HomeCharacterကောမစ်ထဲက စွမ်းအားအကြီးဆုံး ရှေ့နေများ

ကောမစ်ထဲက စွမ်းအားအကြီးဆုံး ရှေ့နေများ

လောလောဆယ်မှာတော့ She-Hulk ဇာတ်လမ်းတွဲ ထွက်ရှိနေပြီး ဒီဇာတ်လမ်းတွဲထဲမှာတော့ Daredevil လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Daredevil ဟာလည်း Disney+ မှာ ကိုယ်ပိုင်ဇာတ်လမ်းတွဲ ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးကတော့ Marvel ကောမစ်ထဲက နာမည်ကြီးဇာတ်ကောင်တွေ ဖြစ်ကြသလို နာမည်ကျော်ရှေ့နေတွေလည်း ဖြစ်ကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Marvel ၊ DC အစရှိတဲ့ ကောမစ်တွေထဲက စွမ်းအားအကြီးဆုံး ရှေ့နေဇာတ်ကောင်အချို့ကို ဖော်ပြပေးချင်ပါတယ်။

Beetle II (Marvel)

photo via screenrant

Beetle II တဖြစ်လည်း Lady Beetle ကတော့ ဗီလိန်တစ်ယောက် ဖြစ်သလို Janice Lincoln ဆိုတဲ့ နာမည်ကြီး ရှေ့နေတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့အဖေကလည်း Tombstone (ခေါ်) Lonnie Lincoln ဆိုတဲ့ ဗီလိန်တစ်ယောက် ဖြစ်ပါတယ်။ Janice ဟာ မိသားစုအလုပ်ထဲမှာ ပါဝင်ချင်တဲ့အကြောင်း ဖခင်ဖြစ်သူ Lonnie ကို ပြောတဲ့အချိန်မှာ သူဟာ သမီးဖြစ်သူကို ဗီလိန်တစ်ယောက်အစား ရှေ့နေ ဖြစ်လာစေခဲ့ပါတယ်။

တကယ်တော့ Lonnie ဟာ သူ့သမီးကို ဗီလိန် မဖြစ်စေချင်တာကြောင့် မဟုတ်ဘဲ ရှေ့နေတစ်ယောက်ဟာ ဗီလိန်တစ်ယောက်ထက် အလွယ်တကူ ပိုက်ဆံပိုရနိုင်တယ်လို့ ယုံကြည်တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Janice ဟာ ဗီလိန်တစ်ယောက် ဖြစ်ရတဲ့ စိတ်လှုပ်ရှားမှုကို လိုချင်တာကြောင့် Beetle Armor ကို ဝတ်ဆင်ခဲ့ပါတယ်။ အဲဒီဝတ်စုံကတော့ Spider-Man နဲ့တောင် ယှဉ်ချနိုင်စွမ်း ရှိပါတယ်။

Multiple Man (Marvel)

photo via screenrant

James Madrox တဖြစ်လည်း Multiple Man ဟာ Mutant တစ်ယောက် ဖြစ်ပြီး ရှေ့နေစစ်စစ်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း သူဟာ သူ့ရဲ့ကိုယ်ပွားတစ်ယောက်ကို ဥပဒေကျောင်းတက်စေခဲ့ပြီး ကိုယ်ကျိူးအတွက် အသုံးချခဲ့ပါတယ်။ အဲဒီကိုယ်ပွားကတော့ Entertainment လောကမှာ နာမည်ကြီး ရှေ့နေတစ်ယောက် ဖြစ်လာပါတယ်။ အဲဒီအချိန်ကစပြီး ကိုယ်ပွားဟာ Matt Rocks ဆိုတဲ့ Celebrity ရှေ့နေတစ်ယောက်အဖြစ် သူ့ကိုယ်သူ သတ်မှတ်ခဲ့ပါတယ်။ James Madrox ဟာ သူ့ရဲ့ကိုယ်ပွားတွေကို သူ့အနားမှာ ထားလေ့ရှိပေမယ့်လည်း Matt Rocks ကတော့ အသုံးဝင်တာကြောင့် သူ့ရဲ့ကိုယ်ပိုင်ဘဝနဲ့ နေထိုင်စေခဲ့ပါတယ်။

Manhunter II (DC)

photo via screenrant

Kate Spencer ကတော့ Manhunter ဆိုတဲ့ နာမည်ကို ခံယူခဲ့တဲ့ ဒုတိယမြောက်ဇာတ်ကောင် ဖြစ်ပါတယ်။ ပထမ Manhunter ကတော့ သူမရဲ့အဖေပဲ ဖြစ်ပြီး သူကတော့ အဲဒီနာမည်နဲ့ ဗီလိန်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း Kate ကတော့ ဒီနာမည်ကို ခံယူပြီး ဟီးရိုးအဖြစ် နေထိုင်ခဲ့ပါတယ်။

သူမဟာ Birds of Prey အဖွဲ့နဲ့ မကြာခဏ ပူးပေါင်းခဲ့ပြီး Justice League နဲ့တောင် ပူးပေါင်းခဲ့ဖူးပါသေးတယ်။ သူမကတော့ ဘာစွမ်းအားမှ မရှိပေမယ့်လည်း ကိုယ်ခံပညာကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ကိုယ်ခံပညာချင်း ယှဉ်ရင်တော့ Wonder Woman နဲ့တောင် သိပ်မကွာလှပါဘူး။ ဒါ့အပြင် Doctor Psycho ရဲ့ စိတ်ထိန်းချုပ်မှုကို တောင့်ခံနိုင်တဲ့အထိလည်း စိတ်ဓာတ်ပြင်းထန်ပါတယ်။

Earth-Two Robin (DC)

photo via screenrant

ဒီ Universe ထဲမှာတော့ Dick Grayson ဟာ Nightwing ဖြစ်မလာဘဲ Robin အဖြစ်နဲ့ပဲ နေထိုင်ခဲ့ပါတယ်။ အကြောင်းကတော့ သူဟာ Bruce Wayne နဲ့ ပြဿနာတက်ခဲ့တာမျိူးတွေ မရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ သူဟာ နောက်ပိုင်းမှာတော့ ရှေ့နေတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Daredevil (Marvel)

photo via screenrant

Matt Murdock ကတော့ ကောမစ်သမိုင်းထဲက နာမည်အကြီးဆုံး ရှေ့နေတစ်ယောက်ပဲ ဖြစ်ပါတယ်။ Matt Murdock ဟာ Daredevil အနေနဲ့ ဟီးရိုးကောင်းတစ်ယောက် ဖြစ်သလို ရှေ့နေကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ Matt ဟာ အမြင်အာရုံ ချို့ယွင်းနေပေမယ့်လည်း သူ့ရဲ့အကြားအာရုံကတော့ သာမန်လူတွေထက်များစွာ ကောင်းမွန်ပါတယ်။ ဒီစွမ်းရည်ကတော့ သူ့အတွက် Daredevil အနေနဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာရော၊ ရှေ့နေအဖြစ် ဆောင်ရွက်နေတဲ့ အချိန်မှာပါ ကောင်းကျိုးတွေများစွာ ရရှိစေပါတယ်။

She-Hulk (Marvel)

photo via screenrant

Marvel ကောမစ်ရဲ့ ဒုတိယမြောက် နာမည်အကြီးဆုံး ရှေ့နေဖြစ်တဲ့ Jennifer Walters ကတော့ လောလောဆယ်မှာ Disney+ ကနေ Live Action ဇာတ်လမ်းတွဲ ထွက်နေပြီ ဖြစ်ပါတယ်။ Jennifer ကတော့ She-Hulk မဖြစ်ခင် အချိန်ကတည်းက အောင်မြင်တဲ့ ရှေ့နေတစ်ယောက် ဖြစ်နေတာပါ။ သူမဟာ ဉာဏ်ရည်ကောင်းပေမယ့်လည်း ရုပ်ပိုင်းဆိုင်ရာမှာတော့ အားနည်းပြီး ချူချာတာကြောင့် သူမဟာ အမြဲတမ်း သန်မာတဲ့သူတစ်ယောက် ဖြစ်ချင်ခဲ့ပါတယ်။ She-Hulk အဖြစ် ပြောင်းလဲသွားပြီး နောက်မှာတော့ သူမရဲ့ ဆန္ဒတွေဟာ ပြည့်ဝသွားပါတော့တယ်။ ဒါ့အပြင် သူမဟာ ရှေ့နေမဖြစ်ခင်တုန်းကတော့ Dancer တစ်ယောက် ဖြစ်ချင်ခဲ့ပါတယ်။

Icon (Milestone Comics)

photo via screenrant

သူကတော့ Milestone Comics ရဲ့ Superman ဗားရှင်းပဲ ဖြစ်ပါတယ်။ အခြားဂြိုဟ်တစ်ခုကနေ ယာဉ်ပျံအသေးနဲ့ ကမ္ဘာပေါ်ကို ကျလာခဲ့ပြီး ဒီယာဉ်ပျံလေးဟာ စီးနင်းသူတွေရဲ့ပုံစံကို ယာဉ်ပျံအနား ပထမဆုံး ရောက်လာတဲ့ သက်ရှိပုံစံအတိုင်း ပြောင်းလဲပေးပါတယ်။ ပထမဆုံး ရောက်လာသူကတော့ အာဖရိကန်-အမေရိကန် အမျိူးသမီးတစ်ယောက် ဖြစ်ပါတယ်။ သူစီးနင်းလာတဲ့ ယာဉ်ပျံလေးကတော့ ၁၈၃၉ ခုနှစ်မှာ ဝါခင်းတစ်ခုထဲကို ကျရောက်ခဲ့ပါတယ်။ ကြီးပြင်းလာတဲ့ အချိန်မှာတော့ သူဟာ Union Soldier ဖြစ်လာပြီး စစ်ပွဲကြီး ပြီးဆုံးသွားတဲ့ အချိန်မှာတော့ ဥပဒေလောကထဲကို ဝင်သွားပါတယ်။

Singularity Jain (DC)

photo via screenrant

Singularity Jain ကလည်း အောင်မြင်တဲ့ ရှေ့နေတစ်ယောက် ဖြစ်ပြီး သူမကိုတော့ Living Black Hole လို့တောင် ခေါ်ဆိုကြပါတယ်။ သူမရဲ့မျိူးနွယ်ဖြစ်တဲ့ Motophagus ကတော့ Universe ရဲ့ Gravity Force တွေရဲ့ သက်ရှိပုံစံပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမရဲ့ စွမ်းအားတွေကတော့ စိတ်ဒဏ်ရာရနေသူတွေအပေါ်မှာပဲ သက်ရောက်မှု ရှိပါတယ်။ သူမရဲ့ အန္တရာယ်များတဲ့ စွမ်းအားကြောင့်လည်း Green Lantern တွေနဲ့ မကြာခဏ အခြေအတင် ဖြစ်ကြပါသေးတယ်။

Resurrection Man (DC)

photo via screenrant

Resurrection Man တဖြစ်လည်း Mitch Shelley ကတော့ DC Universe ထဲမှာ အောင်မြင်တဲ့ ရှေ့နေတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း သူဟာ Nano နည်းပညာနဲ့ မှော်ပညာတွေ ပေါင်းစပ်ထားတဲ့ စမ်းသပ်မှုတစ်ခုမှာ ပါဝင်ဖို့ အတင်းအကျပ် တွန်းအားပေးခံခဲ့ရပါတယ်။ ဒီစမ်းသပ်မှုကြောင့်ပဲ သူဟာ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတာကြောင့် သူ့ရဲ့မှတ်ဉာဏ်တွေကို ပြန်လည်ရရှိဖို့ ကြိုးစားရင်း ဟီးရိုးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

သူကတော့ နာမည်အတိုင်းပဲ အသတ်ခံရပြီး စက္ကန့်အနည်းငယ်အကြာမှာ ပြန်လည်ရှင်သန်နိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် သေဆုံးပြီး ပြန်လည်ရှင်သန်လာတိုင်းမှာလည်း အဲဒီသေဆုံးမှုနဲ့ ပတ်သက်တဲ့ စွမ်းအားတွေ ရရှိလာပါတယ်။ သူဟာ အကြိမ်ပေါင်းများစွာ အသတ်ခံခဲ့ရပြီး စွမ်းအားတွေများစွာလည်း ပိုင်ဆိုင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular