HomeCharacterမကြာခင် ကြည့်ရှုရတော့မယ့် Moon Knight ရဲ့ Personality (၅)ခုအကြောင်း စိတ်ဝင်စားစရာများ

မကြာခင် ကြည့်ရှုရတော့မယ့် Moon Knight ရဲ့ Personality (၅)ခုအကြောင်း စိတ်ဝင်စားစရာများ

၂၀၂၂ ခုနှစ်ရဲ့ ပထမဆုံး MCU ဇာတ်လမ်းတွဲ ဖြစ်လာမယ့် Moon Knight ဇာတ်လမ်းတွဲကိုတော့ လာမယ့် မတ်လ (၃၀)ရက်နေ့မှာ ပြသသွားမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဒီဇာတ်လမ်းတွဲရဲ့ ပထမဆုံးထွေလာဟာ မကြာသေးခင်က ထွက်ရှိထားပြီး ဖြစ်ပါတယ်။ သရုပ်ဆောင် Oscar Isaac က Moon Knight နေရာမှာ ပါဝင်သရုပ်ဆောင်ထားပြီး Ethan Hawke ကတော့ အဓိကဗီလိန်နေရာက ပါဝင်လာမှာ ဖြစ်ပါတယ်။ Moon Knight ကတော့ လူတစ်ယောက်ထဲမှာ စိတ်ငါးမျိူး ကွဲထွက်နေသူတစ်ယောက် ဖြစ်ပြီး ဒီတစ်ခါမှာတော့ အဲ့ဒီ Personality (၅)ခုအကြောင်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဘာကြောင့် Moon Knight မှာ Personality (၅)ခု ရှိနေရတာလဲ?
photo via screenrant

Moon Knight ရဲ့ Personality ငါးခု ဖြစ်ပေါ်လာရတဲ့ အကြောင်းကတော့ Marc Spector ရဲ့ Dissociative Identity Disorder ကြောင့်လို့ ကနဦးတုန်းက ယူဆကြပါတယ်။ သို့ပေမယ့်လည်း မကြာသေးခင်က ထွက်ရှိထားတဲ့ Moon Knight Vol. 7 Issue #2 ကောမစ်ထဲမှာတော့ ဒီလို Personality ငါးခု ကွဲထွက်နေရတာဟာ သူ့ရဲ့စိတ်ကို အီဂျစ်လနတ်ဘုရား Khonshu က ကျူးကျော်ထားတာကြောင့်လို့ သိရပါတယ်။ Khonshu ဆီမှာတော့ သွင်ပြင်(၄)ခု ရှိနေပြီး Pathfinder ၊ Embracer ၊ Defender နဲ့ The Watcher of Overnight Travelers တို့ပဲ ဖြစ်ပါတယ်။

Marc ကတော့ Khonshu နဲ့ ဆက်သွယ်မှုကြောင့် ဖြစ်ပျက်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို ဖြေရှင်းဖို့အတွက် သူ့အလိုလို Personality တွေ ကွဲထွက်ကုန်တာလို့ ဆိုပါတယ်။ Marc ဟာ ငယ်ဘဝကတည်းက စိတ်ဒဏ်ရာရစရာ အဖြစ်ပျက်တွေကို ကြုံတွေ့ခဲ့ရပေမယ့်လည်း လနတ်ဘုရားနဲ့ ဆက်သွယ်မှုကြောင့် အခုလို ဖြစ်သွားရတာလို့ ဖော်ပြထားပါတယ်။ Marc ရဲ့ Personality (၅)ခုမှာ ဘယ်ဟာက ဘာကို ကိုးစားပြုတယ်ဆိုတာ မသိရပေမယ့်လည်း သေချာတာကတော့ Moon Knight Personality ဟာ The Watcher of Overnight Travelers ကို ကိုယ်စားပြုတာပဲ ဖြစ်ပါတယ်။

Marc Spector
photo via screenrant

Marc Spector ကတော့ Personality (၅)ခုထဲက မူလ Personality ဖြစ်ပါတယ်။ Marc ကိုတော့ ချီကာဂိုမြို့ရဲ့ ဆင်းရဲနွမ်းပါးတဲ့ ရပ်ကွက်တစ်ခုမှာ ဂျူးဘုန်းတော်ကြီးတစ်ပါးက ပြုစုပျိူးထောင်ပေးခဲ့တာ ဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့ အချိန်မှာတော့ သူဟာ မရိမ်းတပ်သားတစ်ဦး ဖြစ်လာပြီး သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေကို စစ်တပ်က သိသွားတဲ့အချိန်မှာတော့ စစ်တပ်က ထုတ်ခံလိုက်ရပါတယ်။

အဲဒီနောက်မှာတော့ သူဟာ CIA ထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်တစ်ခုကြာတဲ့အခါ Marc ဟာ CIA ကနေလည်း ထွက်လာခဲ့ပြီး တရားမဝင်တဲ့ တိုက်ပွဲတွေမှာ ပိုက်ဆံအတွက် တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီက အစပြုပြီး သူဟာ ကြေးစားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Marc ဟာ သူ့ရဲ့ကျွမ်းကျင်မှုတွေကို အသုံးပြုပြီး အာဖရိကတိုက်တခွင်မှာ လုပ်ကြံသတ်ဖြတ်မှုတွေရော၊ လူကယ်ထုတ်ရတဲ့ မစ်ရှင်တွေကိုပါ ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ မစ်ရှင်တစ်ခုမှာတော့ ဗီလိန်ဖြစ်သူ Raul Bushman ဟာ သူ့ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့ပြီး အီဂျစ်သဲကန္တာရထဲမှာ ပစ်ထားခဲ့ပါတယ်။

Marc ဟာ သေလောက်တဲ့ ဒဏ်ရာတွေ ရရှိထားပေမယ့်လည်း အီဂျစ်လနတ်ဘုရား Khonshu ရဲ့ အုတ်ဂူကို ရောက်သွားပြီး Khonshu ရဲ့ ရုပ်တုအောက်မှာပဲ သေဆုံးသွားပါတယ်။ အဲ့ဒီနောက်မှာတော့ Marc ရဲ့ ဝိဉာဉ်ဟာ Khonshu နဲ့ တွေ့ဆုံခဲ့ပြီး Khonshu ကတော့ Marc ကို သူ့ဆီမှာ ထာဝရအမှုထမ်းရင် အသက်ပြန်သွင်းပေးမယ်လို့ ကမ်းလှမ်းခဲ့ပြီး Marc ကလည်း သဘောတူခဲ့ပါတယ်။

Steven Grant
photo via screenrant

Steven Grant ကတော့ Marc ရဲ့ ပထမဆုံး ကွဲထွက်လာတဲ့ Personality တစ်ခု ဖြစ်ပြီး Moon Knight ရဲ့ ရာဇဝတ် တိုက်ဖျက်ရေးတွေနဲ့ အသုံးပြုတဲ့ လက်နက်တွေအတွက် ထောက်ပံ့ပေးနေတဲ့ မီလျံနာတစ်ယောက် ဖြစ်ပါတယ်။ Steven ဟာ ဒီလိုချမ်းသာလာဖို့အတွက် Marc ရဲ့ စုဆောင်းထားတဲ့ ငွေတွေကို အသုံးပြုပြီး စတော့ရှယ်ယာဈေးကွက်တွေမှာ ကစားခဲ့ပါတယ်။ မကြာသေးခင်က ထွက်ရှိထားတဲ့ ကောမစ်ထဲမှာတော့ Steven ဟာ ပိုချမ်းသာလာဖို့အတွက် ရုပ်ရှင်စတူဒီယိုတစ်ခုကိုတောင် တည်ထောင်ထားပါသေးတယ်။

Jake Lockley
photo via screenrant

ဒုတိယ Personality ကတော့ Jake Lockley ပဲ ဖြစ်ပြီး သူဟာ နယူးယော့ခ်မြို့ထဲက တက္ကဆီ ဒရိုင်ဘာတစ်ယောက် ဖြစ်ပါတယ်။ Jake ကတော့ မြို့ပြရဲ့ အန္တရာယ်ရှိနေတဲ့နေရာတွေမှာ ကျင်လည်နေသူတစ်ဦး ဖြစ်ပြီး မြေအောက်လောကရဲ့ သတင်းပေးသူတွေနဲ့ ဒုစရိုက်သမားတွေနဲ့လည်း အဆက်အသွယ် ရှိပါတယ်။ ဒီအချက်ကြောင့်ပဲ သူဟာ Moon Knight ရဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးမှာ အလွန်အရေးပါသူ ဖြစ်ပြီး Moon Knight လိုအပ်နေတဲ့ သတင်းအချက်အလက်တွေကို ရှာဖွေပေးနိုင်ပါတယ်။

Mr. Knight
photo via screenrant

Mr. Knight ကတော့ နောက်ဆုံးကျမှ ပေါ်ထွက်လာတဲ့ Personality တစ်ခု ဖြစ်ပြီး များသောအားဖြင့် Marc ရဲ့ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးပေးတဲ့ ဆရာဝန်အဖြစ်နဲ့ အကူအညီ လိုအပ်နေတဲ့ ပြည်သူတွေကို စကားပြောရတဲ့အချိန်မှာ ထွက်ပေါ်လာလေ့ ရှိပါတယ်။ Mr. Knight ကတော့ ချက်ချင်းပဲ ပရိသတ်တွေရဲ့ အကြိုက် ဖြစ်သွားပြီး သူ့ရဲ့ ဖက်ရှင်ဒီဇိုင်းကလည်း အလွန်ထူးခြားနေပါတယ်။ သူဟာ တစ်ကိုယ်လုံးကို အဖြူရောင်တွေပဲ ဝတ်ဆင်ထားပြီး မျက်နှာဖုံးမှာတော့ လခြမ်းပုံစံ အမှတ်အသား ပါဝင်ပါတယ်။

Moon Knight
photo via screenrant

Moon Knight ကတော့ Marc ရဲ့ Alter-Ego မဟုတ်ဘဲ သပ်သပ်ကွဲထွက်နေတဲ့ Personality တစ်ခု ဖြစ်ပါတယ်။ Moon Knight ကတော့ Khonshu ခိုင်းသမျှကို ထာဝရအတွက် လုပ်ပေးသွားမယ်လို့ ကျိန်ဆိုထားသူ ဖြစ်ပါတယ်။ သူဟာ ညဘက်တွေမှာ လှုပ်ရှားလေ့ရှိပေမယ့်လည်း အဖြူရောင်ဝတ်စုံကို ဝတ်ဆင်လေ့ရှိပါတယ်။

ဒီလိုဝတ်ဆင်ရတဲ့ အကြောင်းပြချက်ကတော့ သူ လာနေတာကို သူ့ရဲ့ ပြိုင်ဘက်က ညအချိန်မှာတောင် မြင်စေချင်လို့ပဲ ဖြစ်ပါတယ်။ သူဟာ Superhuman Strength ၊ Speed နဲ့ Durability တို့ ရှိပြီး လရောင်အောက်မှာဆိုရင် ပိုမိုအားကြီးလာကာ လပြည့်ညတွေမှာ အားအကြီးဆုံး ဖြစ်လာစေတဲ့ Lunar Strength လည်း ပိုင်ဆိုင်ထားပါသေးတယ်။

Moon Knight ကတော့ ရက်စက်ကြမ်းကြုတ်တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်တာကြောင့် တချို့ပရိသတ်တွေကတော့ ဒီဇာတ်ကောင်ဟာ Disney ရဲ့ ပုံစံနဲ့ မကိုက်ညီဘဲ ပြောင်းလဲမှုတွေ ပြုလုပ်သွားလိမ့်မယ်လို့ ယူဆနေကြပါတယ်။

သို့သော်လည်း ပရိသတ်တွေ Moon Knight ကို ကြိုက်နှစ်သက်တဲ့ အချက်ကတော့ သူ့ရဲ့ ကွဲထွက်နေတဲ့ Personality ကြောင့်လည်း ဖြစ်သလို ရက်စက်ကြမ်းကြုတ်တာကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ MCU ဟာ ဒီဇာတ်ကောင်ကို ဖန်တီးတဲ့အချိန်မှာ PG-13 ပုံစံမျိူးသာ ဖန်တီးသွားမယ်ဆိုရင်တော့ ပရိသတ်တွေအတွက် စိတ်ကျေနပ်မှု မရနိုင်လောက်ပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular