HomeEntertainmentFilmMoana Animation ရဲ့နောက်ကွယ်က ပရိသတ်တွေ စိတ်ဝင်စားမယ့်အချက်များ

Moana Animation ရဲ့နောက်ကွယ်က ပရိသတ်တွေ စိတ်ဝင်စားမယ့်အချက်များ

Moana Animation ကိုတော့ Disney စတူဒီယိုက ဖန်တီးခဲ့တာ ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ IMDb Rating မှာတော့ (7.6) ရရှိထားပြီး Rotten Tomatoes မှာတော့ 95% ရရှိထားပါတယ်။ ဒီလို Rating တွေ ရရှိထားတဲ့ Animation ကတော့ သေချာပေါက် အောင်မြင်ခဲ့ပြီး Box-Office မှာလည်း ဝင်ငွေ ဒေါ်လာ(၆၄၅)သန်း ရရှိထားသလို အော်စကာနှစ်ဆုအတွက်တောင် စံကာတင်စာရင်း ဝင်ခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Moana Animation ရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) ဒီရုပ်ရှင်ကိုတော့ Polynesian လူမျိူးတွေရဲ့ ယဉ်ကျေးမှုကို အခြေခံပြီး ဖန်တီးထားတာပါ။

photo via screenrant

ဒီ Animation ကို ဖန်တီးတဲ့ အချိန်မှာတော့ အချက်အလက်ပိုင်း ဆိုင်ရာတွေမှာ ပိုမိုတိကျစေဖို့အတွက် ဒါရိုက်တာ John Musker နဲ့ Ron Clements တို့ဟာ တောင်ပိုင်း ပစိဖိတ်ကျွန်းတွေဆီကို ခရီးထွက်ခဲ့ကြပါတယ်။ ဒီ Animation ထဲက ဇာတ်ကောင်တွေရဲ့ နာမည်အများစုနဲ့ ဇာတ်လမ်းတွေကတော့ Polynesian လူမျိူးတွေရဲ့ ရှေးဟောင်းဒဏ္ဍာရီထဲက အချက်တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Moana နဲ့ Maui တို့ ဝတ်ဆင်ထားတဲ့ ဝတ်စုံဟာလည်း Polynesian လူမျိုးတွေရဲ့ ရိုးရာဝတ်စုံတွေကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

(2) Maui ဟာ Polynesian လူမျိူးတွေရဲ့ ဒဏ္ဍာရီထဲက Demi-God ဖြစ်ပါတယ်။

photo via screenrant

အပေါ်မှာ ဖော်ပြထားသလိုပဲ ဒီရုပ်ရှင်ဟာ Polynesian လူမျိူးတွေရဲ့ ယဉ်ကျေးမှုတွေ၊ ဒဏ္ဍာရီတွေကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Dwayne “The Rock” Johnson အသံသရုပ်ဆောင်ထားတဲ့ Maui ကတော့ Polynesian လူမျိူးတွေရဲ့ ဒဏ္ဍာရီထဲက တကယ့် Demi-God ပဲ ဖြစ်ပါတယ်။ Maui ကတော့ နတ်ဘုရားတစ်ယောက်နဲ့ လူသားအမျိူးသမီး တစ်ယောက်တို့ဆီက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဒဏ္ဍာရီထဲမှာတော့ သူဟာ ကောင်းကင်ဘုံကနေ ကမ္ဘာပေါ်ကို ခရီးထွက်လာတဲ့အချိန်မှာ လူသားတွေကို အကူအညီတွေများစွာ ပေးခဲ့ပြီး ကျွန်းတွေကိုလည်း ဖန်တီးပေးခဲ့ပါတယ်။ ဒီ Animation ထဲက “You’re Welcome” သီချင်းကတော့ အဲဒီဒဏ္ဍာရီကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

(3) Moana ရဲ့အသံသရုပ်ဆောင်ကိုတော့ အဆိုပြိုင်ပွဲတစ်ခုမှာ ရှာတွေ့ခဲ့တာပါ။

photo via screenrant

Moana နေရာမှာ အသံသရုပ်ဆောင်ထားသူကတော့ Auli’i Cravalho ပဲ ဖြစ်ပြီး သူမဟာ Hawaii ကျွန်းစုပေါ်မှာပဲ မွေးဖွား ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။ သူမဟာ အသက်(၁၄)နှစ် အရွယ်မှာတော့ ပရဟိတ အဆိုပြိုင်ပွဲတစ်ခုမှာ ပါဝင်ခဲ့ပြီး အဲဒီအချိန်မှာပဲ Disney ရဲ့ သရုပ်ဆောင်ရှာဖွေတဲ့ အေးဂျင့်က သူမကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ Moana Animation ဟာ သူမအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ရဲ့ အောင်မြင်မှုကြောင့်ပဲ သူမဟာ ၂၀၁၇ ခုနှစ် အော်စကာဆုပေးပွဲမှာ “How Far I’ll Go” သီချင်းနဲ့ ဖျော်ဖြေခွင့်ရခဲ့ပါသေးတယ်။

(4) ကျွန်းတွေရဲ့ပုံစံကိုတော့ New Zealand နိုင်ငံကို အခြေခံဖန်တီးထားပါတယ်။

photo via screenrant

ဒါရိုက်တာနှစ်ယောက်ဟာ တောင်ပိုင်း ပစိဖိတ်ကျွန်းတွေဆီကို ခရီးထွက်ကြတဲ့ အချိန်မှာတော့ New Zealand နိုင်ငံကို သွားရောက်ခဲ့ပါသေးတယ်။ ပရိသတ်အများစု မသိကြတဲ့ အချက်တစ်ခုကတော့ ဒီ Animation ထဲက ကျွန်းတွေရဲ့ မြေမျက်နှာသွင်ပြင်နဲ့ ပုံစံတွေကိုတော့ New Zealand နိုင်ငံရဲ့ပုံစံကို အခြေခံပြီး ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။

(5) ဂီတပညာရှင် Lin-Manuel Miranda ဟာ ဒီ Animation ထဲက သီချင်းတွေကို (၈)နှစ်ကြာအောင် ဖန်တီးခဲ့ရပါတယ်။

photo via screenrant

Lin-Manuel Miranda ကတော့ နာမည်ကြီး Musical Show တစ်ခု ဖြစ်တဲ့ Hamilton: An American Musical ကို ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။ သူကတော့ Moana ထဲက သီချင်းတွေကို ဖန်တီးခဲ့သူလည်း ဖြစ်ပြီး အဲဒီသီချင်းတွေကို ဖန်တီးဖို့အတွက် အချိန်(၈)နှစ်တောင် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေဟာ “You’re Welcome” ၊ “We Know the Way” နဲ့ “How Far I’ll Go” တို့လို သီချင်းကောင်းတွေကို နားဆင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

(6) Flounder Easter Egg

photo via screenrant

ဒီ Easter Egg ကတော့ သတိထားမိဖို့ အနည်းငယ် ခက်ခဲပေမယ့်လည်း The Little Mermaid ပရိသတ်တချို့ကတော့ ဒီ Animation ထဲမှာ Flounder လည်း Easter Egg အနေနဲ့ ပါဝင်နေတာကို သတိထားမိခဲ့ကြပါတယ်။ Maui ဟာ သူ့ရဲ့မှော်စွမ်းအားကို အသုံးပြုပြီး လက်နဲ့ဆွဲထားတဲ့ 2D World ထဲကို Moana ကို ခေါ်သွားတဲ့ အချိန်မှာတော့ Flounder ဟာ တခြားငါးတွေနဲ့ ကူးခတ်နေတာ မြင်တွေ့ခဲ့ရပါတယ်။

(7) Moana ဆိုတဲ့အမည်ကတော့ သမုဒ္ဒရာလို့ အဓိပ္ပာယ်ရပါတယ်။

photo via screenrant

နာမည်တိုင်းဟာ အဓိပ္ပာယ်တွေ ရှိတတ်ကြပြီး Moana ရဲ့ အဓိပ္ပာယ်ကတော့ သမုဒ္ဒရာလို့ အဓိပ္ပာယ်ရပါတယ်။ ဒီနာမည်ကတော့ Polynesian တွေရဲ့ နာမည်တစ်ခု ဖြစ်ပြီး ထူးခြားချက်ကတော့ ဒီနာမည်မှာ လိင်ခွဲခြားထားခြင်း မရှိတာပါပဲ။ Moana ဟာ သူမရဲ့အမည်ကိုက သမုဒ္ဒရာလို့ အဓိပ္ပာယ်ရပြီး သူမဟာ သမုဒ္ဒရာကြီးနဲ့ တသားတည်း ဖြစ်နေတာကိုလည်း ဒီ Animation ထဲမှာ မြင်တွေ့ခဲ့ရပါတယ်။

(8) နက္ခတဗေဒပညာရှင်တွေလည်း ပါဝင်ဖန်တီးခဲ့ရပါတယ်။

photo via screenrant

ဒီဇာတ်လမ်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀၀၀)ခန့်မှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပြီး အဲဒီခေတ်တုန်းကတော့ GPS တွေ၊ Google Map တွေ မရှိသေးပါဘူး။ ဒါကြောင့်ပဲ အဲဒီအချိန်တုန်းက ရွက်လွှင့်သူတွေဟာ သွားချင်တဲ့နေရာကို ရောက်အောင် ကောင်းကင်ပေါ်က ကြယ်တွေ၊ နက္ခတ်တွေကို ကြည့်ရှုပြီး သွားလာခဲ့ရပါတယ်။ Disney ကတော့ တောင်ပိုင်း ပစိဖိတ်ဒေသရဲ့ ညဘက်ကောင်းကင်ကို ဖန်တီးဖို့အတွက် နက္ခတဗေဒပညာရှင်တွေကို ငှားရမ်းခဲ့ပါသေးတယ်။

ဒါကတော့ နာမည်ကျော် Moana animated ရုပ်ရှင်ထဲက စိတ်ဝင်စားစရာ အချက်တွေပဲ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular