲ့ ယူအက်စ်နိုင်ငံတစ်ဝှမ်း ပြုလုပ်ခဲ့တဲ့ လူရွေးပွဲမှာ အရွေးချယ်ခံခဲ့ရတုန်းက ဆယ်နှစ်သမီးပဲ ရှိပါသေးတယ်။ သူမ ပထမဆုံး ပါဝင်သရုပ်ဆောင်ဖူးတဲ့ Disney စီးရီးကတော့ The Suite Life of Zack & Cody ဖြစ်ပြီး Season (2) ရဲ့ A Midsummer’s Nightmare ဆိုတဲ့အပိုင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှာတော့ Wizards of Waverly Place အပါအဝင် အခြားသော Disney ရဲ့ရုပ်ရှင်တွေ၊ စီးရီးတွေမှာ အဓိက သရုပ်ဆောင်နေရာကနေ ပါဝင်ခဲ့ရပါတယ်။ တစ်ဘက်မှာလည်း အဆိုပိုင်းနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို တဖြည်းဖြည်း ဝင်ရောက်လာခဲ့သူပါ။ အခုအချိန်မှာတော့ Sel ဟာ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ နာမည်ကျော် အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကင်မရာရှေ့မှာပဲ သရုပ်ဆောင်ဆောင်၊ မိုက်ကရိုဖုန်း ကိုင်ပြီးပဲ သီချင်းဆိုဆို တစ်ခဲနက် အားပေးမယ့် ပရိသတ်ထုကို ရရှိထားပါတယ်။

Miley Cyrus

Miley Cyrus ရယ်လို့ ကျော်ကြားစေခဲ့တာကတော့ ၂၀၀၆ခုနှစ်ကနေ ၂၀၁၁ခုနှစ်အထိ Disney Channel မှာ ပြသခဲ့တဲ့ Hannah Montana စီးရီး ဖြစ်ပါတယ်။ အဲ့ဒီ့နောက်ပိုင်းကစလို့ ဂီတဘက်မှာလည်း အယ်လ်ဘမ်တွေ ထုတ်ဝေနိုင်ခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း The Last Song ၊ Black Mirror ၊ LOL တို့လို ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အဆိုတော်၊ သရုပ်ဆောင်တစ်ယောက်အဖြစ် နာမည်ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။

Demi Lovato

Demi ကတော့ Sonny With a Chance စီးရီးနဲ့ Camp Rock ရုပ်ရှင်တို့ကြောင့် ဆယ်ကျော်သက်တွေရဲ့ အသည်းစွဲဖြစ်ခဲ့သူပါ။ နောက်ပိုင်းမှာတော့ ဂီတဘက်ကို ပိုပြီးအာရုံစိုက်ကာ ဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အဆိုပိုင်းမှာ ပိုပြီး ထင်ထင်ရှားရှား အားပေးခံရသူ ဖြစ်ပါတယ်။ အရွယ်ရောက်လာချိန်မှာ ဖြစ်ခဲ့တဲ့ ဆေးစွဲဖူးတဲ့ကိစ္စတွေကိုလည်း ပွင့်ပွင့်လင်းလင်း ရှင်းပြ၊ ပြောပြထားသူ ဖြစ်ပါတယ်။

Bella Thorne

Bella ဟာ ၂၀၁၀ခုနှစ်ကနေ ၂၀၁၃ခုနှစ်အထိ ထုတ်လွှင့်ပြသခဲ့တဲ့ Disney စီးရီး Shake It Up နဲ့ စတားတစ်ယောက်ဘ၀ကို ရောက်ရှိလာသူ ဖြစ်ပါတယ်။

Cole Sprouse နဲ့ Dylan Sprouse

ဒီ Sprouse ညီအစ်ကိုနှစ်ယောက်ကတော့ Disney ရဲ့ စီးရီးနှစ်ခုနဲ့ စတားတွေအဖြစ် ကျော်ကြားလာခဲ့သူတွေပါ။ ပထမဆုံး သရုပ်ဆောင်ထားတဲ့ The Suite Life of Zack & Cody မှာ ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ခုနှစ်အထိ ပါဝင်ထားပြီး ဒုတိယစီးရီးဖြစ်တဲ့ The Suite Life On Deck မှာတော့ ၂၀၀၈ခုနှစ်ကနေ ၂၀၁၁ခုနှစ်အထိ ပါဝင်ထားကြပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှာတော့ CW ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ နာမည်ကျော်စီးရီး Riverdale မှာ ပါဝင်ထားကြပါသေးတယ်။ ကလေးသေးသေးလေးတွေ အဖြစ်ကနေ မျက်စိရှေ့မှာ ကြည့်နေရင်းနဲ့ပဲ တကယ့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးတွေအဖြစ် အောင်မြင်လန်းဆန်းလာတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

Hilary Duff

Hilary ကတော့ ၂၀၀၁ခုနှစ်ကနေ ၂၀၀၄ခုနှစ်အထိ Disney Channel မှာ ထုတ်လွှင့်ပြသခဲ့တဲ့ Lizzie McGuire စီးရီးမှာ အဓိက ပါဝင်သရုပ်ဆောင်ပြီး ဟောလိဝုဒ်ကို ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှာလည်း ဆယ်ကျော်သက်တွေကြားမှာ တကယ်ဟစ်ဖြစ်တဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်ခိုင်းပြီး သီချင်းလည်း ဆိုခဲ့ပါသေးတယ်။ သို့ပေမယ့် အရွယ်ရောက်လာချိန်မှာ‌တော့ သူ့ရဲ့ပါဆင်နယ်ဘ၀လေးကို တည်ဆောက်ဖို့ အနုပညာအလုပ်တွေကနေ အနားယူခဲ့ပါတယ်။ အခုအချိန်မှာတော့ Hilary ဟာ ကလေးနှစ်ယောက်မိခင် ဖြစ်နေပါပြီ။ သတင်းကောင်းတစ်ခုကတော့ သူမဘ၀ကို ပြောင်းလဲစေခဲ့တဲ့ Lizzie McGuire စီးရီးကို အသစ်တစ်ဖန် ပြန်လည်ရိုက်ကူးရာမှာ ပြန်လည်ပါဝင်ဦးမယ်လို့ သိထားရပါတယ်။

The Jonas Brothers

ဒီညီအစ်ကိုသုံးယောက်အဖွဲ့ကို နိုင်ငံတကာက ဂီတဘက်ကနေ လူသိများခဲ့ပေမယ့် သူတို့ဟာလည်းပဲ Disney Channel ကနေ စတင်ခဲ့သူတေွ ဖြစ်ပါတယ်။ သူတို့သုံးယောက် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကတော့ ၂၀၀၈ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ Camp Rock musical drama ရုပ်ရှင် ဖြစ်ပါတယ်။ အဲ့ဒါအပြင် Camp Rock ရဲ့အဆက် Camp Rock 2: The Final Jam ကိုလည်း ၂၀၁၁ခုနှစ်မှာ ထပ်မံပါဝင်ခဲ့ကြပါသေးတယ်။ ဒီနောက်ပိုင်းမှာတော့ အဖွဲ့က ပျက်သလို ဖြစ်သွားခဲ့ပြီး ညီအစ်ကိုတစ်ယောက်စီက solo တွေလုပ်ကာ အသီးသီး မင်္ဂလာဆောင်တွေဆောင်ပြီး အခြေကျသွားခဲ့ကြပါတယ်။ ၂၀၁၉ခုနှစ်ကို ရောက်မှသာ ပြန်ပေါင်းမိကြပြီး The Jonas Brothers အဖြစ် ပရိသတ်ရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

Vanessa Hudgens ဆိုပြီး အောင်မြင်စေခဲ့တာကတော့ ၂၀၀၆ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တဲ့ High School Musical ဇာတ်ကားကြောင့် ဖြစ်ပါတယ်။ နောက်ထပ် ထွက်ရှိခဲ့တဲ့ High School Musical အဆက်တွေမှာလည်း တောက်လျှောက်ပါဝင်ခဲ့ပြီး သူမရဲ့သရုပ်ဆောင်ပညာမှာသာမက ဂီတစွမ်းရည်တွေကိုပါ ပြသခဲ့သူပါ။ နောက်ပိုင်းမှာတော့ တကယ့်ဒရာမာရုပ်ရှင်တွေမှာပါ ပါဝင်သရုပ်ဆောင်ပြီး မင်းသမီးတစ်လက်အဖြစ် ဝံ့ဝံ့ကြွားကြွား ရပ်တည်နေနိုင်သူလည်း ဖြစ်ပါတယ်။

Zac Efron 

ပြာလဲ့လဲ့ မျက်လုံးလေးတွေနဲ့ မင်းသားချော Zac Efron ဟာလည်း မင်းသမီး Vanessa Hudgens နဲ့အတူ High School Musical  ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အောင်မြင်ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။ ဟာသ ဒရာမာအမျိုးအစားတွေ ရိုက်ကူးလေ့ရှိတဲ့ Zac ကို တစ်ချို့ကလည်း Neighbors ဟာသရုပ်ရှင်နှစ်ကားကနေ စပြီးသိကျွမ်းကြမှာပါ။ အရွယ်ရောက်လာတာနဲ့အမျှ ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်ခဲ့ဖူးတဲ့ Zac ဟာ လူကြိုက်များပြီး ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ The Greatest Showman လို ဇာတ်ကားတွေမှာလည်း ပါဝင်လာခဲ့ပါတယ်။

Zendaya

Zendaya ဆိုပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်လာတဲ့ ခရီးအစကတော့ ၂၀၁၁ခုနှစ်ကနေ ၂၀၁၃ခုနှစ်အထိ ထုတ်လွှင့်ခဲ့တဲ့ Shake It Up စီးရီးကြောင့် ဖြစ်ပါတယ်။ အဆိုပါ Shake It Up စီးရီးကြောင့်ပဲ Bella Thorne နဲ့အတူတူ Zendaya ဆိုပြီး ကျော်ကြားလာခဲ့တာပါ။ ဒီကျော်ကြားမှုကြောင့်ပဲ Marvel Universe က ထုတ်လုပ်တဲ့ Spider-Man: Homecoming နဲ့ Spider-Man: Far From Home ရုပ်ရှင်တွေမှာ ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ Disney က မိတ်ဆွေဖြစ်တဲ့ Zac Efron နဲ့တွဲဖက်ပြီး The Greatest Showman မှာလည်း ပါဝင်ထားပါသေးတယ်။ Zendaya ရဲ့ အကြီးမားဆုံးသော အခွင့်အရေးတစ်ရပ်အဖြစ် အမိုက်ဆုံးဇာတ်ကောင်စရိုက်နဲ့ တွေ့ရှိရမှာကတော့ HBO ရုပ်သံလိုင်းက ထုတ်လွှင့်ထားတဲ့ Euphoria စီးရီးပဲ ဖြစ်ပါတယ်။

ဘယ်ဒစ္စနေစတားတွေက စာဖတ်သူတို့ အသည်းစွဲ ဖြစ်ခဲ့ဖူးလည်းဆိုတာ ပြောပြခဲ့ပါဦး။

LaNina

 

RELATED ARTICLES

Most Popular