HomeCharacterထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ Morbius ရဲ့ စွမ်းအားများနဲ့ ကောမစ်ထဲက စွမ်းအား နှိုင်းယှဉ်ချက်

ထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ Morbius ရဲ့ စွမ်းအားများနဲ့ ကောမစ်ထဲက စွမ်းအား နှိုင်းယှဉ်ချက်

Jared Leto သရုပ်ဆောင်ထားတဲ့ Morbius ရုပ်ရှင်ရဲ့ ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပါတယ်။ Morbius ဟာ မူလက Spider-Man ရဲ့ ဗီလိန်တစ်ယောက် ဖြစ်ပြီး နောက်ပိုင်းမှာတော့ Anti-Hero ပုံစံမျိူး ဖြစ်လာခဲ့ပါတယ်။

ဒီထွေလာထဲမှာတော့ Morbius ရဲ့ သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားတဲ့ပုံစံတွေကို သေချာမြင်တွေ့ခဲ့ရသလို သူ့ရဲ့ စွမ်းအားတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီတစ်ခါမှာတော့ ထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ သူ့ရဲ့ စွမ်းအားတွေနဲ့ ကောမစ်ထဲက စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

ခွန်အားနဲ့ လျင်မြန်မှု
photo via screenrant

ထွေလာထဲမှာ Morbius ပထမဆုံး ပြောပြခဲ့တဲ့ စွမ်းအားကတော့ သာမန်လူတွေထက် ထူးကဲတဲ့ ခွန်အားနဲ့ လျင်မြန်မှုတွေပဲ ဖြစ်ပါတယ်။ ဒီနှစ်ချက်ကတော့ သွေးစုပ်ဖုတ်ကောင် ဇာတ်လမ်းတိုင်းမှာ ပါဝင်တတ်တဲ့အချက် ဖြစ်ပြီး ကောမစ်ထဲက Morbius ကလည်း ဒီအစွမ်းကို ပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့်လည်း သူဟာ နေ့ခင်းပိုင်းမှာဆိုရင်တော့ ပုံမှန်ထက် အားနည်းနေတယ်လို့ ပြောသွားပါတယ်။ Morbius ဟာ တကယ့် သွေးစုပ်ဖုတ်ကောင်အစစ် မဟုတ်တာကြောင့် နေရောင်ဟာ သူ့ကို မသေစေနိုင်လောက်ဘဲ အားနည်းရုံလောက်ပဲ ဖြစ်စေမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် ဒီအချက်ကြောင့်ပဲ ဒီရုပ်ရှင်ဟာ MCU ရဲ့ Blade ရုပ်ရှင်ကို Setup ပြုလုပ်သွားနိုင်ပါတယ်။

Bat Radar
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Morbius ရဲ့ ပတ်ပတ်လည်မှာ Energy တစ်ခုဟာ ဖြာထွက်နေသလို မြင်တွေ့ခဲ့ရပါတယ်။ တကယ့်လင်းနို့တွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်ကို သိရှိဖို့အတွက် အသံလှိုင်းတွေ ထုတ်လွှတ်ကာ သွားလာကြသလို Morbius ရဲ့ Bat Radar ကလည်း အလားတူပဲ ဖြစ်ပါတယ်။

လင်းနို့တွေထုတ်တဲ့ အသံလှိုင်းတွေကတော့ လူသားတွေ မကြားနိုင်တဲ့ အသံလှိုင်းတွေ ဖြစ်ပြီး Morbius ရဲ့ ပတ်ပတ်လည်မှာ မြင်တွေ့ခဲ့ရတဲ့ Energy လိုအရာတွေကတော့ အဲ့ဒီအသံလှိုင်းတွေ ဖြစ်နေနိုင်ပါတယ်။ ဒီစွမ်းအားကို အသုံးပြုနိုင်ဖို့အတွက်ဆိုရင်တော့ အကြားအာရုံအပါအဝင် Morbius ရဲ့ အာရုံခံစားနိုင်စွမ်းတွေဟာ လူသားတွေထက် များစွာ ကျော်လွန်နေရမှာ ဖြစ်ပါတယ်။ ဒီစွမ်းအားကိုလည်း ကောမစ်ထဲက Morbius မှာ ပိုင်ဆိုင်ထားပါတယ်။

Night Vision
photo via screenrant

ကောမစ်ထဲက Morbius ကတော့ အကြားအာရုံတစ်ခုတည်း အားကောင်းတာ မဟုတ်ဘဲ သူ့ရဲ့ အမြင်အာရုံကလည်း ညဘက်မှာတောင် သေချာမြင်တွေ့နိုင်စွမ်း ရှိပါတယ်။ ထွေလာထဲမှာတော့ ဒီအချက်ကို သေချာမပြသွားပေမယ့် ဖြစ်နိုင်တဲ့အချက်တော့ ပါဝင်ခဲ့ပါတယ်။ မှောင်မည်းနေတဲ့ လှိုဏ်ခေါင်းထဲကို ရောက်သွားတဲ့အချိန်မှာတော့ သူ့ရဲ့ မျက်လုံးတွေဟာ ပုံစံပြောင်းလဲသွားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအချက်ဟာ Morbius ရဲ့ အမြင်အာရုံ အားကောင်းတာကို ဖော်ပြထားတာ ဖြစ်နိုင်ပါတယ်။

လေဟုန်စီးခြင်း
photo via screenrant

ရထားလှိုဏ်ခေါင်းထဲမှာတော့ Morbius ဟာ ရထားပေါ်က ခုန်ချပြီး လေဟုန်စီးသွားတာကို မြင်တွေ့ခဲ့ရပါတယ်။ ကောမစ်ထဲမှာတော့ Morbius ဟာ သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားချိန်မှာ သူ့ရဲ့ အရိုးတွေက အခေါင်းပေါက်တွေ ဖြစ်သွားတာကြောင့် အခုလို လေဟုန်စီးနိုင်တာပါလို့ ရှင်းပြထားပါတယ်။ ရုပ်ရှင်ထဲမှာတော့ ဘယ်လိုအကြောင်းပြချက်မျိူး အသုံးပြုပြီး ရှင်းပြမလည်းဆိုတာ မသိရသေးပါဘူး။

လင်းနို့တွေကို ထိန်းချုပ်နိုင်ခြင်း
photo via screenrant

Morbius ရဲ့ Live Action ဗားရှင်းကတော့ ကောမစ်နဲ့ အတော်လေး ဆင်တူပေမယ့်လည်း ဒီတစ်ခုမှာတော့ ကွာခြားသွားပါပြီ။ ဒီထွေလာရဲ့ အဆုံးသတ်နားမှာတော့ Morbius ရဲ့ ပတ်ပတ်လည်မှာ လင်းနို့တွေ ပျံသန်းနေတာ တွေ့ရပြီး ဒီပုံစံအတိုင်း ဆိုရင်တော့ သူဟာ လင်းနို့တွေကို ထိန်းချုပ်နေတဲ့ပုံစံ ဖြစ်နေပါတယ်။ သွေးစုပ်ဖုတ်ကောင်တွေက လင်းနို့တွေကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ အချက်ဟာ ရုပ်ရှင်အများစုမှာ ပါဝင်ကြပေမယ့်လည်း ကောမစ်ထဲက Morbius ကတော့ ဒီလို လုပ်ဆောင်နိုင်စွမ်း မရှိပါဘူး။

ကောမစ်ထဲက စွမ်းအားများ
photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Morbius Live Action ဗားရှင်းဟာ ကောမစ်ဗားရှင်းနဲ့ အတော်လေးကို ဆင်တူနေပါတယ်။ ဒါပေမယ့်လည်း ကောမစ်ဗားရှင်းမှာ အသုံးပြုနိုင်တဲ့ တချို့စွမ်းအားတွေကိုတော့ ဒီထွေလာထဲမှာ မမြင်တွေ့ခဲ့ရပါဘူး။

အဲ့ဒီထဲက တစ်ခုကတော့ ဒဏ်ရာတွေကို အမြန်ပြန်လည်ကုသနိုင်စွမ်း ဖြစ်ပြီး ဒီအချက်ဟာ သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းတိုင်းမှာ ပါဝင်တဲ့ အချက်လည်း ဖြစ်ပါတယ်။ Morbius ရဲ့ အန္တရာယ်အများဆုံး စွမ်းအားကတော့ စိတ်ညှို့နိုင်တဲ့အစွမ်းပဲ ဖြစ်ပြီး Spider-Man ကိုတောင် အချိန်ခဏတာ ထိန်းချုပ်ထားနိုင်ပါတယ်။ ဒီထွေလာထဲမှာတော့ အဲ့ဒီစွမ်းအားနှစ်ခုလုံးကို မမြင်တွေ့ခဲ့ရပေမယ့် တကယ့်ရုပ်ရှင်ထဲမှာတော့ ပါဝင်လာနိုင်ပါသေးတယ်။

ဒါကတော့ Morbius ထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေအရ ရုပ်ရှင်မှာ မြင်တွေ့ရနိုင်တဲ့ Morbius ရဲ့ စွမ်းအားတွေအကြောင်းကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ယခုလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular