HomeEntertainmentFilmMoon Knight အပိုင်း(၃)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ (Breakdown)

Moon Knight အပိုင်း(၃)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ (Breakdown)

*** Spoiler Alert ***

Moon Knight အပိုင်း(၃)ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပြီး ဒီအပိုင်းထဲမှာတော့ ပရိသတ်တွေအတွက် ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်လာပါတယ်။ အဲဒါကတော့ Marc နဲ့ Steven တို့အပြင် နောက်ထပ် Identity တစ်ခုကိုလည်း အရိပ်အမြွက် ဖော်ပြသွားပြီး အဆုံးသတ်နားမှာလည်း Khonshu က ပြစ်ဒဏ်ပေးခြင်းကို ခံလိုက်ရပါသေးတယ်။ ဒီအပိုင်းထဲက စိတ်ဝင်စားစရာ အချက်တွေကိုတော့ အောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

(1) တက္ကစီပေါ်က ရေဒီယိုမှာ လာနေတဲ့ Moon Knight Soundtrack

photo via screenrant

Marc ဟာ Arthur တို့ တူးဖော်နေတဲ့ နေရာကို သိရဖို့အတွက် လိုက်လံစုံစမ်းနေတဲ့ အချိန်မှာပဲ Steven ဟာ လက်လွန်တာမျိူးတွေ ဖြစ်ကုန်မှာ စိုးရိမ်တာကြောင့် တက္ကစီငှားပြီး အနီးစပ်ဆုံး လေယာဉ်ကွင်းကို သွားခဲ့ပါတယ်။ လမ်းတစ်ဝက်မှာပဲ Marc ဟာ ပြန်လည် အသိဝင်ပါလာတယ်။ အဲ့ဒီအချိန် တက္ကစီရဲ့ ရေဒီယိုမှာ လာနေတဲ့ သီချင်းဟာ ဒီဇာတ်လမ်းတွဲရဲ့ Soundtrack ဖြစ်တဲ့ Batwanes Beek ပဲ ဖြစ်ပါတယ်။

(2) တတိယမြောက် Personality

photo via screenrant

ဒီအပိုင်းထဲမှာလည်း Marc နဲ့ Steven တို့အပြင် တတိယမြောက် Personality တစ်ခုကို အရိပ်အမြွက် ပြသသွားပါတယ်။ အဲဒါကတော့ Marc နဲ့ Steven တို့နှစ်ယောက်လုံးဟာ ရာဇဝတ်သား နှစ်ယောက်ကို သတ်ခဲ့တာကို မမှတ်မိဘဲ တစ်ယောက်နဲ့ တစ်ယောက် လွှဲချနေကြတာကို ပြသသွားတာပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ချေ ရှိတာကတော့ Jake Lockley ပဲ ဖြစ်ပြီး ကောမစ်ထဲမှာတော့ သူဟာ အလွတ်စုံထောက်တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ သူလိုချင်တဲ့ သတင်းရဖို့အတွက် လူတွေကို ရိုက်နှက်ဖို့လည်း ဝန်မလေးသလို Marc ထက်တောင် ပိုပြီးအကြမ်းဖက်တတ်သူ ဖြစ်ပါတယ်။ Jake ရဲ့ အကြောင်းကိုတော့ နောက်ထပ် စာတစ်ပုဒ်နဲ့ သီးသန့် ဖော်ပြပေးသွားပါမယ်။

(3) Black Panther 2 ထဲမှာ ပါဝင်လာနိုင်တဲ့ Hathor

photo via screenrant

Khonshu ဟာ အီဂျစ်နတ်ဘုရားတွေ ဖွဲ့စည်းထားတဲ့ Ennead တို့နဲ့ တွေ့ဆုံတဲ့အချိန်မှာ စီစဉ်ထားသလို ဖြစ်မလာဘဲ Ennead အဖွဲ့ဟာ Arthur ရဲ့ လှည့်စားမှုကို ယုံကြည်သွားကြပါတယ်။ Hathor ကတော့ ခြွင်းချက်ပဲ ဖြစ်ပြီး Marc ကို ကူညီဖို့ ကြိုးစားခဲ့ပါတယ်။ ကောမစ်ထဲမှာတော့ Hathor သို့မဟုတ် Hathor-Sekhmet ဟာ Wakanda ရဲ့ Panther God ဖြစ်တဲ့ Bast နဲ့ မောင်နှမတွေ ဖြစ်ကြပြီး Khonshu ကလည်း Bast နဲ့ ညီအစ်ကိုတွေ ဖြစ်ကြပါတယ်။ Hathor ကိုတော့ Wakanda မှာ Lion God လို့ ခေါ်ကြပြီး Black Panther ရဲ့ ရန်သူ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် Black Panther ရုပ်ရှင်ထဲမှာလည်း T’Challa ဟာ Hathor ကို Mention လုပ်ခဲ့ဖူးပါတယ်။

(4) ကောမစ်ထဲက ဇာတ်ကောင်လေးယောက်

photo via screenrant

ဒီအပိုင်းထဲမှာတော့ Hathor တစ်ယောက်တည်းတင် မဟုတ်ဘဲ တခြားအီဂျစ်နတ်ဘုရားတွေလည်း ပါဝင်ခဲ့ပြီး Horus ၊ Osiris ၊ Isis နဲ့ Tefnut တို့ကတော့ ကောမစ်ထဲမှာ ပထမဆုံး ပါဝင်ခဲ့သူတွေ ဖြစ်ပါတယ်။ Horus ၊ Osiris နဲ့ Isis တို့ကတော့ ၁၉၇၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ကောမစ်တွေထဲမှာ Thor နဲ့လည်း ပူးပေါင်းခဲ့ဖူးပါတယ်။ Thor: Love and Thunder ကလည်း ထွက်ရှိလာတော့မှာ ဖြစ်ပြီး ဘယ်လိုချိတ်ဆက်မှုတွေ ရှိလာဦးမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

(5) Senfu

photo via screenrant

Marc ကတော့ Hathor ရဲ့ အကြံပေးမှုကြောင့် Senfu ရဲ့ ခေါင်းတလားကို ရှာဖွေခဲ့ပါတယ်။ Senfu ကတော့ တကယ့် အပြင်လောကမှာ ရှိခဲ့တဲ့ Pharaoh Sneferu ကို အခြေခံကာ ပြန်လည် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ Pharaoh Sneferu ကတော့ ပိရမစ်ပေါင်းများစွာကို တည်ဆောက်ခဲ့သူ ဖြစ်တာကြောင့် ယခုလိုမျိူး Ammit ရဲ့ အုတ်ဂူကို ဖွက်ထားဖို့ တာဝန်ပေးခံရတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

(6) Jake Lockley

photo via screenrant

Senfu ရဲ့ ခေါင်းတလားကို ရှာဖွေနေတဲ့ အချိန်မှာတော့ Marc ဟာ လူတစ်ယောက်ကို အဲ့ဒီအကြောင်း မေးမြန်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Marc ရဲ့ မျက်နှာအနေအထားဟာ ပြောင်းလဲနေပြီး အသံနေ အသံထားကလည်း ပြောင်းလဲနေပါတယ်။ ဒါကြောင့်ပဲ ပရိသတ်အချို့ကတော့ ဒီဇာတ်ဝင်ခန်းမှာ စကားပြောနေတာဟာ Marc မဟုတ်ဘဲ Jake ဖြစ်နေလိမ့်မယ်လို့ ယူဆနေကြပါတယ်။ Layla နဲ့ တွေ့ဆုံတဲ့ အချိန်ကျမှပဲ Jake ဟာ Marc ကို ပြန်လည် ထိန်းချုပ်ခွင့်ပေးလိုက်တာ ဖြစ်နိုင်တယ်လို့လည်း ဆိုနေကြပါတယ်။

(7) Bek

photo via screenrant

ပြီးခဲ့တဲ့ အပိုင်းတွေတုန်းကလည်း ဒီဇာတ်လမ်းတွဲဟာ ကောမစ်ထဲက ဇာတ်ကောင်တွေကို အနည်းငယ် ပြောင်းလဲမှုတွေ ပြုလုပ်ကာ ထည့်သွင်းထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအပိုင်းထဲမှာတော့ Anton Mogart ရဲ့ သက်တော်စောင့်ဖြစ်တဲ့ Bek ဟာလည်း ကောမစ်ထဲက ဇာတ်ရန် ဗီလိန်တစ်ယောက် ဖြစ်တဲ့ Kareesh-Bek ကို ပြန်လည် ဖန်တီးထားတာ ဖြစ်ပါတယ်။

(8) Madripoor

photo via screenrant

Bek ဟာ Marc နဲ့ Layla တို့ကို Anton ဆီ ခေါ်လာတဲ့ အချိန်မှာတော့ Layla နဲ့ Anton တို့ Madripoor မြို့မှာ တွေ့ဆုံဖို့ ကြိုးစားခဲ့တာကို ပြောပြခဲ့ပါတယ်။ Madripoor မြို့ကတော့ The Falcon and the Winter Soldier ဇာတ်လမ်းတွဲထဲမှာ စတင်ပါဝင်ခဲ့ပြီး ဉပဒေမရှိဘဲ ရာဇဝတ်သားတွေ နေထိုင်တဲ့ မြို့တော်တစ်ခုလည်း ဖြစ်ပါတယ်။ Layla နဲ့ Anton တို့ နှစ်ယောက်လုံးဟာ တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်စားကြတာကြောင့် ဒီမြို့နဲ့ အဆက်အသွယ်ရှိနေတာတော့ အထူးအဆန်း မဟုတ်ပါဘူး။

(9) Midnight Man

photo via screenrant

လူတွေပြောနေကြသလိုပဲ Moon Knight ဟာ Marvel ရဲ့ Batman ဆိုရင်တော့ Midnight Man ဟာ Joker ပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Anton ဟာ အနုပညာပစ္စည်းတွေ ခိုးယူတဲ့ ကျွမ်းကျင်သူခိုးတစ်ယောက် ဖြစ်ပြီး Moon Knight ကို လက်စားချေဖို့ ကြိုးစားနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာ ဝတ်စုံဝတ် ဗီလိန်တစ်ယောက် ဖြစ်ပြီး Midnight Man ဖြစ်လာပါတယ်။

(10) ကောမစ်ထဲက Layla ရဲ့ နောက်ကြောင်း

photo via screenrant

ဒီအပိုင်းထဲမှာတော့ Layla တစ်ယောက် နိုင်ငံကူးလက်မှတ် ပြုလုပ်နေတဲ့ ဇာတ်ဝင်ခန်းထဲမှာ သူမရဲ့အဖေဟာ ရှေးဟောင်း တူးဖော်ရေးတစ်ခုမှာ သေဆုံးသွားတယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲ့ဒီနောက် သူမဟာ Senfu ရဲ့ ခေါင်းတလားရှိရာကို လာတဲ့အချိန်မှာလည်း သူမဖခင်ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး Marc က တစ်ခုခု သိနေတယ်လို့ Arthur က ပြောလိုက်ပါတယ်။

ကောမစ်ထဲမှာတော့ Marc ဟာ Marlene Alraune (Layla ရဲ့ ကောမစ်ဗားရှင်း)နဲ့ ရှေးဟောင်း တူးဖော်ရေးတစ်ခုမှာ စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ Marc ကတော့ ကြေးစားတချို့နဲ့အတူ အဲ့ဒီတူးဖော်ရေးကို တိုက်ခိုက်ခဲ့ပြီး Layla ရဲ့ အဖေဟာလည်း အဲ့ဒီတိုက်ခိုက်မှုမှာပဲ သေဆုံးသွားပါတယ်။ ဒါပေမယ့်လည်း Marc ဟာ Layla ကို ဝင်ရောက် ကာကွယ်ပေးခဲ့ပြီး ဒီဇာတ်လမ်းတွဲထဲမှာလည်း Layla ရဲ့ နောက်ကြောင်းကို ကောမစ်ထဲကအတိုင်း အနီးစပ်ဆုံး ပုံဖော်သွားမယ်လို့ ယူဆရပါတယ်။

ဒါကတော့ Moon Knight ဇာတ်လမ်းတွဲ အပိုင်း(၃)ထဲက စိတ်ဝင်စားစရာအချက်တွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular