HomeCharacterDC ကောမစ်ထဲက အခိုင်မြဲဆုံး အချစ်ရေးကို ပိုင်ဆိုင်ထားကြတဲ့ စုံတွဲ(၇)တွဲ

DC ကောမစ်ထဲက အခိုင်မြဲဆုံး အချစ်ရေးကို ပိုင်ဆိုင်ထားကြတဲ့ စုံတွဲ(၇)တွဲ

အများအားဖြင့် ကောမစ်စာအုပ်တွေထဲက အချစ်ရေးတွေဟာ ခိုင်မြဲလေ့ မရှိဘဲ အမြဲတမ်းလိုလို ကွဲကွာသွားတဲ့ အဆုံးသတ်ကိုသာ ရရှိလေ့ ရှိပါတယ်။ ဒါဟာ ကောမစ်တွေရဲ့ စတိုင်လ်လို့တောင် ပြောလို့ရပါတယ်။ ကာရိုက်တာများစွာဟာ ပျော်ရွှင်စွာနဲ့ မင်္ဂလာဆောင်အပြီး မျက်စိတမှိတ်အတွင်းမှာတင် နှလုံးကြေကွဲရမယ့် အဖြစ်အပျက်တွေနဲ့ ကြုံရလေ့ ရှိကြပါတယ်။ သို့သော်လည်း ဒီဖော်မြူလာ မသက်ရောက်တဲ့ ကောမစ်စုံတွဲအချို့လည်း ရှိပါသေးတယ်။ DC ကောမစ်ထဲက အခိုင်မြဲဆုံး အချစ်ရေးကို ပိုင်ဆိုင်ထားကြတဲ့ စုံတွဲ(၇)တွဲကတော့ …

(1) Artemis နဲ့ Red-Hood (Jason Todd)

Image Credit: DC Comics

Red-Hood and the Outlaws (rebirth)ကောမစ်ထဲမှာဆိုရင် Jason Todd နဲ့ Artemis Grace တို့ကြားထဲက အချစ်ဇာတ်လမ်းဟာလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အစပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် သိပ်မယုံကြည်ကြပေမယ့်လည်း နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ သံယောဇဉ် ခိုင်မာလာကြပါတယ်။ အဲဒီနောက် ခံစားချက်တွေကို အပြန်အလှန် ဖွင့်ပြောပြီး သိပ်မကြာခင်မှာပဲ လူချင်းကွဲကွာသွားကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် ပြန်လည်ဆုံစည်းနိုင်ဖို့ ကြိုးစားခဲ့ကြသူတွေ ဖြစ်ပါတယ်။

(2) Animal Man (Buddy Baker) နဲ့ Ellen Frazier

Image Credit: DC Comics

Buddy Baker တဖြစ်လည်း Animal Man နဲ့ Ellen Frazier တို့ရဲ့ အချစ်ရေးကတော့ DC Universe ထဲက တခြားစုံတွဲတွေနဲ့ သိပ်မတူညီပါဘူး။ အကြောင်းကတော့ သူတို့နှစ်ယောက်ဟာ ယေဘူယျအားဖြင့် တည်ငြိမ်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားကြလို့ ဖြစ်ပါတယ်။

Buddy နဲ့ Ellen တို့ရဲ့ အချစ်ဇာတ်လမ်းဟာ အတိတ်မှာ မတူညီမှုတွေ ရှိခဲ့ကြပေမယ့် အထက်တန်းကျောင်းက ချစ်သူစုံတွဲဘဝကနေ လက်ထပ်ပြီးတဲ့ မောင်နှံတွေအဖြစ် တစိုက်မတ်မတ် ရေးသားပုံဖော်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကတော့ သာမန် မိရိုးဖလာ အိမ်ထောင်ရေးပုံစံမျိုးပါပဲ။ တစ်ဘက်က စူပါဟီးရိုးဘဝကို ပိုင်ဆိုင်ထားရင်း တစ်ဘက်မှာတော့ အိမ်ထောင်ရေးမှာလည်း မလစ်ဟင်းရအောင် အာရုံစိုက်နေရင်း သားသမီးတွေကိုပါ အတူတူ ပြုစုပျိုးထောင်ခဲ့ကြသူနှစ်ဦး ဖြစ်ပါတယ်။

(3) Bumblebee (Karen Duncan) နဲ့ Herald (Malcolm Duncan)

Image Credit: DC Comics

အပေါ်က စုံတွဲလိုပဲ Bumblebee နဲ့ Herald တို့အတွဲဟာလည်း စုံတွဲတွေအဖြစ် ရည်ရွယ်ပြီး ရေးသားပုံဖော်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။ ချစ်သူတွေအဖြစ်က လက်ထပ်ဖြစ်ခဲ့ကြပြီး Teen Titans အဖွဲ့ဝင်တွေအနေနဲ့ အခက်အခဲ‌တွေ ရင်ဆိုင်ခဲ့ကြရပေမယ့် ကလေးတစ်ယောက်တောင် ထွန်းကားပြီး အတူတူ ပြုစုပျိုးထောင်ခဲ့ကြပါသေးတယ်။

(4) Miss Martian နဲ့ Superboy (Conner Kent)

Image Credit: DC Comics

Young Justice ထဲမှာ မိတ်ဆက်ပေးခဲ့တဲ့ စုံတွဲအများစုဟာ နှစ်ကာလတွေ ကြာလာတာနဲ့အမျှ ကွဲကွာသွားသူတွေနဲ့ သေဆုံးသွားသူတွေ များပါတယ်။ သို့ပေမယ့် M’gann နဲ့ Conner တို့နှစ်ဦးကတော့ လမ်းခွဲရမယ့်အရေးကရော၊ သေခြင်းတရားကိုပါ ရှောင်တိမ်းနိုင်ခဲ့ကြပါတယ်။ သူတို့ရဲ့ဘဝတလျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို ကုစားနိုင်ဖို့ တစ်ယောက်နဲ့တစ်ယောက် ကူညီပေးရင်းကနေ ခိုင်မြဲအားကောင်းတဲ့ အချစ်ရေးတစ်ခု ဖြစ်လာခဲ့ပါတယ်။

(5) Liberty Bell (Jesse Chambers) နဲ့ Hourman (Rick Tyler)

Image Credit: DC Comics

ကောမစ်ထဲက စုံတွဲအများစုဟာ မတရားမှုတွေ၊ မှုခင်းတွေကို တိုက်ဖျက်ရတာနဲ့ ပုဂ္ဂိုလ်ရေးဘဝကို ဟန်ချက်မထိန်းနိုင်ဘဲ လမ်းခွဲပြတ်စဲကြရတာ များပါတယ်။ Jesse နဲ့ Rick တို့အတွဲကတော့ ဒီပြဿနာကို ဖြေရှင်းဖို့ နှစ်ယောက်စလုံး ပူးပေါင်းပြီး Justice Society of America အဖွဲ့ထဲကို ဝင်ရောက်ခဲ့ကြပါတယ်။

Jesse နဲ့ Rick တို့ကို အမြဲတမ်း တပူးတွဲတွဲ မမြင်ရပေမယ့် သူတို့ဟာ တစ်ယောက်ရဲ့ စွမ်းအားတွေအပေါ် ကျန်တစ်ယောက်က အပြည့်အဝ ယုံကြည်ထားပြီး အရေးကြုံရင် ဘေးမှာ အမြဲရှိနေကြသူတွေပါ။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ သူတို့ရဲ့အချစ်ကို ဦးစားပေးခဲ့ကြပြီး Jesse ဆီမှာ ကိုယ်ဝန်ရလာချိန်မှာတော့ စူပါဟီးရိုးအလုပ်ကနေ အနားယူခဲ့ကြပါတယ်။

(6) Flash (Wally West) နဲ့ Linda Park

Image Credit: DC Comics

အစပိုင်းမှာ နှစ်ယောက်သား သိပ်မနီးစပ်ကြပေမယ့် စူပါဟီးရိုးနဲ့ မှုခင်းသတင်းစုံထောက်အဖြစ် မကြာမကြာ တွေ့ဆုံရပြီးနောက်မှာတော့ တစ်ယောက်နဲ့တစ်ယောက် နှစ်သက်လာကြပါတယ်။ နောက်ပိုင်းမှာ သူတို့နှစ်ယောက်ဟာ လက်ထပ်ခဲ့ကြပေမယ့် သာမန်ဘဝနဲ့ နေထိုင်ဖို့ မဖြစ်နိုင်တာကြောင့် သူတို့အိမ်ထောင်ရေး ခိုင်မြဲအောင် အားတင်းခဲ့ကြရပါတယ်။

(7) Harley Quinn နဲ့ Poison Ivy

Image Credit: DC Comics

Harley နဲ့ Poison Ivy တို့ကတော့ တခြားကောမစ်စုံတွဲတွေထက်စာရင် သူတို့ကြားမှာ အတားအဆီးတွေ သိပ်မရှိတာကို တွေ့ရမှာပါ။ သူတို့နှစ်ယောက်ဟာ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် အတူတူ ရှိနေရရင် ပျော်ရွှင်နေကြသူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ ဇာတ်ကြောင်းတွေကြောင့် လူချင်းခွဲနေရတာမျိုး ရှိခဲ့ကြတာတောင် တစ်ယောက်ဆီတစ်ယောက် အမြဲတမ်း ပြန်လာကြသူတွေ ဖြစ်ပါတယ်။

ဒါကတော့ DC ကောမစ်ထဲက အခိုင်မြဲဆုံး အချစ်ရေးကို ပိုင်ဆိုင်ထားကြတဲ့ စုံတွဲတွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular